Latest News

Tuesday, February 28, 2017

ငြိမ်းချမ်းရေး ရထားကြီးပေါ် အားလုံးလိုက်ပါကြပါလို့ တပ်မတော် ဖိတ်ခေါ်

ငြိမ်းချမ်းရေး ရထားကြီးပေါ် အားလုံးလိုက်ပါကြပါလို့ တပ်မတော် ဖိတ်ခေါ်


နေပြည်တော်(ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် တပ်မတော်အနေဖြင့် ရာနှုန်းပြည့် မျှော်လင့်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးကြရန် ဗိုလ်ချုပ်ကြီး မြထွန်းဦးက တိုက်တွန်းပြောဆိုလိုက်သည်။

အစိုးရနှင့် တပ်မတော် စိတ်တူသဘောတူဖြင့် ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် “လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန် လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဘုရင့်နောင်ခန်းမတွင် ဖေဖော်ဝါရီ ၂၈ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးရထားကြီးကတော့ ဆက်ထွက်နေတာပဲ။ အဲ့တော့ ငြိမ်းချမ်းရေးလိုချင်တဲ့သူတွေ ဒီရထားကြီးပေါ်မှာ လိုက်နိုင်ဖို့ လိုအပ်တာပေါ့” ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့ကသာ လက်မှတ်ရေးထိုးထားပြီး ကျန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ပါဝင်လက်မှတ်ရေးထိုးပြီး လက်ရှိအစိုးရ၏ ၂၁ရာစုပင်လုံတွင် ပူးပေါင်းကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုထားသည်။

“အခုလက်ရှိ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို ကြိုးစားပြီးတော့ အကောင်အထည်ဖော်နေတာ။ ဒီအတွက်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံဆိုတာနဲ့ သွားနေတယ်။ ရထားကြီးက သူ့ဘူတာနဲ့သူ ဆက်သွားနေမှာပဲ။ အားလုံးပါဝင်ဖို့တော့ လိုအပ်တာပေါ့။ ကျွန်တော်တို့ကတော့ မျှော်လင့်ထားတယ်။ ၁၀၀ရာခိုင်နှုန်းပဲ” ဟု ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။

သို့သော် NCA စာချုပ်​တွင်​ လက်​မှတ်​မထိုးဘဲ နိုင်​ငံ​ရေးအခွင့်​အ​ရေးများကို ​ပြောဆိုပိုင်​ခွင့်​မရှိသလို ငြိမ်းချမ်း​ရေးရဖို့အတွက်​ လက်​နက်​အားကိုးဖြင့်​ ဖြတ်​လမ်းနည်းသုံးပြီး ​ဆောင်​ရွက်​၍ မရနိုင်​ဟုလည်း သတင်းစာရှင်းလင်းပွဲတွင်​ ၎င်းက​ပြောသည်​။

တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို “တကယ်ကို မြတ်နိုးတာပါ။ တကယ်ကို လိုချင်တာပါ” ဟုဆိုကာ “ငြိမ်းချမ်းမှ ကျွန်တော်တို့တိုင်းပြည် တည်ငြိမ်မှာ၊ တည်ငြိမ်အေးချမ်းတဲ့အခါကျမှ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် သိပ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

မနက်ဖြန် မတ်လ ၁ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တို့ နေပြည်တော်တွင် တွေ့ဆုံရန် ရှိနေသည်။

ထိုသို့တွေ့ဆုံရာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပါအဝင် အာမခံချက်ရှိပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့် တက်လှမ်းနိုင်ရန် UNFC ၏ အဆိုပြုချက် ၉ချက်အပေါ် အခြေခံပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဟု UNFC က ယနေ့ထုတ်ပြန်ထားသည်။



Mizzima

No comments:

Post a Comment