Latest News

Saturday, February 18, 2017

အညာနွေဦးရောက် မန်းရွှေစက်တော် ဘုရားပွဲတော် လာရောက်ကြဖို့ ဖိတ်ခေါ်

အညာနွေဦးရောက် မန်းရွှေစက်တော် ဘုရားပွဲတော် လာရောက်ကြဖို့ ဖိတ်ခေါ်

ရာသီက နှင်းနှင့်မြူတို့ လုံးထွေးသတ်ပုတ်သည့်ကြားအရောင်စုံသစ်ရွက်တို့ ကြွေကျရလေ့ရှိသောရာသီ ဌာနက အညာမြေဟုဆိုငြားသော မကွေးတိုင်းဒေသကြီးအနောက်ခြမ်း ရခိုင်ရိုးမ၏ အရှေ့ဖျားဆုံး တောင်စွယ်များ အခြေမန်းချောင်း ရစ်ခွေထားသည့် နေရာတောင်တန်းများ ပတ်လည်ကာရံထားသည့်ကြား အညာ အငွေ့အသက်နှင့် စမ်းရေစီးသံတို့ ရောယှက်ထားခြင်း ကစာရေးသူတို့လို ဘုရားဖူးများအတွက် မြှူဆွယ်နိုင် လွန်းသည်ထက် မြတ်ဗုဒ္ဓ၏ ပါဒခြေတော်ရာနှစ်ဆူတည်ရှိနေခြင်းက ဗုဒ္ဓဘာသာဝင်များစွာတို့၏ ဖူးရောက်လိုမှုကိုပိုမိုနှိုးဆော်နိုင်လေ့ရှိသည်။ ထိုနေရာ၌ မန်းချောင်း၏ယာဘက် သစ္စဗန္ဓတောင်တော်ပေါ်တွင် တည်ရှိသောအထက်စက်တော်ရာနှင့် ထိုတောင်တော်၏အခြေ မန်းချောင်းဝဲဘက်ကမ်းတွင်တည်ရှိသော အောက်စက်တော်ရာတို့ကြောင့် မန်းရွှေစက်တော်ဟု ခေါ်တွင်လေ့ရှိကြောင်း ဒေသခံများကပြောကြသည်။ ထိုဘုရားပွဲတော်ကြီးကိုနှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ရက်ရှည်ကျင်းပလေ့ ရှိသည်။ ရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်
သည်နေ့ရက်တိုင် အောက်ခြေတော်ရာကို စတင်ဖွင့်လှစ်အပူဇော်ခံလေ့ ရှိကြသည်။ အောက်ခြေတော်ရာသည်မန်းချောင်း၏ဝဲဘက် ချောင်းကမ်းနဖူးတွင်တည်ရှိသောကြောင့်မိုးရာသီတွင် နှစ်စဉ်နီးပါး ခြေတော်ရာပေါ်သို့
ချောင်းရေများဖုံးလွှမ်းလေ့ရှိကြောင်းလည်း သိရသည်။ ထို့ကြောင့် နှစ်စဉ် ၁ ရက်နေ့ ပွဲတော်ပိတ်ပွဲနှင့်အတူအောက်ခြေတော်ရာအား ဖုံးအုပ်ထားလေ့ ရှိသည်။ ယခင်က အောက်ခြေတော်ရာ သံအုပ်ဆောင်ဖြင့်ဖုံးအုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှစ၍ အလင်းပေါက်ဖန်အုပ်ဆောင်းဖြင့် အစားထိုးဖုံးအုပ်ခဲ့သည်။

ထိုအလင်းပေါက်ဖန်အုပ်ဆောင်းဖြင့် အစားထိုးရသည့်ရည်ရွယ်ချက်မှာ ပွဲတော်ချိန်ပြင်ပလာရောက်ကြသော ဘုရားဖူးများအနေဖြင့် ခြေတော်ရာ အား မြင်တွေ့ဖူးမြော်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

သို့သော် ၂ဝ၁၅ ခုနှစ် မိုးရာသီအကုန်ကစတင်၍အလင်းပေါက် ဖန်အုပ်ဆောင်းအတွင်း ပေါင်းပင်၊ မြက်ပင်ငယ်များပေါက်နေ ခဲ့သောကြောင့်ခြေတော်ရာအား ထိခိုက်မိမည်ကို စိုးရိမ်သူများလည်း ရှိနေသည်ဟု သိရသည်။ ရွှေစက်တော်သည် မကွေးတိုင်းဒေသကြီး မင်းဘူး-စကုမြို့နယ် အတွင်း၌ တည်ရှိပြီး ငဖဲမြို့နှင့် အနီးဆုံးဖြစ်သည်။ ထိုပွဲတော်သို့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် ရှမ်းပြည်နယ်တို့မှ လာရောက်ကြသော ဘုရားဖူး အများစုသည် မကွေးမြို့မှတစ်ဆင့် လာရောက်လေ့ရှိကြသည်။ မကွေးမြို့မှ ဧရာဝတီတံတား မကွေးကိုဖြတ်၍ မင်းဘူးမြို့မှတစ်ဆင့် သွားရောက်ကြသည်။ မင်းဘူးမြို့မှ မင်းဘူး- အမ်းကားလမ်း
သို့လိုက်ပါ၍ လေးပင်ကျေးရွာအလွန်တွင် ရွှေစက်တော်လမ်းခွဲအတိုင်း ငါးမိုင်ခန့်အကွာ ပုသိမ်-မုံရွာကားလမ်းနှင့်ဆုံမိသည်။ ပုသိမ်-မုံရွာကားလမ်းမှ မုံရွာဘက်သို့လိုက်ပါပြီး ခုနှစ်မိုင်အကွာတွင် ရွှေစက်တော်သို့ သွားရောက်သည့် သုံးမိုင်လမ်းဆုံသို့ရောက်ရှိပြီး ပွဲတော်ချိန်၌ သွားသည့်လမ်းသို့ စတင်ရောက်ရှိလေသည်။ မိုးတွင်းကာလနှင့် ပွဲတော်ပြင်ပအချိန်များတွင် ရွှေစက်တော်သို့ သွားလိုကြသည့် ဘုရားဖူးများအနေဖြင့် ပုသိမ်-မုံရွာလမ်းနှင့် လေးပင်ကျေးရွာလမ်းဆုံမှ ပုသိမ်ဘက်သို့လိုက်ကာ ငါးမိုင်လမ်းခွဲမှတစ်ဆင့် သွားရောက်နိုင်လေသည်။

ရွှေစက်တော်ပွဲတော်သို့ ဧရာဝတီတိုင်းဒေသကြီးမှလာရောက်လိုကြသူများနှင့် ရန်ကုန်-ပြည် မြို့များကလာရောက်ကြသူများမှာ တချို့က ပုသိမ်-မုံရွာကားလမ်းမှ တစ်ဆင့်လာရောက်လေ့ ရှိကြသည်။ ရခိုင်ပြည်နယ်မှ လာရောက်ကြသည့် ဘုရားဖူးများမှာ မင်းဘူး-အမ်းကားလမ်းဘက်ကနေ လာရောက်လေ့ရှိကြကြောင်း သိရသည်။ ယခုနှစ်တွင် မင်းဘူးခရိုင်မှ သက်ဆိုင်ရာတာဝန်ရှိသူများကရွှေစက်တော်ပွဲတော်အတွင်းမှာ နှစ်စဉ်ချပေးနေကျဌာနဆိုင်ရာတဲကျောင်းတွေကိုလည်း မချပေးတော့တာဟာလည်း ထူးခြားနေလေသည်။ ယခင်နှစ်များက ဌာနဆိုင်ရာအတွက်ဆိုပြီး တဲကျောင်းများချပေးခဲ့သော်လည်း အဆင့်ဆင့်ပြန်လည်ရောင်းစားမှု များကြောင့်ဟု ယခုနှစ်တွင် မချပေးတာဟု ဒေသခံများကဆိုသည်။

''အနယ်နယ်အရပ်ရပ်ကလာရောက်ကြသည့် ဘုရားဖူးများ အစည်ကားဆုံး အချိန်ဆိုရင် တဲကျောင်းခတွေဟာ အဆမတန်ဈေးကြီးကုန်ပါတယ်။ အခုနှစ်မှာတော့ အစိုးရအပြောင်းအလဲဖြစ်ခဲ့တာကြောင့် ဘုရားဖူးပြည်သူတွေအတွက် ပြန်ကြည့်တဲ့အနေဖြင့် ပွဲတော်အတွင်း မတော်လောဘဆန်စွာ ဘယ်သူသေသေငတေမာပြီးရော ဆိုသော စီးပွားရေးလုပ်ငန်းရှင်များကို ထိထိရောက်ရောက်ကိုင်တွယ်စေချင်ပါတယ်'' ဟု ရွှေစက်တော်ပွဲတော်အတွင်း နှစ်စဉ်ဈေးရောင်းချနေသူများက ပြောသည်။

ရွှေစက်တော်ဘုရားဝန်းကျင်၌ ရွှေစက်တော်ဘေးမဲ့တောနှင့် ဘေးမဲ့ကာကွယ်တောဧရိယာများဖြစ်သည့်ရွှေစက်တော်ဘေးမဲ့တောသည် မင်းဘူး-ငဖဲ-စေတုတ္တရာ-ပွင့်ဖြူမြို့နယ်လေးခု ထိစပ်ပါဝင်နေပြီး ကမ္ဘာ့ရှားပါးစာရင်းဝင် ရွှေသမင်၊ ကြယ်လိပ်၊ စွေ့၊ နဖားကြူး စသည့်ငှက်များပါ ရှင်သန်ကျက်စားလျက်ရှိသည်။ ယင်းအပြင် ယင်းဘေးမဲ့တောဧရိယာအတွင်း ချင်းလူမျိုးတို့၏သဘာဝ အတိုင်း နေထိုင်မှုဓလေ့စရိုတ်များနှင့် Dry Zone Economic စနစ်ကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ရွှေစက်တော်ဘုရားပွဲတော်တွင်း အောက်ခြေတော်ရာ အနီးတွင် သစ်တောဦးစီးဌာနကနေ ရွှေသမင်နှင့် ကြယ်လိပ်များကို နှစ်စဉ်ဘုရားဖူးများအား ပြခန်းဖြင့်ပြသထားလေ့ရှိသည်။ ၂ဝ၁၄ ခုနှစ်မှစတင်၍ ရွှေစက်တော်ပွဲတော်သို့ သုံးမိုင်လမ်းမှ အဝင်လှေတင်တံတားအနီး၌ ရွှေသမင်များအား ဆာဖာရီ ဥယျာဉ်ဖြင့် ပြသထားလေ့ရှိပြီး ဘုရားဖူးပြည်သူများ စိတ်ဝင်စားမှု ယခုနှစ်တွင် ပိုမိုမြင့်တက်လျက်ရှိကြောင်း အဆိုပါဥယျာဉ်သို့ လာ
ရောက်ကြသည့် သူများက ဆိုသည်။

ရွှေစက်တော်ဘုရားပွဲတော်သို့ လာရောက်ကြသည့်ပြည်သူအများစုသည် မကွေးမြသလွန်စေတီတော်၊မင်းဘူးမြို့မှ နဂါးပွက်တောင်၊ စက္ကတဲဘုရားနှင့် ပွင့်ဖြူ မြို့နယ်ရှိ ကျောင်းတော်ရာစေတီတော် စသည့်ဘုရားများကို ဖူးမြော်လေ့ရှိကြသည်။ ရွှေစက်တော်ဘုရားပွဲတော်သို့ နေရာဒေသအနှံ့ ဘုရားဖူးလာရောက်ဖူးမြော်လျက်ရှိသကဲသို့ ထိုသူတို့ကိုမှီခို၍ စီးပွားရှာသူများလည်းပွဲ တော်ချိန်၌ လာရောက်တတ်ကြသည်။ ဘုရားပွဲတော် ချိန်သို့ရောက်ရှိသည်နှင့် အနယ်နယ်အရပ်ရပ်မှ (၁၂) ပွဲ ဈေးသည်များ လာရောက်ရောင်းဝယ်တတ်ကြသကဲ့ သို့ အဆိုပါဒေသများသည် နွေရာသီ၌ စိုက်ပျိုးရေးကို မလုပ်ကိုင်နိုင်သဖြင့် ရက်ရှည် ကျင်းပသော ရွှေစက်တော် ပွဲတော်သို့ မိမိတို့ဒေသထွက်ရှိသော အစားအစာပစ္စည်း
နှင့် အဝတ်အထည်စသည်များ လာရောက်ရောင်းဝယ်ကြသည့် အတွက် နှစ်စဉ်ပွဲတော်ချိန်၌ ကြက်ပျံမကျ စည်းကားသိုက်မြိုက်လျက် ရှိပေသည်။

ဘုရားပွဲတော်ချိန်တွင် လုပ်ငန်းမျိုးစုံရှိကြသည့် ပွဲတော်မတိုင်မီ တဲကျောင်းနှင့် ဆိုင်ခန်းများ ဆောက်လုပ်ရန် သစ်ဝါးခုတ်ခြင်း၊ သက်ငယ်ရက်ခြင်းလုပ်ငန်း
များအစ ပွဲတော်ချိန်တွင် ရေနွေး၊ အကြော်၊ ထမင်း၊ ဟင်း များ ရောင်းချခြင်း၊ အဝတ်အငှားလျှော်ခြင်း၊ တဲကျောင်းများတည်းရန် ဘုရားဖူးများအား ခေါ်ပေးသည့် ပွဲစား (ဝါ) ဧည့်ကြိုခြင်း၊ နှိပ်နင်းပေးခြင်း စသည့် လုပ်ငန်မျိုးစုံရှိကြလေသည်။

ဘုရားဖူးများမှာ တဲကျောင်းနှင့် ကပ်လျက်ချောင်း များတွင် ရေချိုး၊ ရေစီးဘောကွင်းများနှင့် ရေချိုးရသည်ကို ပျော်ရွှင်ရပေသည်။ ပေါက်နှင့် လက်ပံတို့က ရဲရဲတောက်ပွင့်ပြုရန် အားပျိုးနေချိန်တွင် သစ်ပင်အများစုက ရင့်ရော်စရွက်ဖတ်များကိုသူတို့ ခန္ဓာကိုမှ ခွာချစပြုနေချိန် ဆောင်းအကုန် နွေအကူးရာသီ ထိုသို့သော အငွေ့ အသက်များ ထုံမွမ်းလာချိန်တွင် အနောက်ရိုးမ၏ တောင်စွယ်များအလယ် (သစ္စာဗန္ဓ) တောင်တော် ဝန်းကျင်၌ မန်းချောင်းက နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားသည်ကြားမှ ပွဲတော်တစ်ခုကရုန်းကြွသက်ဝင်လာလေ့ရှိသည်။ ထိုပွဲတော်သည် ရွှေစက်တော်ပွဲ တော်ပင်။ အမှန်တကယ်တော့ ဘုရားပွဲတော်တစ်ခုဆိုခြင်းထက် တောတောင်ရေမြေသဘာဝများက ဆွဲဆောင်မှု အားကောင်းလှသည်ထက် မြတ်ဗုဒ္ဓ၏ ခြေတော်ရာ နှစ်ဆူကို ဦးခိုက်ဖူးမြော်ရခြင်းက ဘုရားဖူးပြည်သူများအနေဖြင့် ရင်အစုံကို အေးမြမှုတို့က လွှမ်းခြုံလေ့ရှိ သည်။ ယင်းကြောင့် နွေဦးရာသီရောက် မန်းရွှေစက် တော်ဘုရားပွဲတော်ကို လာရောက်ကြဖို့ ဘုရားဖူးပြည်သူများအား ဖိတ်ခေါ်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

ကျော်ကျော် (မလှိုင်)ပြန်/ဆက်

No comments:

Post a Comment