Latest News

Wednesday, February 1, 2017

သတင်းထောက်များနှင့် အယ်ဒီတာများ စာရေးရာတွင် ကြုံရသည့် ပြဿနာများ

သတင်းထောက်များနှင့် အယ်ဒီတာများ စာရေးရာတွင် ကြုံရသည့် ပြဿနာများ

အဓိပ္ပာယ်မပေါ်သော နိဒါန်း- သတင်းသည် မည်သည့်အကြောင်းအရာဖြစ်ကြောင်း မဖော်ပြနိုင်သည့် နိဒါန်းမျိုးဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသော ရှုထောင့်ဖြင့် သတင်းနိဒါန်းကို တည်ဆောက်ရမည်။

မျှတမှု-- ရေးသားမှုသည် မျှတမှုရှိရဲ့လား။ ဝေဖန်ခံရသော လူများ/အဖွဲ့အစည်းများအား ပြန်လည်တုန့်ပြန် ချေပခွင့် ပြုထားသလား။

ဥပဒေကြောင်းအရ အန္တရာယ်များ-- မိမိတို့က တစ်စုံတစ်ယောက်ကို စွပ်စွဲရေးသားနေသလား။

နောက်ခံပံ့ပိုးမှု ပေးမထားသော နိဒါန်း-- နိဒါန်းတွင် ရေးသားထားသောအကြောင်းအရာသည် စာကိုယ်ပိုဒ်ထဲတွင် ပံ့ပိုးထားခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။ အားကောင်း၊ ပြတ်သားသည့် ကိုးကားပြောဆိုမှုများ ပါဝင်ရမည်။

အဖြေမပါသော မေးခွန်းများ-- ရေးသားထားသောအကြောင်းအရာတွင် မေးခွန်းများမေးထားပြီး အဖြေများကို ဖော်ပြမထားပါက သတင်းထောက်အား ပြန်လည်မေးမြန်းပါ။ မိမိတို့အနေဖြင့် ယခုအဆင့်တွင် သတင်းအချက်အလက်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖော်ပြပေးရန် လိုအပ်သည်။ ဥပမာ လိုက်ပါလာသော ခရီးသည် မည်မျှရှိသည်ကို ရှင်းလင်းအောင် ဖော်ပြရမည်။

သတင်းရင်းမြစ်နှင့်ဆိုင်သော အကြောင်းအရာများ-- မိမိတို့အနေဖြင့် သတင်းအချက်အလက်ကို မည်ကဲ့သို့ ရရှိခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသလား။

ရှုပ်ထွေးနေသည့် အချက်အလက်များ-- အသေးစိတ်အချက်အလက် အများအပြားကို ဖော်ပြခြင်းဖြင့် စာဖတ်သူကို ရှုပ်ထွေးသွားစေပြီး သတင်းအရှိန်ကို အဟန့်အတားဖြစ်စေသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အမည်များ၊ ဂုဏ်ထူးဝိသေသအရှည်များကို အပေါ်ပိုင်း စာပိုဒ်များတွင် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရမည်။ ပထမဆုံး ကိုးကားချက်အနေဖြင့် သတင်းအကြောင်းအရာတွင် အဓိကပါဝင်သူများအား အကျဉ်းချုပ် ဖော်ပြနိုင်သည်။ (‘ရူရီတန်နီ ပြည်သူ့ဒီမိုကရက်တစ် တရားမျှတရေးပါတီ’ ဟု မရေးဘဲ ‘အကြီးဆုံး အတိုက်အခံပါတီ’ ဟု ရေးသားရမည်။ အသေးစိတ်အချက်ကို နောက်ပိုင်းတွင် ဖော်ပြရမည်။

များပြားသော ကိန်းဂဏန်းများ-- ဝင်ငွေများနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များတွင် ကိန်းဂဏန်း အများအပြား ပါဝင်တတ်သည်။ အဓိက ကိန်းဂဏန်းများ လိုအပ်သော်လည်း သတင်းဆိုလိုရင်း ပျောက်ကွယ်သွားသည်အထိ ကိန်းဂဏန်းအများအပြားကို မထည့်ရ။

ရှင်းလင်းပြတ်သားမှု-- သတင်းဖြစ်စဉ်များအတွင်း နေရာနှင့် အချိန်အမျိုးမျိုးကို ကြားဖြတ်ထည့်သွင်း ဖော်ပြခြင်းဖြင့် သတင်းအား ရှုပ်ထွေးသွားစေနိုင်သည်။ စတင်ဖော်ပြသည့် နေရာ၊ အချိန်မှ ဖြစ်စဉ်များကို အစဉ်လိုက်အတိုင်း ဖော်ပြသွားပါ။

ရှုပ်ထွေးသော အမည်များ-- လူ သို့မဟုတ် အဖွဲ့အစည်း အမည်တစ်ခုကို ခေါ်ဝေါ်ရာတွင် အခက်အခဲ ကြုံတွေ့ရတတ်သည်။ မိမိအနေဖြင့် မသေချာပါက အင်တာနက်အသုံးပြုကာ ဂူဂဲလ် သို့မဟုတ် အစိုးရ တရားဝင် ထုတ်ပြန်ထားသည့် အမည်များဖြင့် စစ်ဆေးပါ။ အမည်တစ်ခုအား သတင်းတစ်ပုဒ်အတွင်း တစ်ကြိမ်နှင့်တစ်ကြိမ် စာလုံးပေါင်း တူညီရန် လိုအပ်သည်။ တစ်ကြိမ်ရေးလျှင် တစ်မျိုး ဖြစ်မနေစေရ။

ဘာဖြစ်တာလဲ-- နိုင်ငံ/ပုဂ္ဂိုလ်/အဖွဲ့အစည်း တစ်ခုခုသည် ဘာဖြစ်ကြောင်းကို မရှင်းလင်းပါက ရေးသားထားသည့် အကြောင်းအရာကို မည်သူမျှ ဖတ်မည်မဟုတ်ပေ။ ယင်းကဲ့သို့ မဖြစ်စေရန် သတင်းကို ရှင်းလင်းဖော်ပြသည့် အဓိကစာပိုဒ်တစ်ခုကို ထည့်သွင်းပေးရသည်။

အဓိပ္ပာယ်အမျိုးမျိုးဆောင်ခြင်း-- သတင်းတစ်ခု၏ အရေးကြီးသောအကြောင်းအရာသည် ရှင်းလင်းမှုဖြစ်သည်။ ရှင်းလင်းမှုမရှိသော၊ နှစ်ကြိမ်ပြန်ဖတ်ရန်လိုသော အကြောင်းအရာတစ်ခုသည် စာဖတ်သူအား စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ရှုပ်ထွေးသော ဝါကျတစ်ခုကို နှစ်ခုခွဲပစ်ခြင်းဖြင့် ပိုမိုရှင်းလင်းအောင် လုပ်ဆောင်နိုင်သည်။

အသုံးအနှုန်း အဟောင်းများ-- စိတ်ထဲကို ပထမဆုံးဝင်လာသည့် အသုံးအနှုန်းဟောင်းများကို ရှောင်ရှားပါ။ ပိုမိုသစ်လွင်သော၊ ရှင်းလင်းသော၊ ရိုးရှင်းသော အသုံးအနှုန်းကို စဉ်းစားပါ။

ခံစားချက်ပါသော စကားလုံးများ-- အနှုတ်သဘောသက်ရောက်သည့် စကားလုံးများကို အများအပြား သုံးစွဲခြင်း ရှောင်ကြဉ်ပါ။ claim ဟု သုံးစွဲမှုသည် သေချာမှုမရှိသော ထုတ်ဖော်ပြောဆိုမှုကို ဖော်ပြပြီး၊ regime သည် အာဏာရှင်အစိုးရဟု သဘောသက်ရောက်စေသည်။ အကြမ်းဖက်သမားများဟု သုံးစွဲခြင်းမရှိဘဲ ၎င်းတို့ လုပ်နေသည့်အရာများကိုသာ ဖော်ပြပါ။

သဒ္ဒါဖွဲ့စည်းမှုတစ်ခုတည်းအပေါ်တွင်သာ ဖက်တွယ်ထားရန် မလို -- သဒ္ဒါမှန်ကန်မှုသည် မည်သည့် အကြောင်းအရာဖြစ် နေသည်ကို စာဖတ်သူအနေဖြင့် သိရှိသွားစေနိုင်သည်။ ဘာသာစကားအများအပြားတွင် နာမ်၊ နာမဝိသေသန အစရှိသည်တို့သည် ပြောဆိုသည့်အကြောင်းအရာများတွင် မည်သူက မည်သူ့ကို ပြုလုပ်နေကြောင်း သိရှိစေသည်။ အင်္ဂလိပ်ဘာသာတွင်မူ ဝါကျဖွဲ့စည်းမှုနှင့် အကြောင်းအရာဖြစ်စဉ် တို့အပေါ်တွင် အဓိကထားသည်။

စာလုံးပေါင်း-- စာလုံးပေါင်း မသေချာပါက သတ်ပုံကျမ်းဖြင့် တိုက်ဆိုင် စစ်ဆေးပါ။

နရီနှင့် အသံအတက်အကျ-- အလောသုံးဆယ် ရေးသားရန်မလိုသည့် အကြောင်းအရာများတွင် စာဖတ်သူစိတ်ဝင်စားမှုရှိစေရန် ဝါကျအတိုအရှည်နှင့် စာပိုဒ်များကို အပြောင်းအလဲလုပ်ပါ။

အဖိအဖော့-- ပေါ့ပေါ့ပါးပါး မဟုတ်လွန်းသည့် အကြောင်းအရာများ ရေးသားရာတွင် အရှိန်အနိမ့်အမြင့် ရေးသားရမည်။

နောက်ဆုံးအကြံပြုချက်-- မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သတင်းခေါင်းစဉ်၊ နိဒါန်း၊ နေ့စွဲနှင့် ရက်သတ္တပတ်များကို ပြန်လည်စစ်ဆေးရမည်။ အပေါ်ဆုံးတွင် ဖော်ပြထားသည့်အကြောင်းအရာများအား ပြန်လည် ပြင်ဆင်ချက်ပေးရခြင်းသည် ရှက်စရာအကောင်းဆုံးဖြစ်သည်။

နောက်ဆုံးရဓာတ်ပုံများ

ဆက်လက်ကြည့်ရှုရန်
ဘလော့ဂ်ပို့စ်များ
အသက်ဝင်လာတဲ့ ရန်ကုန်ည

ရေးသားသူ - Myanmar Now
ဈေးကွက်ထဲက ပြန်ကြော်ဆီ၊ ရောနှောဆီ

ရေးသားသူ - သက်ထားဆွေ/ဧရာဝတီ
ဆက်လက်ကြည့်ရှုရန်
Thomson Reuters Foundation
© 2016 Myanmar Now | သုံးစွဲမှုစည်းကမ်းချက်

ယခုအင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော သဘောထားအမြင်များသည် Thomson Reuters ဖောင်ဒေးရှင်းအား ကိုယ်စားမပြုသကဲ့သို့၊
ဖောင်ဒေးရှင်း၏ အာဘော်များလည်း မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

No comments:

Post a Comment