Latest News

Sunday, February 19, 2017

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဆီယံနိုင်ငံများ၌ ကျင်းပခွင့်ရရန် ကြိုးပမ်း မှုအား FIFA ဥက္ကဋ္ဌ ထောက်ခံ

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အာဆီယံနိုင်ငံများ၌ ကျင်းပခွင့်ရရန် ကြိုးပမ်း

မှုအား FIFA ဥက္ကဋ္ဌ ထောက်ခံ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအား အာဆီယံနိုင်ငံများ၌ ကျင်းပခွင့်ရရှိရန် ကြိုးပမ်းနေမှုအား ထောက်ခံခဲ့ကြောင်း သိရသည်။

အင်ဖန်တီနိုသည် ဖေဖော်ဝါရီ ၁၇ ရက်ကပြုလုပ်ခဲ့သည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာတွင် အာဆီယံနိုင်ငံများ၏ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရန် ကြိုးပမ်းနေမှုအား ထောက်ခံပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၌ကျင်းပသည့် AFF ကောင်စီ အစည်းအဝေးတွင် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအား အာဆီယံနိုင်ငံများက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆွေးနွေးခဲ့သည်။

AFF ဒုဥက္ကဋ္ဌနှင့် MFF ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က “AFF ကောင်စီအစည်းအဝေးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာဆီယံနိုင်ငံတွေက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ ဆွေးနွေးခဲ့ပါတယ်။ FIFA အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းအထိ တိုးမြှင့်ကျင်းပ မှာဖြစ်တာကြောင့် ကျွန်တော်တို့ အာဆီယံနိုင်ငံတွေအနေနဲ့လည်း  ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရဖို့ မျှော်လင့်ချက်ရှိပါတယ်”  ဟု ပြောကြားသည်။

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက “အာဆီယံနိုင်ငံတွေရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ကို ထောက်ခံပါတယ်။ တစ်နိုင်ငံတည်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရဖို့ဆိုရင် ခက်ခဲနိုင်ပေမယ့် နိုင်ငံအများစုမှာ ပူးတွဲအိမ်ရှင်အနေနဲ့ ကျင်းပမယ်ဆိုရင်တော့ မဖြစ်နိုင်စရာမရှိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းတိုင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိပါတယ်” ဟု ပြောကြားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှနိုင်ငံများအနက် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံက ၂၀၀၂ ပြိုင်ပွဲတွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက ကျင်းပခွင့် ရရှိထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment