Latest News

Saturday, February 18, 2017

KNU တပ်မဟာ (၇) နယ်မြေအတွင်း DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်အကျအဆုံးရှိကြောင်း သိရ

KNU တပ်မဟာ (၇) နယ်မြေအတွင်း DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်အကျအဆုံးရှိကြောင်း သိရ


ကရင်ပြည်နယ် ဖာပွန်ခရိုင် လှိုင်းဘွဲ့မြို့နယ် ကြာအင်းရွာအနီး ခွားသခီးတောင်၊ ပန်းထော်မီး KNU တပ်မဟာ (၇) နယ်မြေအတွင်း DKBA ခွဲထွက်အဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက် နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်အကျအဆုံးနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက်ကပေါ့။ လှိုင်းဘွဲ့အလွန် ကြာအင်းရွာအနီး ခွားသခီးတောင်မှာ DKBA ခွဲထွက်အဖွဲ့က အင်အား ခုနစ်ယောက်မှ ၂၀ ယောက် လာရောက်ပစ်ခတ်တာ။ ခုတော့ BGF, KNU တပ်မဟာ ၇ နဲ့ မြန်မာစစ်တပ်တို့ ပြန်လည်ပူးပေါင်းပြီး နယ်မြေရှင်းလင်းနေပါတယ်” ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပန်းတော်မီရွာ KNU တပ်မဟာ ၇ နယ်မြေအတွင်း BGF နှင့် DKBA ခွဲထွက်အဖွဲ့ ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် DKBA ခွဲထွက်အဖွဲ့မှ ခြောက် ဦးကျဆုံးခဲ့ပြီး M.16 နှစ်လက်၊ ကာဘိုင် တစ်လက်၊ ၇၉ တစ်လက် စုစုပေါင်း သေနတ်လေးလက် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

“ခုတော့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေပေမယ့် သွားလမ်းလာလမ်းတွေမှာ မိုင်းထောင်တာတွေ၊ အဖျက်အမှောင့်တွေ လုပ်လာနေတော့ ရှင်းလင်းရဦးမှာပါ” နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးတစ်ဦးက ပြောကြားသည်။

နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပြီး လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းဒဏ်ရာရရှိသူများအား တောင်ကလေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် ကရင်ပြည်နယ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် KNU၊ DKBA၊ KNU/KNLA(PC) အဖွဲ့တို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့သော်လည်း သဘောထား မတိုက်ဆိုင်သည့် DKBA ခွဲထွက်အဖွဲ့နှင့် နယ်ခြားစောင့်တပ်၊ တပ်မတော်စစ်ကြောင်းတို့ ၂၀၁၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက မဲသဝေါဒေသတွင် စစ်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်။

မဲသဝေါဒေသတွင် နှစ်ပတ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မဲသဝေါဒေသ ၀န်းကျင်ကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် အိုးအိမ်၊ လယ်ယာများကို စွန့်ခွာပြီး စစ်ဘေးဒုက္ဒသည်အဖြစ် လေးလကျော်သည့်တိုင် မြိုင်ကြီးငူတွင် ခိုလှုံနေရဆဲဖြစ်သည်။

ကျေးရွာသားများ နေရပ်သို့ ပြန်သွားသူများ ရှိသော်လည်း မိုင်းနင်းဒဏ်ရာရသူ၊ သေဆုံးသူများ ရှိခြင်းကြောင့် နေရပ်ရွာသို့ မပြန်ရဲကြချေ။ နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး ဆောင်ရွက်ရန် လိုအပ်နေချိန်တွင် ယခုတစ်ဖန် ဖေဖော်ဝါရီ ၁၈ ရက် နံနက်က တိုက်ပွဲပြန်လည် ဖြစ်ပွားခြင်းမှာ စစ်ဘေးသင့်ပြည်သူများကို စိုးရိမ်မှု ပိုမိုဖြစ်စေခဲ့သည်ဟု ဆိုသည်။

မြိုင်ကြီးငူဒေသတွင် ခိုလှုံနေရသည့် စစ်ဘေးကြောင့် ရှောင်ပြေးလာရသူ ၅၀၀၀ ကျော်မှာ ရက်၊ လကြာမြင့်လာသည်နှင့်အမျှ စားရေးသောက်ရေး အခက်အခဲများစွာ ဖြစ်လျက်ရှိသည်။


ကိုရွှေသိန်း (မြ၀တီ)

Eleven Media Group

No comments:

Post a Comment