‘‘သူ့ရဲ့ နောက်ကြောင်းကိုတော့ မသိဘူး။ ရဲတွေလာပြီး စစ်တော့မှပဲ ထောင်ထွက်ဆိုတာသိတာ’’
ကြည်လင်း တည်းခိုခဲ့သော ဘုန်းကြီးကျောင်းရှိ ဆရာတော်တစ်ပါးနှင့် တွေ့ဆုံခြင်း
တရားလွှတ်တော် ရှေ့နေဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့်ကြည်လင်းသည် ရန်ကုန်မြို့တွင် ရှိနေစဉ်အတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကျောင်းတိုက်တစ်ခု၌ တည်းခိုခွင့်တောင်းခံနေထိုင်ခဲ့ပြီး လုပ်ကြံမှုဖြစ်ပွားသည့် ဇန်န၀ါရီ ၂၉ ရက် ညနေမှာပင် ၎င်းကျန်ရှိခဲ့သည့် ပစ္စည်းများကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကြည်လင်း တည်းခိုနေထိုင်ခဲ့သည့်ကျောင်းတိုက်ရှိ တတိယကျောင်းထိုင်ဆရာတော် ဦးဝိဇယနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကျောင်းတိုက်ကို ကြည်လင်းက ဘယ်ရက်လောက်က ရောက်လာတာပါလဲဘုရာ့။
၂ ရက်နေ့ (ဇန်န၀ါရီ) လောက်က စပြီးရောက်လာတာပါ။
ကျောင်းတိုက်မှာ တည်းခိုမယ်ဆိုရင် ဘာတွေလိုအပ်ပါလဲ။ အထောက်အထားတွေရှိမှ လက်ခံတာပါလား၊ အသိမိတ်ဆွေဆိုရင် လက်ခံတာပါလား။
ဘုန်းဘုန်းက အဲဒီလောက်ကြီးလုပ်မထားပါဘူး။ ဧည့်စာရင်းကလည်း သို့လောသို့လော ပြောသံကြားတော့လေ။ ဧည့်စာရင်းတွေ မတိုင်လို့ရပြီ။ ဘာညာနဲ့လည်း အုပ်ချုပ်ရေးတွေကပြောတဲ့အခါကျတော့ ဦးပဉ္စင်းလည်း ဧည့်စာရင်းမတိုင်မိဘူး။ မိတ်ဆွေချင်း အသိအသိချင်းဆိုရင်တော့ တည်းခွင့်ပြုပါတယ်။
ကြည်လင်းက ကျောင်းတိုက်ကို ဘယ်သူ့အဆက်နဲ့ ရောက်လာတာပါဘုရာ့။
သူ့ရဲ့အဆက်ကတော့ အရင် ကျောင်းထိုင်ဆရာတော်ကြီး ဦးဓမ္မိဿဆိုတာရှိပါတယ်။ ဦးပဉ္စင်း ဒီကျောင်းတိုက်ကို မရောက်ခင်ကတည်းက သူက ဒီကျောင်းတိုက် ကိုရောက်ဖူးနေတာပါ။
ကြည်လင်းက ဒီကျောင်းတိုက်မှာ အကြိမ်အရေအတွက် ဘယ်လောက်အထိတည်းခိုဖူးပါလဲ။
ခန့်မှန်းခြေ ၁၀ ကြိမ်လောက်တော့ လာဖူးပါတယ်။ အရင်က ပျောက်သွားတာက နှစ် ၂၀ ကျော်သွားပြီ။ ဦးပဉ္စင်းတို့က သေပြီလို့ တောင်ထင်တာပါ။ ဦးပဉ္စင်း ဒီ ကျောင်းတိုက်ကိုရောက်တဲ့ သက် တမ်းကလည်း မနည်းတော့ပါဘူး။ ၃၄နှစ် ရှိပါပြီ။ (၁၉)နှစ် သား ကိုရင်ဘ၀ကတည်းက ရောက်တာပါ။
အရင်အခေါက်လာတည်းခိုတာနဲ့ ဒီတစ်ခေါက် လာတည်းခိုတာကို လေ့လာရင် ဘာတွေများ ပြောင်းလဲမှုရှိတယ်ထင်ပါလဲ။
သိပ်ပြီးတော့ မပြောင်းလဲဘူးဗျ။ အရင်အတိုင်းပဲ။ သွက်သွက်လက်လက်လုပ်တော့ လုပ်ပါတယ်။ အရင်ကလည်းသူတို့ အလုပ် သူတို့လုပ်နေတာဆိုတော့ ဦးပဉ္စင်းလည်းမမေးမိဘူး။ သိပ်အရောမ၀င်ဘူးပေါ့။
ကြည်လင်းကို ဘယ်သူ လက်ခံခဲ့တာပါလဲ။ သူကကော ဘယ်လိုပြောပြီး တည်းခိုခွင့်တောင်းခဲ့တာပါလဲဘုရာ့။
သူက ဘယ်လိုလာလဲ ဆိုတော့ တပည့်တော်အရင်ကလည်း လာဖူးပါတယ်ပေါ့။ တပည့်တော်ဖိုးထူးပါပေါ့။ အရင်ဆရာတော်ကြီးလက်ထက်ကပေါ့။ ဦးပဉ္စင်းတို့ကလည်း မျက်မှန်းတော့ ကြည့်မိတာပေါ့။ ဆရာတော် (လက်ရှိကျောင်းထိုင် ဦးဝိစိတ္တ) ကတော့ ဘာမှတော့မပြောဘူးပေါ့ဗျာ။ မင်း.. အဲဒီလိုဆိုလည်း နေပေါ့ကွာဆိုပြီး ဒီလောက်ပဲ ပြောလိုက်တာပေါ့။
ကြည်လင်းက ဘယ်နှရက် နေမယ်ပြောပြီး တည်းခိုခဲ့တာပါလဲ။
အဲဒီလိုကိုမပြောဘူး။ ဦးပဉ္စင်းတို့လည်း မမေးမိဘူး။ ခါတိုင်းလည်း သူဒီလိုပဲပြောပြောပြီး ပြန်တာပဲ။
ဦးပဉ္စင်းတို့အနေနဲ့ သူ့ရဲ့နောက် ကြောင်းကို မသိဘဲနဲ့ လက်ခံခဲ့တာမျိုးလား။
သူ့ရဲ့ နောက်ကြောင်းကိုတော့မသိဘူး။ ရဲတွေလာပြီး စစ်တော့မှပဲ ထောင်ထွက်ဆိုတာသိတာ။
အခင်းဖြစ်တဲ့နေ့က ၂၉ ရက်နေ့ပါ။ အဲဒီနေ့က ကြည်လင်း ဘယ်အချိန်ထွက်သွားတာလဲ။ တစ်ခုခုများ ပြောသွားသေးလားဘုရာ့။
မနက်ပိုင်း ၁၂ နာရီလောက် လို့ ထင်တာပဲ။ တပည့်တော် အပြင်သွားလိုက်ဦးမယ်လို့ ပြော သွားတယ်။ အပြင်သွားမယ်ဆိုရင် သုံးခါလောက်တော့ ပြောသွားဖူး တယ်။
ကျောင်းတိုက်ကို ရဲတွေလာစစ်သွားတယ်လို့ သိရပါတယ်။ ဘယ်ရက်က လာစစ်သွားတာပါလဲ။ ဘာတွေများ စစ်တာပါလဲ။ ဘာတွေ ရှာဖွေတွေ့ရှိခဲ့ပါလဲဘုရာ့။
၂၉ ရက် ၅ နာရီခွဲလောက် ထင်တယ်။ ဖိုးထူးရဲ့အိတ်ကို အားလုံးဖွင့်ရှာကြတာပေါ့နော်။ ဦးပဉ္စင်းကလည်း ခိုင်းပါတယ်။ စေ့စေ့စပ်စပ်လေးလုပ်ဖို့။ ဟိုရောက်မှ တစ်ခုခုပေါ်နေမှာလည်း ကြောက်တယ်လေ။ အန္တရာယ်ကင်းအောင်လို့ဆိုပြီး သေသေချာချာလေးစစ်ကြပါ။ သူ့ရဲ့ထောင်ထွက်စာရွက်လည်း အမ်ပီတီဖုန်းကတ်ထည့်တဲ့စာရွက်လေးထဲမှာ ၀ှက်ထားတာ။ ရဲကထုတ်တော့မှ ဟာ...ဒီကောင်ထောင်ထွက်ပဲဆိုပြီး ရဲလည်း အဲဒီကျမှသိတာပါ။ ပစ္စည်းတွေကတော့ အများကြီးပါ။ သူ့ အိတ်ထဲမှာ အားသွင်းတာပါတယ်။ စက္ကူစာတမ်းတွေကလည်း အများကြီး။ နောက်ပြီး အမ်ပီတီကတ်တို့ ၊ တယ်လီနောကတ်တို့ အူရီးဒူးကတ်တို့ များများတွေ့ပါတယ်။ လေးငါးဆယ်ခုလောက်။ သူကဖုန်းနှစ်လုံးကိုင်တာတွေ့တယ်။
ရဲတွေကကော ကျောင်းတိုက်ကို ဘာတွေမှာသွားပါသေးလဲ။
သူထွက်တဲ့ ဆိုင်ကယ်တို့ ဘာတို့။ ဆိုင်ကယ်လည်း သူယူ သွားပါတယ်။ အခုလိုပဲ ကျောင်း တံခါးကိုပိတ်ထားဖို့ လောက်ပဲ ပြောပါတယ်။
ကြည်လင်းက ၂ ရက်နေ့ လောက်က ရောက်တယ်ဆိုတော့ ဆိုင်ကယ်ကကော ကျောင်းတိုက်ကို ဘယ်ရက်လောက်က ရောက်လာတာပါလဲဘုရာ့။
ဘယ်အချိန် ရောက်တယ် တော့ မသိလိုက်ဘူး။ တစ်ပတ် ကျော်ကျော်လောက် ( ၂၉ ရက်မ တိုင်ခင်) ထင်တယ်။ ဦးပဉ္စင်းက လည်းမရှိဘူး။ ဖျာပုံရောက်နေလို့ မသိဘူး။
ကြည်လင်းရဲ့ အခန်းဖော်က ဘယ်သူများပါလဲ။
အခန်းရယ်လို့မရှိပါဘူး။ ဒီ တိုင်းပဲ။ ဟောထဲမှာပါပဲ။ သူနဲ့ အတူပါလာတဲ့လူရယ်လို့မရှိဘူး။ တခြားလူတွေကလည်း ဆေးရုံ လာတဲ့လူတွေ ပြန်ကုန်ပြီ။
ကြည်လင်းဆီကို ဧည့်သည်တွေ လာတာများရှိဖူးလားဘုရာ့။
အဲ့လိုတော့မရှိဘူး။ နေ့တိုင်း တော့အပြင်ထွက်တယ်။ ထမင်း စားလည်း ထွက်ပါတယ်။
ကျောင်းတိုက်မှာ ဧည့်သည်အသစ်လက်ခံတာမျိုးရှိပါလား။
လက်မခံပါဘူး။ ဦးပဉ္စင်းတို့ ကိုယ်တိုင်က လက်မခံတာပါ။
ထမင်းက အပြင်က၀ယ်စားတာလား။ ဦးပဉ္စင်းတို့ကိုကော တည်းခို ခသဘောနဲ့ ၀တ္ထုငွေတွေ ဆက်ကပ်တာ ရှိဖူးပါလား။
ထမင်းက အပြင်က၀ယ်စား တာပါ။ ၀တ္တုငွေတွေပေးတာ လည်းမရှိပါဘူး။ ဟိုး...ကိုရင်ဘ၀ တုန်းက ပါတောင်ပါသွားဖူးသေး တယ်။ ကိုယ့်ဆီက။ ပိုက်ဆံယူ သွားဖူးသေးတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၀ ကျော်က။ ခံရတဲ့လူက တော့ မှတ်မိထားတယ်။ ငွေလေး ၃၅၀ ပါ။
ဒီကျောင်းတိုက်ထဲမှာ ကြည်လင်းနဲ့ စကားလက်ဆုံကျ ဖူးတဲ့လူတွေကောရှိပါလားဘုရာ့။
အဲဒီလိုတော့ မရှိပါဘူး။ ဦးပဉ္စင်းတစ်ပါးတော့ ရှိတယ်။
ဦးပဉ္စင်းတို့ကျောင်းတိုက်မှာ ကြည်လင်းတည်းခိုသွားတာနဲ့ ပတ်သက်ပြီး ဘာများ မိန့်ချင်တာ ရှိပါသလဲ။
ပြောချင်တာကတော့ ဦးပဉ္စင်း အခုဖြစ်တာတော့ မသိဘူးပေါ့။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို အခုလို လုပ်ကြံတယ်ဆိုတာ အင်မတန်မှပဲ စိတ်တောင် စိတ် မကူးရဲစရာအလုပ်ပါ။ အခုလို လုပ်လိုက်တယ်ဆိုတော့ အံ့လည်း အံ့သြမိတယ်။ တုန်လှုပ်သွားတယ်ပေါ့နော်။ ဦးပဉ္စင်းအနေနဲ့ကတော့ ဘာသာခြားတစ်ယောက်ဆုံးသွားတာ ၀မ်းတော့ဝမ်းနည်းပါတယ်။ အဲဒီလိုဖြစ်စေချင်တဲ့စိတ်လည်း မရှိပါဘူး။ ဖြစ်မှာလည်း ကြောက်ပါတယ်။ ဒီလူ
ကြီးတွေကလည်း နိုင်ငံအတွက် ကောင်းတာလုပ်နေကြတဲ့လူတွေပါ။
အပြင်မှာ သတင်းအမှားတွေ လည်းရှိတယ်။ ဘုန်းကြီးကျောင်း မှာတည်းပြီး ဘာသာခြား တစ် ယောက်ကို သတ်သွားတယ်ဆို တာမျိုးတွေပေါ့။ ဝေဖန်မှုတွေ ပုတ်ခတ်မှုတွေအပေါ်မှာ ဦးပဉ္စင်း အနေနဲ့ ပြန်လည်မိန့်ကြားချင် တာ ဘာများရှိနိုင်မလဲ။
ဒီမှာတောင် မဘသ အ ကြောင်းပြောတာကအစ ဆရာ တော် (လက်ရှိ ကျောင်းထိုင် ဦးဝိစိတ္တ)က မကြိုက်ဘူး။ နောက် ပြီးသံဃနာယက အကြောင်းပြောရင်လည်း မကြိုက်ဘူး။ ဆရာတော်ကြီးက သူ့တရားနဲ့ သူပဲနေနေပါတယ်။
Sources : 7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment