ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသားလူငယ်များကို ပညာသင်ယူ
လိုစိတ်ရှိရန် ဆောင်ရွက်ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
ဆရာ၊ ဆရာမများနှင့် ပညာရေးမူဝါဒများကို ချမှတ်ပြီး အကောင်အထည်ဖော် ဦးဆောင်နေသည့် ပုဂ္ဂိုလ်များ အားလုံးက ကျောင်းသားလူငယ်များအကြား ပညာသင်ယူလိုစိတ် ထွန်းကားအောင် ဆောင်ရွက်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပညာရရှိရေးတွင် အရေးကြီးဆုံးမှာ သင်ယူချင်စိတ်ပင်ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ပညာရေး မူဝါဒများကို ချမှတ်ပြီး အကောင်အထည်ဖော် ဦးဆောင်နေသည့် ပုဂ္ဂိုလ်များ အားလုံးက သင်ယူချင်စိတ်များ ပေါ်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် သင်ယူချင်စိတ် လူငယ်များအကြား ထွန်းကားအောင် လုပ်ဆောင်ရန် သင်ပေးသူများ ကိုယ်တိုင် သင်ယူချင်စိတ် ရှိရမည့်အပြင် ပညာသည် တစ်သက်တာ ဆက်ပြီး သင်ယူနေရမည် ဖြစ်သောကြောင့် သင်ပေးသူများတွင်လည်း တစ်သက်တာ သင်ယူနိုင်သည့်စိတ်ဓာတ်၊ သင်ယူချင်သည့် စိတ်ဓာတ်လည်း ရှိရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားသွားသည်။
အလားတူပင် တစ်သက်တာ အသက်ရှင်နေသရွေ့ ပညာဆက်လက် ရှာဖွေရမည် ဆိုသည့်စိတ်ဓာတ် မွေးမြူရန်လိုအပ်ပြီး “မိမိတို့အားလုံး ပညာသင်ယူရမည်၊ ဆက်ပြီး သင်ယူရမည်၊ ပညာသင်ချင်သည်၊ ဘယ်လို သင်ယူရမည်”ဆိုသည့်အချက်များကို သေချာနားလည်လျှင် နိုင်ငံ၏ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းသည် ကျောင်းသားများ၊ လူငယ်များနှင့် အရွယ်ရောက်သူများ၏ ဘဝတစ်သက်တာ ပညာသင်ယူမှု၊ ပညာသင်ယူသွားရန်မှာ ခက်ခဲတော့မည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောဆိုသည်။
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) စတင်ဆောင်ရွက်ခြင်း အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စတာ Nicholas Copple, UNICEF ဌာနေကိုယ်စားလှယ် Betrand Bainvel, တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပညာရေး မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Voice
Thursday, February 23, 2017
ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသားလူငယ်များကို ပညာသင်ယူ လိုစိတ်ရှိရန် ဆောင်ရွက်ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသားလူငယ်များကို ပညာသင်ယူ လိုစိတ်ရှိရန် ဆောင်ရွက်ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
Reviewed by Ar Ti
on
7:39 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment