Latest News

Monday, February 6, 2017

Engine Coolant

Engine Coolant



နောက်ပိုင်း ခေတ်ပေါ်ကားတွေရဲ့ အင်ဂျင်အအေးပေး စနစ်မှာ ရေတိုင်ကီ (Radiator) ထဲကို ရေအစား ပြောင်းလဲသုံးစွဲနေတဲ့ Coolant ဆေးရည်ဟာ ဘယ်လိုအသုံးပြုရတာလဲ။ သူက ဘာတွေအသုံးဝင်လဲဆိုတာ စာဖတ်ပရိသတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Coolant  အသုံးဝင်ပုံ

အင်ဂျင်သက်တမ်းရှည်အောင် ထိန်းသိမ်းပေးပါတယ်။
ကားအင်ဂျင်တစ်လုံးအတွက် အင်ဂျင်ဝိုင်ပြီးရင် ဒုတိယအရေးကြီးဆုံး ဖြစ်ပါတယ်။
Japan used cars တွေ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း ဒေါင်ဒေါင်မြည် ကောင်းနေကြပေမယ့် နောက်ပိုင်း အရင်ကအတိုင်း ရေကိုပဲ ပြန်သုံးကြတဲ့အခါမှာ ထူးခြားချက်တွေကို သိလာကြမှာပါ။
မြန်မာနိုင်ငံမှာ Coolant ရဲ့ ကောင်းကျိုးကို သိတဲ့သူ နည်းကြပါတယ်။
ဒါကြောင့် UN နဲ့ သံရုံးတွေက ကားတွေမှာသာ Coolant အရည်ကို စနစ်တကျ သုံးစွဲနေကြပါတယ်။

Coolant ဆိုတာ
ကားအင်ဂျင်ရဲ့ အအေးပေးစနစ်ကို လေနဲ့သော် လည်းကောင်း ရေနဲ့သော် လည်းကောင်း စနစ်နှစ်မျိုးနဲ့ ပေးရပါတယ်။ Volkswagen နဲ့ Mazda B600 ကားတွေက လေနဲ့အအေးပေးရပါတယ်။ ကျန်ကား အတော်များများကတော့ ရေနဲ့ အအေးပေးရပါတယ်။
Air Cooling System နဲ့ Water Cooling System ဆိုပြီး ရှိပါတယ်။
Water Cooling System ရေတိုင်ကီပါတဲ့ ကားများကို အခုအခါမှာ ရေထည့်မသုံးတော့ပါဘူး။
Coolant ဆိုတဲ့ ဓာတုဗေဒဆေးရည် တစ်မျိုးကို သုံးထားပါတယ်။ ဓာတုဗေဒ အခေါ်ကတော့ အီသိုင်လင်းဂလိုင်ကောလို့ ခေါ်ပါတယ်။
Coolant မှာလည်း အဆင့်သတ်မှတ်ချက်တွေ အမျိုးမျိုး ရှိပါသေးတယ်။ ဒေသအလိုက်၊ ရာသီဥတုအလိုက် ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဥပမာ - အင်ဂျင်ဝိုင်တွေလိုပဲ ကွဲပြားစွာ အသုံးပြုရပါတယ်။
အနီရောင်၊ အပြာရောင်၊ အစိမ်းရောင်ဆိုပြီး ရှိပါတယ်။
ဒါပေမဲ့ Coolant ကို အခုနောက်ပိုင်း မော်ဒယ်လ်မြင့်ကားတွေ များများရောက်လာမှ စိတ်ဝင်စားလာကြတာပါ။
Coolant ကို ဂျပန်ကားတွေမှာ ၁၉၇၀ နောက်ပိုင်းလောက် ကတည်းက သုံးခဲ့တာပါ။
Datsun Sunny၊ Datsun 1500 စီစီ၊ Hilux Pick Up ဆိုတဲ့ ကားတွေကစပြီး သုံးခဲ့ကြတာပါ။
Coolant ရဲ့ ဂုဏ်သတ္တိက ရေဆူမှတ်ထက် မြင့်ပါတယ်။
၁၀၀ ဒီဂရီမှာ မဆူပါဘူး၊ သုညဒီဂရီမှာ မခဲပါဘူး။
Coolant ရဲ့ အထူးဂုဏ်သတ္တိကတော့ သံချေး၊ သတ္တုချေး မတက်တာပါ။ (Oxidation-O2) နဲ့ ဓာတ်ပြုမှု အလွန်နည်းပါးပါတယ်။
အမေရိက၊ အင်္ဂလန်နဲ့ ဥရောပကားတွေဟာ သံ၊ သံမဏိကို အဓိကထားပြီး တည်ဆောက်ထားကြလို့ အကြမ်းလည်းခံပြီး ကြာရှည်လည်း ခံကြပါတယ်။ ဈေးလည်းကြီးပါတယ်၊ သူတို့ကားတွေဟာ ပစ္စည်းကို အခြေခံထားပြီး ထုတ်လုပ်တည်ဆောက်ခဲ့ကြပါတယ်။
Japan Car များကတော့ နည်းပညာကို အဓိက ထားခဲ့ပါတယ်။ သံ၊ သံမဏိများဟာ အကြမ်းခံ၊ ဆွေးမြည့်ဒဏ်လည်း အတော်ခံနိုင်ပါတယ်။
England၊ USA ကားတွေက အင်ဂျင်ဘလောက်ရော အင်ဂျင်ဟက်များပါ သံများဖြစ်ကြပါတယ်။
ဒါကြောင့် ရေနဲ့သုံးလည်းရပါတယ်။ Japan Car တွေက သတ္တုအသုံးများပါတယ်။ အဓိက ရေလမ်းကြောင်းရှိတဲ့ အင်ဂျင်ဟက်များ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ Japan Car များကိုတော့ အော်ရီဂျင်နယ် မူမပျက်မချင်း အမြဲတမ်း Coolant နဲ့ပဲ သုံးစေချင်ပါ တယ်။
Coolant နဲ့ အင်ဂျင်ရေလမ်းကြောင်းထဲက သာမိုစတက်တို့ အပေးအယူ မျှတနေရင် ကိုယ်သုံးနေတဲ့ အင်ဂျင်ဟာ မကျဘဲ အသုံးခံလေ့ ရှိပါတယ်။
ပြီးတော့ Auto Fan ကလည်း ပါပါသေးတယ်။
သူကလည်း အမြဲမလည်ရပါဘူး။ လိုအပ်မှ လည်ပေးရမှာ။
ဒါပေမဲ့ မြန်မာနိုင်ငံက ကားအသုံးပြုသူတွေက အမြဲလည်မှ ကြိုက်ကြပါတယ်။
အင်ဂျင်တွေမှာ အနိမ့်ဆုံးအပူချိန်တစ်ခု မလွဲမသွေ လိုအပ်ပါတယ်။ Normal Operating Temperature (NOT) လို့ ခေါ်ပါတယ်။
NOT (Temperature ဒိုင်ခွက်ထဲက လက်တံတစ်ဝက် မရောက်တရောက် ရှိနေတာကို ခေါ်ပါတယ်) က အရမ်းအရေးကြီးပါတယ်။
NOT ကို အမြဲတစေ ရှိနေစေဖို့ Coolant နဲ့ သာမိုစတက်က တာဝန်ယူပေးပါတယ်။
အပူချိန်က ၉၂ ဒီဂရီစင်တီဂရိတ်အထိ ရှိရပါတယ်။
၉၂ ဒီဂရီစင်တီဂရိတ်ကျော်မှ သာမိုစတက်ကို ပွင့်စေပြီး ရေကိုလည်စေပါတယ်။
NOT ကို ပြန်ရောက်သွားပါတယ်။ စနစ်တစ်ခုလုံး ကောင်းနေသရွေ့ ဒီနေရာက ဘယ်တော့မှ ကျော်မသွားပါဘူး။
Temp: ဒိုင်ခွက်ထဲက လက်တံတစ်ဝက် မရောက်တရောက် ရှိနေတာကို heat တက်တယ်ဆို ပြီး တော်တော်များက လက်မခံကြဘဲ သာမိုစတက်ကို ဖြုတ်လိုက်ကြတာ များပါတယ်။
Auto Fan ကိုလည်း ရေတိုင်ကီက Socket ဖြုတ်ပြီး အမြဲလည်ပတ်ခိုင်းလိုက်မယ်ဆိုရင် NOT မရှိတော့ဘဲ ကားစထွက်ထွက်ချင်း အင်ဂျင်ရဲ့ ပွန်းစားမှု နှုန်းတွေကို မြန်စေပါတယ်။
ဒါဆို ဆီစားများမယ်။ စွမ်းအားကျပြီး အထွက်လည်း မကောင်းပါဘူး။
ကားမောင်းဖူးသူတို့ ကြုံဖူးကြမှာပါ။
ဒါဆို စနစ်အခေါ်အဝေါ်ကစလို့ ပြောင်းလဲသွားပါတယ်။
ရေနဲ့အေးတဲ့စနစ် မဟုတ်တော့လို့ Water Cooled Engine လို့ မခေါ်တော့ဘဲ Liquid Cooled လို့ ပြောင်းခေါ်ပါတယ်။
Coolant ဟာ Water မဟုတ်ပါဘူး။ Liquid လို့ ခေါ်ပါတယ်။
ရေလမ်းကြောင်း တစ်လျှောက်လုံး Coolant မဟုတ်တော့ဘဲ ရေများလာရင် ရေချိုးတွေ ရှိလာနိုင် လို့  သာမိုစတက်လည်း မပွင့်နိုင်တော့ပါဘူး။
အဲဒီအခြေအနေရောက်မှသာ သာမိုစတက်ကို ဖြုတ်သင့်ပါတယ်။
ဒါဆိုရင် NOT ဆိုတာ မရှိနိုင်တော့လို့ အင်ဂျင်သက်တမ်းလည်း တိုတောင်းသွားနိုင်လို့ မူရင်းအခြေအနေတိုင်း ပြန်ရောက်အောင် တတ်နိုင်သလောက် ပြန်ထိန်းသိမ်းပေးသင့်ပါတယ်။

ကိုသက်ဝင်း

===========

The Voice


No comments:

Post a Comment