Latest News

Wednesday, February 1, 2017

၂၀၁၅ နှင့် ယခင်နှစ်များက သွင်းထားသည့်ကားများ ငါးလအတွင်း ရောင်းမထွက်လျှင် သိမ်းမည်

၂၀၁၅ နှင့် ယခင်နှစ်များက သွင်းထားသည့်ကားများ ငါးလအတွင်း ရောင်းမထွက်လျှင် သိမ်းမည်


ရောင်းချခွင့်သက်တမ်း ခြောက်လ ထပ်မံတိုးမြှင့်ပေးထားသော ၂၀၁၅ ခုနှစ်နှင့် ယင်းနှစ်ထက် နောက်ကျသည့် ယခင်နှစ်များ အတွင်းက တင်သွင်းထားသည့် မော်တော်ယာဉ်များသည် ယခုနှစ်  ဇွန်လအတွင်းအထိ ရောင်းမထွက်ပါက သိမ်းဆည်းမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ မော်တော်ယာဉ်များ ရောင်းချခွင့်သည် ၂၀၁၆ ခုနှစ်အတွင်းက ၂ နှစ်ကျော် ကာလ အတွင်းသို့ ရောက်ရှိခဲ့သော်လည်း မော်တော်ယာဉ် လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် ခြောက်လ သက်တမ်းကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။
“ကျွန်တော်တို့ သက်တမ်းတိုးပေးပြီးသွားပါပြီ။ အရေးယူမယ့်အပိုင်းကို စတော့မှာပေါ့။ အဲဒီအချိန်အတွင်း ရောင်းမထွက်ရင်တော့ မူလနိုင်ငံကို ပြန်ပို့ရင်ပို့၊ မပို့နိုင်ရင် ကျွန်တော်တို့က သိမ်းမယ်။ ဒါမှမဟုတ် ဖျက်ဆီးပစ်မယ်” ဟု စီးပွား/ကူးသန်း လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ် မော်တော် ယာဉ်မူဝါဒအရ တင်သွင်းထားသည့် ၂၀၁၁ ခုနှစ်အောက် မော်တော်ယာဉ်များ အနေနှင့် ထိုသို့ အရေးယူခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းမော်တော်ယာဉ် အစီးရေသည် ၂၀၁၆ ခုနှစ် အတွင်းက ရန်ကုန်လိုင်စင် ပိတ်ထားခြင်း၊ မော်တော်ယာဉ် အရောင်းအဝယ် မကောင်းခြင်းနှင့် ၂၀၁၆ မူဝါဒ အပြောင်းအလဲများကြောင့် တင်သွင်းမှု များပြားထားသည့်အတွက် လက်ရှိအချိန်အထိ မရောင်းချရသေးသည့်  မော်တော်ယာဉ်  အစီးရေသည် တစ်နိုင်ငံလုံး အတိုင်းအတာအရ သောင်းဂဏန်းခန့် ရှိနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒါက အစကတည်းက သူတို့လုပ်မယ်လို့ ပြောထားတာပါ။ ဒါကို အချိန်တိုးပေးလိုက်တာပေါ့။ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူးလေ” ဟု မော်တော်ယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

မော်တော်ယာဉ် အရောင်းပြခန်းနှင့် စင်တာများအနေနှင့် မော်တော်ယာဉ်များ တင်သွင်းပြီး မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ ၂ နှစ်အတွင်း ရောင်းချနိုင်ခြင်း မရှိပါက မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည် ဆိုခြင်းကို သဘောတူနိုင်မှသာ တင်သွင်းခွင့် ရရှိခြင်း ဖြစ်သည်။    



The Voice


No comments:

Post a Comment