Latest News

Wednesday, February 1, 2017

အာဖရိကသို့ ဆန်နှင့်ဆန်ကွဲ တန်ခုနစ်သောင်းခွဲကျော် တင်ပို့

အာဖရိကသို့ ဆန်နှင့်ဆန်ကွဲ တန်ခုနစ်သောင်းခွဲကျော် တင်ပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အာဖရိကနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၇၅,၆၆၀ မက်ထရစ်တန်ကို ၂၀၁၆ ဧပြီလမှ ၂၀၁၇ ဇန်နဝါရီလအထိ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ပြည်တွင်း၌ လက်ကျန်ဆန်များသည့်အတွက် ၂၀၁၇ ခုနှစ် မတ်လအထိ သုံးလအတွင်း အာဖရိကနိုင်ငံများသို့ ၂၅ မှတ် ဆန်တန်ချိန် သုံးသိန်းကို ပင်လယ်ရေကြောင်းမှ တင်ပို့သွားမည်ဖြစ်ပြီး လက်ရှိအချိန်အထိ ဆန်တန်ချိန် တစ်သိန်းကျော် တင်ပို့ထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“အာဖရိကနိုင်ငံတွေက ၂၅ မှတ် အမျိုးအစားပဲ ဝယ်တာများပါတယ်။ ဒီနှစ် အာဖရိကနိုင်ငံတွေကို တင်ပို့မှု အခြေအနေက အရင်နှစ်တွေထက်စာရင် ကောင်းတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့ ဈေးကွက်အသစ်တွေလည်း ရှာနေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

အာဖရိကနိုင်ငံများသို့ ၂၀၁၁ ခုနှစ် မတိုင်မီက တစ်နှစ်လျှင် ဆန်တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ဆန်တင်ပို့မှု ပမာဏ ကျဆင်းလာခြင်းကြောင့် ဈေးကွက်အသစ် ပြန်လည်ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

Sources : The Voice

No comments:

Post a Comment