Latest News

Thursday, February 16, 2017

ပုဂံ ငလျင်ဒဏ်သင့် စေတီ ပုထိုးများ ပြုပြင်ရန် ပြည်တွင်း ပြည်ပ အလှူငွေ အမေရိကန် ဒေါ်လာ တစ်သန်းကျော် ရရှိထား

ပုဂံ ငလျင်ဒဏ်သင့် စေတီ ပုထိုးများ ပြုပြင်ရန် ပြည်တွင်း ပြည်ပ အလှူငွေ အမေရိကန် ဒေါ်လာ တစ်သန်းကျော် ရရှိထား

ကျော်ကိုကို

ပုဂံဒေသရှိ မြေငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီး သွားသော စေတီ ပုထိုးများ၊ သာဿနိက အဆောက်အအုံ များကို ပြန်လည် ပြင်ဆင်နိုင်ရန် အတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထားသော အလှူငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်သန်းကျော် ရရှိထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရ ဦးအောင်ကို က ပြောသည်။

ယခုလ ၁၅ ရက်နေ့က ပုဂံ ယဉ်ကျေးမှု ပြတိုက်တွင် တရုတ်၊ မြန်မာနှစ်နိုင်ငံနှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်းပြီး ပုဂံ ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း စေတီ ပုထိုးများ ပြန်လည် ပြုပြင် မွမ်းမံခြင်းနှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲတွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ ပုဂံဒေသ ငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီများ ပြင်ဆင်နိုင်ရန် အမေရိကန် ဒေါ်လာ တစ်သန်းကို လှူဒါန်းခဲ့သည်။

"ပုဂံဒေသမှာ သဘာ ဘေးအန္တရယ် ဖြစ်ဖြစ်ချင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ် အဖွဲ့က မြန်မာငွေ ကျပ်သိန်း ၁ç၀၀၀ လာရောက် လှူဒါန်းခဲ့ပါတယ်။ ဒီနေ့ ပွဲမှာလည်း နောက်ထပ် အမေရိကန် ဒေါ်လာ တစ်သန်း ဆက်လက် လှူဒါန်းခဲ့တယ်။ နောက်ထပ်လည်း ဒေါ်လာ တစ်သန်း ဆက်လက် ကူညီပေးမယ် လို့ ပြောပါတယ်။ အခု ပြည်တွင်း ပြည်ပ အလှူငွေ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၁ သန်းလောက် ရှိပါတယ်။ နောက်ထပ် တစ်သန်း ရမယ် ဆိုရင် နှစ်သန်းကျော်လောက် ရှိသွားမှာပါ။ ဒီငွေတွေကိုလည်း စနစ်တကျ သုံးစွဲ သွားပါမယ်" ဟုသူရ ဦးအောင်ကို က ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့က ပုဂံဒေသတွင် ငလျင် လှုပ်ခတ်ခဲ့သည့် အတွက် ရှေးဟောင်း အမွေအနှစ် သာသနိက အဆောက်အအုံများ ထိခိုက် ပျက်ဆီးခဲ့ရကြောင်း၊ လက်ရှိ ရရှိထားသော အလှူငွေများကို ပြန်လည် ပြုပြင် ထိန်းသိမ်းရန် အတွက် ရန်ပုံငွေ အဖြစ် မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် ငွေစာရင်း ဖွင့်လှစ် ထိန်းသိမ်းထားကြောင်း ၄င်းက ပြောသည်။

"ငလျင်ဒဏ်သင့် စေတီ ပုထိုးတွေကို ပြန်လည် ပြုပြင်လို့ ပိုလျှံငွေကိုလည်း ဆက်လက် ထိန်းသိမ်းဖို့ ရန်ပုံငွေ အဖြစ် ထားပါမယ်။ သဘာဝဘေး ဆိုတာက မကြာခဏ ကြုံတွေ့တတ် ပါတယ်။ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အတွက်လည်း ပြည်ပ ပညာရှင်တွေ အများအပြား ရောက်နေပါတယ်။ ငလျင်ဒဏ် သင့်ခဲ့တဲ့ စေတီ ပုထိုးတွေရဲ့ အတွင်းပိုင်း ပျက်စီးမှု ဘယ်လောက် ရှိတယ် ဆိုတာ ခေတ်မီ နည်းပညာတွေနဲ့ လေ့လာမှုတွေ လုပ်ရပါဦးမယ် " ဟု ၄င်းက ပြောသည်။

ဓါတ်ပုံ။  ။အီးပီအေ
#မြန်မာတိုင်းမ်

No comments:

Post a Comment