Latest News

Thursday, February 2, 2017

ဦးကိုနီ လုပ်ကြံမှု သံသယထွေ ထပ်မံပေါ်ထွက်

ဦးကိုနီ လုပ်ကြံမှု သံသယထွေ ထပ်မံပေါ်ထွက်

ဦးကိုနီကို လေဆိပ်မှာ သတ်ဖြတ်ခဲ့တဲ့ ဦးကြည်လင်းကို နောက်ကွယ်က ခိုင်းစေခဲ့သူအဖြစ် သတင်းထွက်နေတဲ့ ဗက ခေါ် ဦးအောင်ဝင်းဇော် ခေါ် ဦးမြင့်ဆွေဟာ မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ပြီး သူ့နောက်ကွယ်မှာ အဖွဲ့အစည်း ကြီးကြီးမားမားရှိနိုင်တယ်လို့ ဦးကြည်လင်းနဲ့ ဦးမြင့်ဆွေတို့နှစ်ဦးကို မန္တလေးအိုးဘိုထောင်မှာ သိကျွမ်းခဲ့တဲ့ ဦးအောင်စိုးက ပြောပါတယ်။

သူ့ကိုလည်း နိုင်ငံခြား သံတမန်တစ်ဦးကို သတ်ဖြတ်ပေးဖို့ ဦးအောင်ဝင်းဇော် ခေါ် ဦးမြင့်ဆွေက ၂၀၁၆ ခုနှစ်မှာ လာရောက်ကမ်းလှမ်းခဲ့ဖူးကြောင်း ဦးအောင်စိုးက ပြောပါတယ်။

"ဟိုးအရင်တုန်းကတော့ တပ်က ၂ ပွင့် အရာရှိတစ်ယောက်လို့ ပြောတယ်ခင်ဗျ၊ မိန်းမကိစ္စနဲ့ပြဿနာတက်ပြီးတော့ ထောင်တစ်ကြိမ်ကျဖူးတယ်ပြောတယ်၊ ကျနော်နဲ့ သူနဲ့ ဆုံတဲ့အချိန်အထိ ဒုတိယအကြိမ်အထိ ဘုရားခိုးမှုနဲ့ထောင်ကျတယ်ခင်ဗျ၊ သူ့နောက်ကွယ်က အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာရှိတယ်ဆိုတာကိုတော့ ကျနော် ကောင်းကောင်းခန့်မှန်းလို့ရတယ်၊ ဘာလို့လဲဆိုတော့ ဒီစကားဟာ သူ့နှုတ်ကထွက်သွားတဲ့ စကားဖြစ်တဲ့အတွက်ပါ၊ ကိုကြည်လင်းဟာ လက်ရှိအနေအထားပေါ့ဗျာ သူတိုက်ခန်းပေးထားတယ်တဲ့၊ ကားပေးတယ်တဲ့၊ ငွေကြေးအပြည့်အစုံပေးထားတယ်တဲ့၊ ကျနော့်ကို ဒီလိုမျိုးငွေသိန်းထောင်ချီအထိပေးတယ်၊ သူဒီငွေတွေ ဘယ်ကရလဲခင်ဗျ၊ ဘုရားသူခိုးတစ်ယောက်က၊ ဆိုတော့ ကြည်လင်းရဲ့နောက်မှာ ဗက ရှိတယ်၊ ဗကရဲ့နောက်မှာ နောက်ထပ်အဆင့်အဆင့်တွေရှိသေးတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးအောင်စိုးကို မနေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးက ခေါ်ယူပြီးမေးမြန်းခဲ့ပါတယ်။

ဦးအောင်ဝင်းဇော် ခေါ် ဦးမြင့်ဆွေကို ကရင်ပြည်နယ်တောင်ပိုင်း ထိုင်းမြန်မာနယ်စပ်မှာ တနင်္လာနေ့က
ဖမ်းဆီးရရှိခဲ့ပြီးဖြစ်တယ်လို့ AP သတင်းဌာနကထုတ်ပြန်ခဲ့ပေမယ့် အဲဒီ သတင်းကို အစိုးရက အတည်ပြုခြင်းမရှိသေးပါဘူး။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ ငါးရက်ရှိပြီဖြစ်ပေမယ့် စစ်ဆေးတွေ့ရှိချက်တွေကို သက်ဆိုင်ရာက အခုအချိန်ထိ ထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲကျင်းပခြင်း တစ်စုံတရာ မရှိတဲ့အတွက် အများပြည်သူအကြား အာဏာပိုင်တွေအပေါ် ပြစ်တင်ဝေဖန်မှုတွေ ပေါ်ပေါက်နေပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦးကလည်း လက်ရှိရဲတပ်ဖွဲ့ဟာ အခုလိုခေတ်မီနည်းပညာထွန်းကားခြင်း မရှိသေးတဲ့ ကိုလိုနီလက်ထက်ကိုပင်မမှီပဲ  အရည်အချင်းညံ့ဖျင်းလှပြီး ဒီအမှုမှာ ရက်ကြာလာတဲ့အမျှ အမှုမှန်ပေါ်ပေါက်ရေး မှေးမှိန်ပျေက်ကွယ်သွားမှာကို စိုးရိမ်နေရကြောင်း RFA ကိုပြောဆိုခဲ့ပါတယ်။

RFA

No comments:

Post a Comment