မြောက်ကိုရီးယား နျူအစီအစဉ် အမေရိကန်ရဲ့ပြဿနာသာဖြစ်တယ်လို့
တရုတ်ပြော
မြောက်ကိုရီးယား နိုင်ငံ နဲ့ပတ်သက်ပြီး တရုတ်ပါဝင်တဲ့အခန်းကဏ္ဍအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံဖိအားပေးမှုတွေကို တရုတ်ဘက်က ငြင်းဆန်လိုက်ပြီး သည်နျူကလီးယားပြဿနာရဲ့ အခရာကျတဲ့အချက်ကတော့ အမေရိကန်အစိုးရနဲ့မြောက်ကိုရီးယားအစိုးရကြားက အငြင်းပွားမှုတစ်ခုပဲ ဖြစ်တယ်လို့ ပြောပါတယ်။
ထရမ့်ဟာ ကြာသပတေးနေ့က ရိုက်တာသတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှာ တရုတ်ဟာ သူတို့ဆန္ဒရှိရင် နိုင်ငံ လုံခြုံရေးအပေါ် မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ဖြေကြားခဲ့ပြီး ပြုံးယမ်းရဲ့ နောက်ထပ်ရန်စမှုတွေကို ကြိုးစားပြီးထိန်းချုပ်ဖို့ တရုတ်အစိုးရကို ဖိအားပေးလိုက်ပါတယ်။
တရုတ်ဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပြီး သည်ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက်တွေဖယ်ရှားပစ်ဖို့နဲ့ မြောက်ကိုရီးယား အစိုးရနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ဆွေးနွေးမှုတွေပြန်စတင်ဖို့ ကြိမ်ဖန်တလဲလဲတောင်းဆိုထားပါတယ်။
ဒါ့အပြင် သူက မြောက်ကိုရီးယားကို ကုလသမဂ္ဂကချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေအကျိုးသက်ရောက်မှုရှိ အောင် စိတ်နှစ်လုပ်ဆောင်နေတယ်လို့လည်း အခိုင်အမာပြောထားပါတယ်။
‘ မြောက်ကိုရီးယားရဲ့နျူကလီးယားပြဿနာရဲ့အခရာကျတဲ့အစိတ်အပိုင်းက အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားကြားက ပြဿနာပဲဖြစ်တယ်လို့ ကျွန်တော်တို့အကြိမ်ပေါင်းများစွာပြောခဲ့ပြီးပါပြီ’ လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသား ဂန်းရှောင်အမ်က သောကြာနေ့ကပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာနိုင်ငံတွေဟာ ကိုယ့်တာဝန်ကိုယ်ထမ်း၊ ကိုယ်နဲ့ဆိုင်တဲ့အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်ပြီးတော့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းတည်ငြိမ်မှုရှိဖို့နဲ့ နျူလက်နက်တွေဖျက်သိမ်းဖို့အတွက် တရုတ်နဲ့အတူတကွ အောင်မြင်အောင်လုပ်ဆောင်ကြဖို့ မျှော်လင့်တယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကလည်း မြောက်ကိုရီးယားအပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုတွေကို ပုံကြီးချဲ့ပြောထားကြတာသာဖြစ်တယ်လို့ ပြောပါတယ်။ ဆင်ဟွာရဲ့အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ အစီရင်ခံချက်တစ်ခုထဲမှာလည်း ထရမ့်ရဲ့အိမ်ဖြူတော်အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုဖို့ ပထမဆုံးလုပ်ဆောင်ဖို့လိုအပ်ပြီး သည်လိုကြိုးစားတဲ့အတွက် အမေရိကအနေနဲ့ ဆုံးရှုံးသွားစရာ ဘာတစ်ခုမှမရှိဘူးလို့ ဆိုထားပါတယ်။
ချိုလေးငယ်
ref:AP. Feb 25, 2017
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment