Latest News

Tuesday, February 21, 2017

လစ်လပ်နေသော နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိ နေရာ အတွက် ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ထရမ့်ရွေးချယ်

လစ်လပ်နေသော နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိ နေရာ

အတွက် ဒုဗိုလ်ချုပ်ကြီး မက်မာစတာကို ထရမ့်ရွေးချယ်


လစ်လပ်နေသော နိုင်ငံတော် လုံခြုံရေး အကြံပေး အရာရှိ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဟားဘတ်ရေမွန် မက်မာစတာကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရွေးချယ် ခန့်အပ်လိုက်ကြောင်း သိရသည်။

၎င်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိသော အနေအထားဖြင့် ရုရှားအစိုးရပိုင်းကို အဆက်အသွယ် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်ကြောင့် ထုတ်ပယ်ခံရသူ မိုက်ကယ်ဖလင်း၏ ရာထူးကို ဆက်ခံခြင်း ဖြစ်သည်။ ဖလင်းသည် အဆိုပါ အလုပ်အကိုင်အတွက် သီတင်းသုံးပတ်နှင့် သုံးရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသည်။

အသက် ၅၄ နှစ်ရှိ မက်မာစတာသည် အီရတ်နှင့် အာဖဂန်နစ္စတန် စစ်မြေပြင်များတွင် တာဝန်ယူ ကြီးကြပ် ကွပ်ကဲခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ ထိုနိုင်ငံများတွင် ၎င်းသည် သက်ဆိုင်ရာ အစိုးရအဖွဲ့တွင်း အကျင့်ပျက်မှု တိုက်ဖျက်ရေး ကဏ္ဍကိုလည်း ကူညီပေးခဲ့သည်။

ထရမ့်သည် ဖလင်းနေရာ အစားထိုးရန်အတွက် ရေတပ်မှ အငြိမ်းစား ဒုတိယ သေနာပတိဟောင်း ရောဘတ် ဟားဝပ်ဒ်ကို ဦးစားပေး ရွေးချယ်ခဲ့သော်လည်း ၎င်းက ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဖြင့် ငြင်းဆန်ခဲ့သည်။ ထရမ့်က မက်မာစတာသည် ပင်ကို အရည်အသွေး ပြည့်စုံကြွယ်ဝပြီး အတွေ့အကြုံကောင်းများစွာ ပိုင်ဆိုင်ထားသူ တစ်ဦးဟု ညွှန်းဆို ချီးကျူးထားသည်။

မက်မာစတာသည် ရုရှားနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်နွှယ်မှု လုံးဝ မရှိခဲ့ဖူးသလို မကြာသေးမီက ရုရှား၏ ဘက်ပေါင်းစုံမှ ထိုးနှက်လာနိုင်ခြေများကို မည်သို့မည်ပုံ တုံ့ပြန်သင့်ကြောင်း လေ့လာဆန်းစစ်မည့် ကော်မရှင် တစ်ရပ်တွင် ပါဝင်ထားခဲ့သည်။

မက်မာစတာသည် မြောက်ကာရိုလိုင်းနား တက္ကသိုလ်၌ အမေရိကန်သမိုင်း ဘာသာရပ်ဖြင့် PhDဘွဲ့ကို ရရှိထားပြီး ကိုယ်တိုင်ရေးသားသည့် Dereliction of Duty စာအုပ်တွင် ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်စစ်တပ် ပါဝင်စွက်ဖက်ခဲ့မှုကို ဝေဖန်ပြစ်တင်ခဲ့သည်။

၎င်းတာဝန်ယူရသည့် ရာထူးသည် စီမံအုပ်ချုပ်ရေး ကဏ္ဍတွင် လုပ်ပိုင်ခွင့် နည်းပါးသော်လည်း သမ္မတ၏ အရေးအပါဆုံး လူယုံတစ်ဦးအဖြစ် သတ်မှတ်ခံရပြီး မူဝါဒရေးရာ ဆွေးနွေးမှုများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဟုလည်း သိရှိရသည်။

Ref: Washington Post



7Day News Journal

No comments:

Post a Comment