Latest News

Saturday, February 18, 2017

ဘဝကို ဖျက်ဆီးတတ်သော အရက်

ဘဝကို ဖျက်ဆီးတတ်သော အရက်

''အရက်ကိုကြိုက်လို့သောက်တဲ့သူ ...စိတ်ပျော် တတ်လို့ သောက်တဲ့သူ...စိတ်ညစ်တဲ့အမူးသမား...ညနေစောင်းတော့ပြောင်းလဲပြီ''

ဒီသီချင်းကိုဆိုလာရင် ကိုလှမောင် မူးလာပြီဆိုတာ ဇီးဖြူကုန်းတစ်ရွာလုံး သိသည်။ ညနေစောင်းတိုင်း အသံ စာစာဖြင့် အဆိုတော်စိန်ဝင်းထွန်းသီချင်းဆိုလာရင် ကိုလှမောင်ကြီးသာမှတ်ပေတော့။ တစ်ရွာလုံး ဒီသီချင်းကို သူတစ်ယောက်တည်းသာဆိုသည်။ အခြားသူများ ဆိုခဲ သည်။ အရက်သမားမျိုးရိုးဟုပင် သမုတ်ရမလိုပင်။ သူ့ အဘိုးလည်း အရက်ကြောင့် စောစောသေခဲ့ရသည်။ သူ့ အဖေလည်း အရက်ကြောင့် စောစောသေခဲ့ရသည်။ ကိုလှမောင်လည်း အရက်သမား။ ကလေးနှစ်ယောက်အဖေ။ သူ့မိန်းမ မိအေးလည်း ကိုလှမောင်ရဲ့ ညှဉ်းဆဲဒဏ်ကြောင့် ပိန်လှီနေသည်။ တစ်ရွာလုံးပတ်ပြီး လမ်းဘေးက အလေ့ကျ ပေါက်တဲ့ ဟင်းနုနွယ်အညွန့်လေးတွေ၊ ချဉ်ပေါင်ရွက် ကလေးတွေခူးပြီး ကလေးနှစ်ယောက်ကို မိခင်ကောင်း ပီသစွာ ထိန်းကျောင်းနေရတဲ့ မိခင်။ ယခုခေတ် ယခုအခါ အခမဲ့ပညာရေးစနစ်ကြောင့် မိအေး ကလေးနှစ်ယောက် အတွက် အသက်ရှူချောင်ရသည်။ ကလေးတွေအတွက် ပညာရေးက သိပ်စိတ်ပူစရာမလို။

''ဝေါ့...ထွီ...''

အိမ်ထဲဝင်ခါနီး ကိုလှမောင်ရဲ့ လေပျို့သံနဲ့အတူ သလိပ်ခပ်ထုတ်သံ။ ကိုလှမောင် ထမင်းစားပွဲကို ဝေ့ဝိုက် ကြည့်လိုက်သည်။ ကြက်ဥပြုတ်တစ်လုံး၊ ငါးပိရည် အရည် ကျဲကျဲတစ်ခွက်၊ တို့စရာအရွက်အနည်းငယ်နဲ့ ထမင်းဖြူ တစ်ပန်းကန်။ ကိုလှမောင် ဒေါသူပုန်ထသော မျက်နှာကြီး နဲ့ ထမင်းဝိုင်းကိုကြည့်ကာ

''ဝုန်း ...ချလွမ် ...ဂွမ်''

စားပွဲခုံမှောက်သံ၊ ဇွန်းသံ၊ ပန်းကန်ပြားလွင့်စဉ်သံနဲ့ အတူ စောင်အစုတ်လေးပေါ်တွင် အိပ်နေတဲ့ မျိုးမင်း၊ အောင်ဟိန်းတို့ လန့်ဖျပ်နိုးလာသည်။ မိအေးကတော့ အထိုင်မပျက် မျက်ဝန်းထဲက ကြောက်တဲ့စိတ်ကိုတော့ ဖုံးထားလို့မရ။ ဒါပေမယ့် မျက်ဝန်းထဲမှာတော့ ကြောက် ရိပ်သန်းနေသည်။

''မိအေး မိအေး၊ နင့် ငါ့များ ဘာအောက်မေ့နေလဲ ပြောစမ်း။ နေ့တိုင်း ဒါကြီးပဲ မစားနိုင်ဘူးကွ''

မိအေးအသံတုန်တုန်ယင်ယင်နဲ့

''အစ်ကိုရယ် ရှိတဲ့ပိုက်ဆံလေးနဲ့ ဝယ်ပြီးချက်ထားရ တာ။ ဒါလေးပဲရှိတယ်လေ။ ကလေးတွေလည်း ငါးပိရည် နဲ့ပဲ စားတယ်။ ကျွန်မက အစ်ကို့အတွက်မို့ ကြက်ဥလေး တစ်လုံးပြုတ်ထားတာ''

ကိုလှမောင် အသံပိုကျယ်လောင်လာသည်။

''တော်စမ်း ကောင်မ။ ငါ့ကို ဆင်ခြေမပေးနဲ့''

စကားသံမဆုံးခင် ကိုလှမောင်လက်ဝါးက မိအေးပါး ကို ''ဖြန်း...ဖြန်း...''ခနဲ နှစ်ချက်ဆင့်ချပစ်လိုက်သည်။

ကိုလှမောင် စိတ်ဆိုးမာန်ဆိုးနဲ့အိမ်ပေါ်က ဆင်းသွား သည်။ ဒါကလည်း မိအေးအတွက် တစ်လတစ်ခါနီးပါး လောက် ဖြစ်နေကျပြဿနာဖြစ်၏။ မိအေးက သိပ်တော့ မှုပုံမရ။ မိအေးရဲ့သူငယ်ချင်းတွေက မိအေးကိုမကြည့် ရက်သဖြင့် ဝိုင်းပြောသည်။ တစ်ရွာလုံးကလည်း ပြော သည်။

''မအေးရယ် နင့်ယောက်ျားက အလုပ်လည်းမလုပ်။ နေ့တိုင်းလည်း အရက်ချည်းပဲသောက်နေတယ်။ နင် အသက်တိုမယ်နော်''

ဘယ်သူတွေဘာပြောပြော ဘယ်လောက်ပြောပြော မိအေးရဲ့ လက်သုံးစကားတစ်ခုပဲ အမြဲပြောသည်။

''ဘယ်တတ်နိုင်မလဲ။ ကံပေါ့ဟယ်။ ကလေးတွေရဲ့ အနာဂတ်ပဲ စိုးရိမ်မိတယ်''

နောက် သက်ပြင်းအရှည်ကြီးချလေ့ရှိသည်။ ကိုလှမောင်ကို ရွာဦး သန္တုဋ္ဌီကျောင်းဆရာတော်ကတော့ ခဏခဏခေါ်ယူဆုံးမသည်။

''ဟေ့ ... ဒကာလှမောင်၊ အရက်ဆိုတာ ဘုရား မကြိုက်ဘူးကွယ့်။ ဘုရားမကြိုက်သလို ပတ်ဝန်းကျင်က လည်း မကြိုက်ဘူးကွယ့်။ အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ် ကွယ်လွန်ရတဲ့ ဒကာရဲ့အဘိုး၊ အဖေတို့ကိုပဲကြည့်လေ။

လက်အုပ်ချီကာ ကိုလှမောင်ကတော့

''မှန်ပါ့ဘုရား။ တင့်ပါ့ဘုရား''

နောက်ဆရာတော်လည်း ခဏခဏပြောရတာ မောလို့ ထင်သည်။ သိပ်ခေါ်ကာ ဆုံးမလေ့မရှိတော့ပေ။ ကိုလှမောင်ကတော့ မိအေးနဲ့မရခင်ကတည်းက သောက် လိုက်တဲ့အရက် သောက်မြဲ သောက်ဆဲပင်။ ဒေါ်ပလောင်မ ဘုံဆိုင်က ကိုလှမောင်အတွက် နိဗ္ဗာန်။ ကိုလှမောင်ဘဝ အရက်မရှိရင်မဖြစ်။ ဝိုင်းကောင်းလျှင် ပြောလိုက်သေး သည်။

''ဘာတဲ့ကွာ။ သြော် အင်း လူကိုဖျက်အရက်၊ ရှင် ကိုဖျက် ဓဇဂ်တဲ့ကွ။ တကယ်တော့ အဲဒီစကားပုံက မှား တယ်။ လူကိုဂုဏ်တက် အရက်၊ ရှင်ကိုဖျက် ဓဇဂ်ကွ''

မူးနေတဲ့ အသံအက်ကွဲကွဲကြီးနဲ့ အော်ကာအော်ကာ အာလေးလျှာလေးကြီးဖြင့် ပြောသည်။

ဒီနေ့ ကိုလှမောင်အတော်မူးလာပုံရသည်။ အဆိုတော် စိန်ဝင်းထွန်းသီချင်းတောင်မဆိုနိုင်။ ကိုလှမောင် ရွာထိပ် ညောင်ပင်ကြီးအောက်ကနေ ရွာထဲဝင်လာတာ ဘယ်သူ့ မှ မသိလိုက်။

''ဝေါ့...ဝေါ့...''

ဒီနေ့ အိမ်ခြံပေါက်ဝရောက်ရင် နေ့စဉ်ဖြစ်နေကျ။ သလိပ်ခပ်ထုတ်သံမကြားရ။ ခြေလှမ်းတွေကို ယိုင်နဲ့နဲ့ လှုပ်လီလုပ်လဲ့လှမ်းပြီး အိမ်ပေါ်ကိုတက်လာသည်။ ထမင်း စားပွဲခုံလေးဘေး ရေနံဆီမီးခွက်အလင်းရောင်လေးနဲ့ အတူ ငုပ်တုတ်ကလေးထိုင်နေသည်။ ဒီနေ့ကလေးများ ကို မိအေး အခန်းထဲမှာအိပ်ခိုင်းထားသည်။

''လာပြန်ပလား မိအေး။ ငါဘယ်နှစ်ခါပြောရမလဲ''

ပိုက်ဆံတစ်ပြားမှမရှာနိုင်ပေမယ့် အိမ်ထောင်ဦးစီး ဆိုတဲ့မာန်၊ မိအေးကြောက်မှန်းသိလို့ အတင့်ရဲခြိမ်းခြောက် သည်ဆိုလျှင် မမှား။ ကိုလှမောင် ထမင်းဝိုင်းကိုကြည့်ပြီး ပြောတဲ့အသံ ဖြစ်သည်။ မိအေးကတော့ ဖြစ်ရိုးဖြစ်စဉ်မို့ သိပ်မမှုတော့သလို ဒီနေ့ ကိုလှမောင်အိမ်ပြန်လာတာ ဆယ့်နှစ်နာရီကျော်ကျော်မှ ရောက်လာသည်။ ကိုလှမောင် ဘာမပြောညာမပြောနဲ့ မိအေးကို ထမင်းပန်းကန်နဲ့ လှမ်း ပစ်လိုက်သည် ။

''ခွမ်း....ချလွမ်''

မိအေးနဖူးပေါ်မှ သွေးများက ယိုစီးကျလာသည်။ မိအေး အိမ်အောက်ဆင်းပြေးသည်။ ကိုလှမောင်ပါးစပ် ကလည်း

''မသာမ ကျက်သရေကိုမရှိဘူး။ တစ်ခါလာလည်း ဒီဟင်း၊ ဒီထမင်း။ နင် ပြန်လာကြည့် ငါနဲ့တွေ့မယ်''

အရင်က တစ်ခါတစ်ရံ ကလေးတွေကိုခေါ်ပြီး ဆင်း ပြေးချိန်ရှိသည်။ ဒီနေ့တော့ မိအေးနဖူးကဒဏ်ရာက သွေးတအားစီး၊ ညဥ့်လည်းနက်၊ ကလေးတွေအိပ်မောကျ နေလို့ ကလေးနှစ်ယောက်ကိုတော့ ဒီအတိုင်းထားခဲ့လိုက် သည်။ မိအေးယောက်ျားက ဒဏ်ရာဒဏ်ချက်ရအောင် လုပ်ပြီဆိုရင် ဒဏ်ရာကိုဆေးလည်းထည့်၊ အိပ်လည်း အိပ်လို့ရတဲ့ ဘကြီးသာကျော်ဆီ အမြဲသွားအိပ်သည်။

''မီးဗျို့ ...မီးဗျို့...မီး...မီး''

မိအေးနားထဲကို အသံတွေ တဖြည်းဖြည်းတိုးဝင် လာသည်။ မိအေးမျက်လုံးဖွင့်သည်။ အပြင်က အသံတွေ က ပိုကျယ်လာသည်။ ဘကြီးသာကျော်က မိအေးအိပ် တဲ့ အခန်းတံခါးကိုလာခေါက်သည်။

''ဟဲ့...မိအေး...မိအေး...ထစမ်း''

ဘကြီးသာကျော်အသံကြားမှ မိအေးလူးလဲထသည်။ အခန်းတံခါးကိုဖွင့်သည်။ တံခါးဖွင့်ဖွင့်ချင်း

''မိအေး ရွာထဲမှာ မီးလောင်နေတယ်''တဲ့။

မိအေးအတွေးက အိမ်ကိုပြေးမြင်သည်။ မိအေး မျက်ရည်ပူများစီးလာသည်။ စိတ်ထဲကလည်း ငါ့အိမ် မဖြစ် ပါစေနဲ့၊ ငါ့အိမ်မဖြစ်ပါစေနဲ့ ဆုတောင်းသည်။ မိအေး ဘကြီးသာကျော်ကို ခပ်ဖြည်းဖြည်းတွန်းဖယ်ပြီး ဘကြီး သာကျော်အိမ်ပေါ်ကနေ တံခါးဖွင့်ပြီးဆင်းပြေးသည်။ တစ်ရွာလုံးလည်း ဆူညံလို့ပင်။ မိအေးဆုတောင်း မပြည့် ခဲ့။ မိအေးအိမ်ကို မီးတောက်ကြီးက ဝါးမျိုနေပြီ။ ထန်းရွက် မိုး၊ ထရံ၊ ဝါးလုံးတိုင်တွေနဲ့မို့ လောင်စာအားက ပိုကောင်း သည်။ မိအေးတို့ရဲ့သားလေးတွေကိုခေါ်ဖို့ မီးတောက် မီးလျှံကြားကို အတင်းပြေးဝင်သည်။ လူတွေက ဝိုင်းဆွဲကြ သည်။ မိအေး နှုတ်ဖျားကနေ အသံတစ်သံထွက်ကျလာ သည်။

''ငါ့သားလေး နှစ်ယောက်၊ ငါ့...ငါ့...သားလေး နှစ်...''

မိအေးလူတွေဝိုင်းဆွဲနေတဲ့ကြားမှာပင် သတိမေ့သွား သည်။ ထိုနေ့မှစ၍ ကိုလှမောင်ရဲ့ သီချင်းဆိုသံလည်း မကြားရတော့သလို ဘောင်းဘီနွမ်နွမ်းလေးတွေနဲ့ ကလေး နှစ်ယောက်ကိုလည်း မမြင်တွေ့ကြရတော့ပေ။

ဇီးဖြူကုန်းရွာကြီးရဲ့ ရွာအဝင် နတ်စင်ညောင်ပင်ကြီး အောက်မှာတော့ ဆံပင်စုတ်ဖွားဖွားနဲ့ အရိုးပေါ် အရေ တင် အင်္ကျီညစ်ထေထေနဲ့ အမြဲတမ်းငေးငိုင်ထိုင်နေတတ် တဲ့ သူတစ်ယောက်တော့ တိုးလာခဲ့သည်။ ထိုသူကား မည်သူနည်း။ မိအေးပင်ဖြစ်ပါတော့သတည်း။ ။

ဘုဏ်းနွယ် (ဟင်္သာမြေ)ပြန်/ဆက်

No comments:

Post a Comment