Latest News

Thursday, February 2, 2017

ရန်ကုန်၌ ကိုးရက်အတွင်း တရားမဝင်သစ် တန် ၈၈ဝ ကျော် (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၆ဝဝဝ ကျော်ခန့်) သိမ်းဆည်းရမိ

ရန်ကုန်၌ ကိုးရက်အတွင်း တရားမဝင်သစ် တန် ၈၈ဝ ကျော် (ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၆ဝဝဝ ကျော်ခန့်) သိမ်းဆည်းရမိ


ရန်ကုန် ဖေဖော်ဝါရီ ၂

ရန်ကုန်မြို့ MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာနှစ်လုံး အတွင်းမှ ကျွန်းသစ်ခွဲသား ၃၃ တန်ကျော်ကို ဇန်နဝါရီ ၂၄ ရက်က သိမ်းဆည်းရမိခဲ့သည်မှအစပြု၍ သတင်းကွင်း ဆက်များအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် သစ်များကို သစ်တောဦးစီးဌာနက ဆက်တိုက်သိမ်းဆည်းနိုင်ခဲ့သည်။



ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ ကိုးရက်တာအတွင်း ကျွန်း ၃၅ တန်ကျော်၊ ပိတောက် ၈၁၈ တန် ကျော်၊ တမလန်း ၂၃ တန်( စိစစ်ဆဲ)နှင့် ကုက္ကို နှစ်တန် ကျော် စုစုပေါင်း တရားမဝင်သစ်ခွဲသား တန် ၈၈ဝ ကျော်၊ (ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၆ဝဝဝ ကျော်ခန့်)ကို သစ်တောဦးစီးဌာ နက သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ပွဲစား၊ ခြံရှင်၊ ဂိုဒေါင်မှူး၊ ဂိုဒေါင်ပိုင်ရှင်နှင့် ဂိုဒေါင် ငှားသူတို့ကို သစ်တောဥပဒေ ၄၃(က)၊၄၂(ခ) တို့အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားမဝင်သစ်များ ဆက်တိုက်ဖမ်းဆီးရခဲ့မှုနှင့်စပ်လျဉ်း၍ သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများအား မြန်မာ့သတင်းစဉ်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးဇော်မင်း
ဒုတိယညွှန်ကြားရေးမှူးချုပ် ( စီမံခန့်ခွဲရေး )သစ်တောဦးစီးဌာန

မေး။ ။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခုရက်ပိုင်း တရားမဝင်သစ်တွေ ဆက်တိုက်သိမ်းဆည်းရမိနေတာ တွေ့ရပါတယ်။ အဲဒီအပေါ် ဘယ်လိုများ သုံးသပ်ပါသလဲ။

ဖြေ။ ။သစ်တောဦးစီးဌာနအနေနဲ့ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ကြိုးဝိုင်းကြိုးပြင် သစ်တောတွေကို ထိန်းသိမ်းကာကွယ်ပြီး တရားမဝင် ခိုးထုတ်တာတွေကို သစ်တော ကြိုးဝိုင်းတွေ ၊ လမ်းကြောင်းတွေနဲ့ ဆက်စပ်နယ်မြေတွေမှာ ရှာဖွေသိမ်းဆည်းတာတွေ လုပ်ရပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင်သစ် သိမ်းဆည်းရရှိမှု အနေနဲ့ စုစုပေါင်း ကျွန်း၊ သစ်မာနဲ့ အခြားအပါအဝင် ၂ဝ၁၇ ဇန်နဝါရီလကုန်အထိ စုစုပေါင်း ၄ဝ၅၆၈ တန် သိမ်းဆည်း ရမိခဲ့ပြီး ဖြစ်ပါတယ်။ ဆယ်စုနှစ်အနေနဲ့ စာရင်းများအရ ကြည့်ရင် အခုသိမ်းဆည်းမိတာဟာ ဒုတိယအများဆုံး ဖြစ်ပါတယ်။ အများဆုံးသိမ်းဆည်းမိတဲ့ ၂ဝ၁၄ -၂ဝ၁၅ ခုနစ် စာရင်းဆိုရင် ၄၁၁၂၇ တန် ဖြစ်ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနစ် သိမ်းဆည်းရမိတဲ့ အနေအထားကိုကြည့်မယ်ဆိုရင် ကျွန်းက နည်းတယ်၊ သစ်မာက တန် ၉၇ဝဝ ၊ ပိတောက်က ၅၂ဝဝ ကျော်၊ တမလန်းက တန် ၁ဝဝဝ ကျော် သိမ်းဆည်းရမိပါတယ်။ ပိတောက်က တန်ငါးထောင်ကျော် သိမ်းဆည်းမိတာ ကြည့်မယ်ဆိုရင် ပိတောက်ရဲ့ တရားမဝင် လုပ်ကိုင်ဆောင်ရွက်မှုက ပမာဏကြီးမားတာကို တွေ့ရတယ်။ ပိတောက်က အကျိုးအမြတ်များ တာကြောင့် ပြည်ပဈေးကွက်က ပိတောက်ကိုတောင်းဆိုမှုများ လာတာတွေ့ရတယ်။ လေး၊ ငါး၊ ခြောက်လအတွင်းမှာ ပိတောက်သိမ်းဆည်း ရမိမှုကို သစ်တောဦးစီးဌာနအနေနဲ့ နေရာအလိုက်၊ လမ်းကြောင်းအလိုက် သုံးသပ်ကြည့်မယ်ဆိုရင် ရန်ကုန်ကို ဦးတည်လာတာများတယ်။ အရင်ကဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနယ်မြေ၊ ကချင်ပြည်နယ်တို့ဘက်ကို ဦးတည်တာများတယ်။ ပိတောက်က မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးတာနည်းတယ်။ ပြည်ပနိုင်ငံတွေမှာတော့ တန်ဖိုးလည်းကြီးတယ်၊ ရှားပါး ပစ္စည်းလည်းဖြစ် တယ်။ တန်ဖိုးကြီး ပစ္စည်းအနေနဲ့ ထုတ်လုပ်သုံးစွဲနေတာဖြစ်တယ်။ ဒီသစ်တွေက ရန်ကုန်ကို ဦးတည်ပြီး ရောက်လာတယ်ဆိုတော့ တရားမဝင်ထွက်လို့ရတဲ့ လမ်းကြောင်းတစ်ခုခု ရှိတာကြောင့် ဖြစ်နိုင်တယ်။ အဲဒီလမ်းကြောင်းကို အသုံးပြုပြီး ပြည်ပကို ခိုးထုတ်တယ်လို့ ကျွန်တော်အကြမ်းဖျင်း သုံးသပ်တယ်။

သိမ်းဆည်းရမိရေးအတွက် အထူးလျှို့ဝှက် သတင်းထောက်လှမ်းပြီး သတင်းတည်ဆောက်တယ်။ တရားမဝင် သစ်ခိုးထုတ်တဲ့သူတွေကို အဆုံးစွန်နေရာကိုစပြီး ဖော်ထုတ်မိမှသာ ရှင်းရှင်းလင်းလင်းသိရမှာ ဖြစ်ပါတယ်။ အဲလို အဆုံးစွန်ထိ ဖော်ထုတ်နိုင်အောင် အချိန်စောင့်ရတယ်။ ပထမဆုံးစပြီးသိမ်းဆည်းမိတာက ဇန်နဝါရီ ၂၄ ရက် မတိုင်ခင်က ရန်ကုန်မြို့ အလုံမြို့နယ် MIP ဆိပ်ကမ်းဝင်းထဲမှာ တရားမဝင်သစ်တွေထည့်ထားတဲ့ ကုန်သေတ္တာ နှစ်လုံး ရောက်နေတယ်လို့ သတင်းရပြီးနောက် ဒါတွေကို ဖော်ထုတ်သိမ်းဆည်းဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းတယ်။ သူတို့တွေရဲ့ ရှေ့မှာပဲ ဖွင့်ဖောက်စစ်ဆေးတဲ့အခါ ကျွန်း ၃၃ တန်ကျော် အပြည့်ထည့်ထား တာ သိမ်းဆည်းမိတယ်။ ဒါတင်မကနိုင်ဘူး ဆိပ်ကမ်းထဲကို ဘယ်လိုဝင်လာသလဲ သတင်းကွင်းဆက် လိုက်တဲ့အခါ ဇန်နဝါရီ ၂၆ ရက်မှာ ကုန်သေတ္တာ ၁၁ လုံးအတွင်းမှာ ပိတောက်စကွဲယားတုံး ထုကြီးတွေ တန် ၁၆ဝ ကျော် သိမ်းဆည်းမိပါတယ်။ ဒီသစ်တွေကို ဘယ်နေရာမှာ စုပုံတယ်ဆိုတဲ့ ကွင်းဆက်ကို ဆက်လိုက်တဲ့အခါ ဇန်နဝါရီ ၂၈ ရက်က အမှတ် (၄၁ဝ)ဘီ စကားဝါလမ်း ပုလဲမြို့သစ် မင်္ဂလာဒုံခြံဝင်းထဲမှာရှိတဲ့ ကုန်သေတ္တာ ၂၄ လုံးမှာ ၁ဝ လုံးက တရားမဝင် ပိတောက်ခွဲသားတွေ အပြည့်ထည့်ထားတာတွေ့ရတယ်။ နောက် ကုန်သေတ္တာ ခြောက်လုံးက သင်္ဘောတင်တဲ့ Line Seal နဲ့ အကောက်ခွန်တံဆိပ်တွေပါပြီး ပိတောက်ခွဲသားတွေ ထည့်ထားတာတွေ့ ရတယ်။ ဒါကိုတော့ စိစစ်ဆဲဖြစ်ပါတယ်။ နောက် ကုန်သေတ္တာရှစ်လုံးကတော့ ဘာမှမရှိဘူး ၊ အလွတ်ပဲ။ နောက်ပြီး အပြင်မှာ ပိတောက်၊တမလန်းသားတွေ ပုံထားတာတွေ့ရ တယ်။ အဲဒီမှာ ဖမ်းမိတာ ကုန်သေတ္တာ ၁၆ လုံး၊ မြေပြင်မှာ ပုံထားတာ အပါအဝင် တရားမဝင် ပိတောက် ၃၇၅ တန်၊ တမလန်း တန် ၂ဝ သိမ်းဆည်းရမိတယ်။ ဒါ့အပြင် ကွင်းဆက်ကို ဆက်လိုက်တဲ့အခါ ဇန်နဝါရီ ၃၁ ရက်က ၁၆/ ၆၄ ဦးထွန်းညိုလမ်း ရွှေပြည်သာစက်မှုဇုန် (၃) ရဲ့ ခြံဝင်းထဲမှာ ပိတောက်တန် ၂၅ဝ၊ တမလန်း သုံးတန် တွေ့ရှိတယ်။ တမလန်းသုံးတန်က အမှတ်အသားပါတဲ့ အတွက် စိစစ်နေဆဲဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ဖေဖော်ဝါရီ ၁ ရက်မှာ လှိုင်သာယာ မွေးမြူရေးဇုန် အမှတ် (၉၆) ရွှေရင်အေးကျောင်းလမ်းရှိ ခြံဝင်းထဲမှာ ပိတောက် တန် ၃ဝ ၊ ကျွန်း နှစ်တန်၊ ကုက္ကို နှစ်တန် သိမ်းဆည်းမိခဲ့ပါ တယ်။ အားလုံး စုစုပေါင်းဆိုရင် တန် ၈၈ဝ ကျော် သိမ်းဆည်းမိခဲ့ပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်မှာ ရှုပ်ထွေးမှုမဖြစ်အောင်၊ တရားဥပဒေ နဲ့အညီဖြစ်အောင် သေချာစုံစမ်း ထောက်လှမ်းပြီး ပိုင်နိုင်မှသာ သက်ဆိုင်ရာ တရားသူကြီးဆီက ရှာဖွေဝရမ်းတောင်းရတယ်၊ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး မှူးတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရတယ်။ လျှို့ဝှက်စုံစမ်းထောက်လှမ်းတာကတော့ သစ်တောဦးစီးဌာနကပဲ ဆောင်ရွက်တာပါ။ ဖြစ်စဉ်တွေကို ဆက်စပ်ကြည့်ရင် ဖမ်းမိတဲ့ခြံပိုင်ရှင်၊ လုပ်ငန်းရှင်တွေကို ကိုက်ညီတဲ့ဥပဒေနဲ့တရားစွဲတယ်။ ပိတောက်ဆိုတဲ့တရားမဝင် သစ်ဆိုရင် ပုဒ်မ ၄၂/ခ နဲ့ တရားစွဲတယ်။ စုံစမ်းသိရှိရသလောက် ခြံတွေကိုတစ်ဆင့်ငှားထားတဲ့ တရားမဝင် သစ်ဆောင်ရွက်တဲ့သူတွေရဲ့အမည်ကိုလည်း ရထားပြီးတာကြောင့် တရားစွဲထားပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လုပ်နေပါတယ်။
အခုကိစ္စမှာ နောက်ကွယ်က စုပေါင်းပါဝင်ပြီး ဂိုဏ်းအသွင် ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်။

 နောက်ထပ်သတင်းအဆက်ရရှိရေးအတွက်လည်း ဆောင်ရွက်နေပါတယ်။ သစ်တောဦးစီးဌာနက တစ်နိုင်ငံလုံး ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောတွေ၊ သစ်တောဖုံးလွှမ်း တဲ့နေရာတွေမှာ တရားမဝင်သစ်ထုတ်လုပ်တာတွေ မရှိအောင် ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ သိမ်းဆည်း ရမိရေးကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်တဲ့အတွက်ကြောင့် ဆယ်စုနှစ်မှာ ဒုတိယအများဆုံး သိမ်းဆည်းမိတဲ့ အနေအထား ရောက်ရှိခဲ့ပါတယ်။
မေး။ ။ သစ်တောဦးစီးဌာနအနေနဲ့ တရားမဝင်သစ်တွေ သိမ်းဆည်းရာမှာ အခက်အခဲတွေ ၊ ကန့်သတ်ချက်တွေ ရှိရင်လည်း ရှင်းပြပေးပါ။
ဖြေ။ ။ကျွန်တော်တို့အတွက် ကန့်သတ်ချက်ဖြစ်နေတာက သစ်တရားမဝင်လုပ်တဲ့သူတွေ အသုံးပြုတဲ့ လိုင်စင်မဲ့ကားတွေ၊ လက်ကိုင် စက်လွှတွေရဲ့ သက်ရောက်မှုတွေပဲဖြစ်ပါတယ်။ လိုင်စင်မဲ့ကားတွေနဲ့ တရားမဝင် သစ်တွေကို သယ်လာပြီးဖမ်းဆီးပြီဆိုရင် ကားကိုထားပြီး ထွက်ပြေးကြတယ်။ ကားရဲ့တန်ဖိုးက လိုင်စင်မဲ့ဆိုတော့ သစ်လောက်တန်ဖိုးမရှိဘူး။ လက်ကိုင်စက်လွှတွေဆိုရင်လည်း သစ်ပင်တစ်ပင်ကို အချိန်တိုအတွင်း လှဲဖြတ်နိုင်ပြီး သစ်ခွဲသားများရတဲ့အထိ ဖြတ်တောက်နိုင်တယ်။ အရင်ကဆိုရင်တော့ သစ်ပင်ကို အချိန်ယူပြီး ခုတ်လှဲရတယ်။ သစ်ခွဲသားရဖို့လည်း သစ်စက်ကို သွားရတယ်။ ဒါကြောင့် လိုင်စင်မဲ့ကားတွေနဲ့ ၊လက်ကိုင်စက်လွှတွေက တရားမဝင်သစ်ထုတ် တဲ့သူတွေ အတွက် အားသာချက်တွေ ဖြစ်နေပြီး ကျွန်တော်တို့အတွက် ကတော့ ကန့်သတ်ချက် တစ်ခု ဖြစ်နေတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ လာသမျှ ကားတိုင်းကိုလည်း ကုန်စည်စီးဆင်းမှု နှောင့်နှေး မှာစိုးလို့ စစ်ဆေးဖို့ ခက်ခဲတာတွေရှိတယ်။ တရားမဝင်သစ် တွေ သယ်ဆောင်ရာမှာလည်း ကားအတွင်းထဲမှာ ဝရိန်နဲ့ ပိတ်ပြီး ထည့်သွင်းသယ်ဆောင်တာတွေလည်း ရှိတယ်။လူနာတင်ယာဉ်အသွင်မျိုးတွေ ၊ ကုန်စည်တွေကို အပေါ်က ဖုံးပြီး အောက်က တရားမဝင်သစ်တွေ သယ်ဆောင်တာ မျိုးတွေလည်းရှိတဲ့အတွက် ဒါတွေက အခက်အခဲဖြစ်ရတယ်။

ဒါပေမယ့် နိုင်ငံရဲ့ သစ်တောထွက်ပစ္စည်းတွေကို ကြိုတင်ကာကွယ်တားဆီး မှုအနေနဲ့ ပြည်ပကိုတရားဝင် တင်ပို့မယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ အတိအကျ ချမှတ်ပြီး၊ အဖွဲ့အစည်းတွေ ဖွဲ့ပြီး စိစစ်တယ်။ သစ်တောဦးစီးဌာနက တရားမဝင် သစ်ထွက်တဲ့နေရာတွေကို အင်နဲ့အားနဲ့ သိမ်းဆည်း ဆောင်ရွက်နေပါတယ်။ ရန်ကုန်ကိုဝင်တဲ့ လမ်းကြောင်းဆိုရင် အမြန်လမ်း၊ ရန်ကုန်- မန္တလေးလမ်း၊ ပြည်ဘက်က လမ်းဟောင်း၊ တိုင်းဒေသကြီး/ခရိုင်တွေက သတင်းရအောင် စုံစမ်းပြီး ဖိဖိစီးစီး သိမ်းဆည်းမိဖို့ကို ဆောင်ရွက်နေတယ်။ သစ်တောတွေရှိတဲ့ တောတောင်တွေကို ကာကွယ်ဖို့ ပီပီ ပြင်ပြင် ဆောင်ရွက်နေပါတယ်။ အခုလို သိမ်းဆည်းမိတာက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ သိမ်းဆည်းမိပေမယ့် အဲဒီသစ်ပင်က တောထဲမှာ သစ်ပင်အဖြစ် မရှိတော့ဘဲနဲ့ ဆုံးရှုံးသွားခဲ့ပါပြီ။

မေး။ ။သစ်တောသယံဇာတ ထိန်းသိမ်းရေးအတွက် ပြည်သူလူထုအပါအဝင် အားလုံးကပူးပေါင်းပါဝင်ဆောင် ရွက်ဖို့ သစ်တောဦးစီးဌာနအနေနဲ့ ဘယ်လိုဆောင်ရွက် နေပါသလဲ။

ဖြေ။ ။သစ်တောဦးစီးဌာနရဲ့ ဦးတည်ချက်ကတော့ ကြိုးဝိုင်းကြိုးပြင် သစ်ကောင်းရှိတဲ့နေရာတွေကို ကာကွယ် ထိန်းသိမ်းဖို့ အစီအမံတွေ လုပ်နေပါတယ်။ ကာကွယ်တဲ့ အပိုင်း၊ သိမ်းဆည်းရမိတဲ့အပိုင်းတွေကိုလည်း ဘက်ညီအောင် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ သစ်တော ပြုန်းတီးမှုနှုန်းက ကမ္ဘာမှာ အပေါ်ပိုင်းအဆင့် ရောက်နေပါတယ်။ လက်ရှိမှာ အစီအမံတွေ ချမှတ်ပြီး ကျွန်းသစ် ထွက်ရှိတဲ့ မူရင်းဒေသဖြစ်တဲ့ ပဲခူးရိုးမကို သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်လိုက်တယ်။ ပြန်လည်ပြုစုပျိုးထောင်ပြီး ဆက်ထိန်းပါမယ်၊ စိုက်ခင်းတွေလုပ်ပြီး သစ်တောဖုံးလွှမ်းမှု ပိုကောင်းအောင် ဆောင်ရွက်မယ်။ မြန်မာ့သစ်တော ပြန်လည်ပြုစု ပျိုးထောင်ရေး ဆယ်နှစ်စီမံကိန်းကို ရေးဆွဲပြီးပါပြီ။ နိုင်ငံတော်အစိုးရကလည်း ခွင့်ပြုပြီးပါပြီ။ နိုင်ငံတော် ဘတ်ဂျက်နဲ့လည်း စတင်နေပါပြီ။ ကျွန်တော်တို့ ရဲ့ မူဝါဒ ခြောက်ချက်ထဲမှာ ပြည်သူလူထုပူးပေါင်းပါဝင်မှုက အဓိကအချက်အနေနဲ့ ပါဝင်ပါတယ်။ ကြိုးဝိုင်း ကြိုးပြင် သစ်တောတွေကို သစ်တောဝန်ထမ်းတွေက လက်ချင်း ချိတ်ပြီး ပိတ်ထားလို့ မရပါဘူး။ အုတ်နံရံ ခြံစည်းရိုးပိတ်ထား လို့ မရဘူး။ ကျွန်တော်တို့ သစ်တောဝန်ထမ်းအင်အားနဲ့ နိုင်ငံတော်ရဲ့ကျယ်ပြန့်တဲ့ သစ်တောတွေကို ကာကွယ်လို့ မရဘူး။ အဓိက အရေးကြီးဆုံးက ပြည်သူလူထုက သတင်းပေးမယ်၊ ပူးပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ထိန်းသိမ်းမှုက ပြည်သူကထိထိ ရောက်ရောက် ပူးပေါင်းပါဝင်လေ နိုင်ငံတော်အတွက် အကျိုးများလေ။ သားစဉ်မြေးဆက်အထိ ဒီသစ်တော သဘာဝသယံဇာတကြီးကို ဆက်လက်လွှဲပြောင်းပေးနိုင်သွားမှာဖြစ်ပါတယ်။ သစ်တောတွေ ပျက်စီးမှုကြောင့် ရာသီဥတုပြောင်းလဲမှုက ကမ္ဘာနဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ အတွက် သစ်တောတွေ ပျက်စီးလေလေ၊ အတန်းအစားတွေ ကျဆင်းလေလေ၊ သဘာဝဘေးဒဏ်ကို ခံနိုင်ရည် နည်းလေဖြစ်ပါတယ်။ ဒါကြောင့် သစ်တောဦးစီးဌာန တိုးချဲ့ ပညာပေးရေးဌာနက တစ်နိုင်ငံလုံးကို နေရာဒေသအလိုက် သစ်တောကြိုးဝိုင်းကြိုးပြင်တွေကိုကာကွယ်ဖို့ ၊ မထိန်းသိမ်းနိုင်ရင် ဒေသခံ ပြည်သူလူထုအပေါ် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ရေရှည်မှာ ပိုပြီး ဆိုးမယ်။ ထိန်းသိမ်းနိုင်မှ အကျိုးအမြတ်ရမယ်ဆိုတာကို ပညာပေးရေးတွေ ဆက်တိုက်ဆောင်ရွက်နေပါတယ်။

ဆက်လက်ဖော်ပြပါမည်

ပြန်/ဆက်

No comments:

Post a Comment