လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား(၄၄)ဦးကို မြဝတီမြို့သို့ လာရောက်လွှဲပြောင်းပေးအပ်
ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရာမှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံ အစိုးရဘက်မှ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ၊ ယာယီစောင့် ရှောက်ရေးဂေဟာတွင် ဇန်နဝါရီ (၃၁)ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ ဂေဟာအသီးသီးတွင် လက်ခံ စောင့်ရှောက်ထားသည့် လူကုန်ကူးခံရသူများအနက် နိုင်ငံသားစိစစ်မှုရှိပြီးသူ မြန်မာအလုပ်သမား(၄၄)ဦးကို ထိုင်းနိုင်ငံ၊ တာ့(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက မဲဆောက်-မြဝတီလမ်းကြောင်းမှ မြဝတီမြို့သို့ လာရောက် အပ်နှံပေးခဲ့ခြင်းဖြစ်သည်။ “ထိုင်းနိုင်ငံအတွင်း လူမှုစောင့်ရှောက်ရေးဂေဟာတွေမှာစောင့်ရှောက်ပေးထားတဲ့ မြန်မာအလုပ်သမား(၄၄)ဦး ကို ထိုင်းတာဝန်ရှိသူတွေက မြန်မာဘက် မြဝတီကို လာရောက်လွှဲပေးတာပါ။”ဟု မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။ပြန်လည်လွှဲပြောင်းပေးသူများတွင် ကျား(၂၂)ဦး၊ မ(၂၂)ဦးပါဝင်ပြီး ယင်းနေ့မှာပင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရှိ လူငယ်သင်တန်းကျောင်းသို့ မော်လမြိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကုန်ကျစရိတ်ခံကာ ခေါ်ဆောင်သွားပြီဖြစ် သည့်အပြင် မော်လမြိုင်၌ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပြီးပါက ခရီးစရိတ်ထောက်ပံ့ပေးကာ နေရပ်များသို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်က ထိုင်းမှာအလုပ်လုပ်ဖို့ ပွဲစားက တဆင့်ရောက်ရှိပြီး ထိုင်းငါးဖမ်းစက်လှေပေါ်ရောက်ရှိခဲ့ပါတယ်။ ငါးဖမ်းစက်လှေပေါ်မှာ မတရားခိုင်းစေမှုဒဏ်ကိုမခံနိုင်တော့လို့ (၁)နှစ်နဲ့(၄)လအလုပ်လုပ်ပြီး မြန်မာသံရုံးကို ဆက်သွယ်နိုင်ခဲ့တာကြောင့် ထိုင်းငါးဖမ်းစက်လှေပေါ်က ကယ်ဆယ်ခံရပြီး ထိုင်းလူမှုကယ်ဆယ်စောင့်ရှောက် ရေးဂေဟာမှာ (၁)နှစ်နေခဲ့ရပါတယ်။ စက်လှေပေါ်မှာလုပ်ရတာ လုပ်ခလည်းတစ်ပြားမှမရခဲ့ပါဘူး။ ထမင်းစားရ ရုံပါပဲ။ ထိုင်းလူမှုကယ်ဆယ်ရေးဂေဟာကနေတဆင့် အခုမြဝတီကိုရောက်ရှိလာခဲ့ရတာပါ။”ဟု မြဝတီသို့ရောက် လာသည့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်နေ ဦးကျော်မင်းအောင်ကပြောသည်။အဆိုပါလွှဲပြောင်းပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးသိန်းတန်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မြဝတီ)မှ ဒုတိယရဲမှူး မိုးဇော်သိန်းနှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ခရိုင်အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန္ဒာဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာပုံသတင်းစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment