Latest News

Tuesday, February 21, 2017

သွားခြောက်ချောင်းကျိုးအောင် ညှဉ်းပန်းနှိပ်စက်ခံရသူဟုဆိုသည့် အိမ်အကူကို စစစ်

သွားခြောက်ချောင်းကျိုးအောင် ညှဉ်းပန်းနှိပ်စက်ခံရသူဟုဆိုသည့်

အိမ်အကူကို စစစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှိ တိုက်ခန်းတစ်ခုတွင် အိမ်ရှင်အမျိုးသမီး၏ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် အပေါ်သွားလေးချောင်းနှင့် အောက်သွား နှစ်ချောင်း ကျိုးခဲ့ရသည်ဟု ဆိုသော အသက် ၁၂ နှစ်အရွယ် အိမ် အကူ မိန်းကလေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံး တွင် စတင် စစ်ဆေးခဲ့သည်။

အဆိုပါ အိမ်အကူ မိန်းကလေးမှာ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ မြို့မအရှေ့ ရပ်ကွက်တွင် နေထိုင်ပြီး  အိမ်နီးချင်းဖြစ် သော  အသက် ၁၉ နှစ်အရွယ် မနှင်းဝေ ကျော်နှင့်အတူ ရွှေကမ္ဘာအိမ်ရာရှိ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏ နေအိမ်တွင်  တစ်လ ကျပ်ငါးသောင်းဖြင့် အိမ်အကူအလုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင် ဝင်ရောက်လုပ်ကိုင်ကာ  ၂ နှစ်ခွဲ စာလုပ်အားခ ကြိုတင်လစာငွေ ကျပ် ၁၅ သိန်းကို ယူခဲ့ကြောင်း ၎င်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ယင်းအိမ်အကူ အလုပ်စဝင်ချိန် သုံးလခန့်က ဆူပူရိုက်နှက်မှု မခံရသော်လည်း နောက်ပိုင်းတွင် အိမ်အလုပ် လုပ်ရာတွင် မှားယွင်းမိပါက အိမ်ရှင်ဒေါ်ခင်နန်းတင့်က ဆဲဆိုကာ ၎င်း၏ပါးကို ဖိနပ်ဖြင့်ရိုက်ခြင်း၊ ခြေသလုံးနှင့် လက်ဖဝါးတို့ကို တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ဒယ်အိုးဖြင့် ထုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်း အပြင် ရေချိုးခန်းအတွင်း ပိတ်လှောင်၍ အိမ်အကူဖြစ်သူ မနှင်းဝေကျော်ကို ဒေါ်ခင်နန်းတင့်က ငရုတ်ကျည်ပွေ့ပေးပြီး သွားများကို ရိုက်ချိုးရန် ဖိအားပေးစေခိုင်းခဲ့ကြောင်း ယင်း ၁၂ အရွယ် မိန်းကလေးက ပြောသည်။

“အလုပ်အတူလုပ်တဲ့ အစ်မက မလုပ်ရက်ဘူး၊ ဒေါ်ခင်နန်းတင့်က အစ်မရဲ့လက်ကို အတင်းတွန်းပြီး သမီးရဲ့သွားတွေကို ချိုးခိုင်းတာ၊ အစ်မ နှင်းဝေကျော်မှာ အပြစ် မရှိပါဘူး၊ အိမ်ရှင်က အတင်းခိုင်းလို့ သူလည်းကြောက်ပြီး လုပ်မိတာပါ၊ သမီးတို့နှစ်ယောက်က ညီအစ်မတွေလို ချစ်ချစ်ခင်ခင် နေကြတယ်၊ ဒေါ်ခင်နန်းတင့်အိမ်မှာ အလုပ်လုပ်တုန်းက သမီးကြောင့် သူ့အိမ်က ပစ္စည်းတွေ ပျောက်တာ ပျက်စီးတာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောကြားသည်။

အိမ်ရှင်ဒေါ်ခင်နန်းတင့်၏ ဖိအားပေး စေခိုင်းမှုကြောင့် သွားများ ရိုက်ချိုးခဲ့ရသည်ဟုဆိုသော အိမ်အကူ မနှင်းဝေကျော်ကို မရမ်းကုန်း မြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ဖြင့် တရားစွဲဆိုထားပြီး ဒေါ်ခင်နန်းတင့်ကို ရာဇသတ်ကြီး ပုဒ်မ ၃၂၅/ ၃၄၂/ ၁၁၄ ဖြင့် တရားစွဲဆိုထားကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အဆိုပါ အိမ်အကူ နှစ်ဦးတို့ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် အိမ်အကူပွဲစား ဒေါ်စိုးဥမ္မာလှိုင်နှင့် ဆက်သွယ်၍ ၎င်းတို့၏ မိဘများရှိရာ မြစ်သားမြို့သို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း၊ ယင်းနောက် အိမ်အကူ မိန်းကလေးဘက်က ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘုရင့်နောင်နယ်မြေ ရဲစခန်းထံ တိုင်တန်းခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့သည်။

အဆိုပါ တိုင်ကြားမှုကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပြီးနောက် မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားစွဲတင်ခဲ့ရာ တရားလို ဖြစ်သူ ၁၂ နှစ် မိန်းကလေး၏ အဘွားတော်စပ်သော ဒေါ်ခင်ဝင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ယင်းမိန်းကလေးကို ဆက်လက် စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အိမ်အကူကို ညှဉ်းပန်းနှိပ်စက်သူဟု စွပ်စွဲခံရသော အိမ်ရှင် ဒေါ်ခင်နန်းတင့်မှာ အသက် ၆၀ ကျော်အရွယ်ဖြစ်ပြီး ခါးရိုးအက်သည့် ဝေဒနာကို ခံစားနေရသူ ဖြစ်သောကြောင့် သန်မာဖျတ်လတ်သည့် ယင်းမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ရန် မဖြစ်နိုင်ကြောင်း၊ ယင်းအမှုမှာ လီဆည် တိုင်ကြားခံရခြင်းဖြစ်ကြောင်း ဒေါ်ခင်နန်းတင့်၏ မိတ်ဆွေ ဦးဝင်းအောင်က ပြောကြားသည်။

“မနန်းက ခါးရိုးဝေဒနာ ခံစားနေရလို့ နိုင်ငံခြားသွားပြီး ဆေးကုသမှု ခံယူနေရသူပါ၊ တိုင်ကြားခံရသလို ဒီကလေးကို ချုပ်နှောင်ပြီး သူက လုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ပြီးတော့ ဒီကလေးတွေက မနန်းတို့နဲ့ တစ်မြို့တည်းသူတွေ”ဟု ၎င်းက မှတ်ချက်ပေးသည်။

အိမ်အကူနှစ်ဦးမှာ ယူထားသည့် လစာကြိုတင်ငွေများမှ ကျပ် ၂,၁၈၀,ဝ၀ဝ ကို ပြန်ပေးရန် ကျန်ရှိနေပြီး ယင်းငွေ ပြန်ရလိုမှုဖြင့် အိမ်ရှင်ဒေါ်ခင်နန်းတင့်က မြစ်သားမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

“ယူထားတဲ့ငွေတွေကို အိမ်ဖော် မိသားစုဘက်က ပြန်မဆပ်နိုင်တော့တဲ့ အနေအထား ဖြစ်နေတယ်၊ မပေးရရေးအတွက် လုပ်နေပုံမျိုးပဲ၊ အိမ်ရှင်မနန်းကတော့ အမှုမှန်ပေါ်တဲ့အထိ တရားရင်ဆိုင် သွားမယ်လို့ သူက ပြောတယ်”ဟု ဦးဝင်းအောင်က ဆိုသည်။

အိမ်အကူ မိန်းကလေးနှစ်ဦးဘက်ကလည်း ၎င်းတို့မှ အိမ်ရှင်မိသားစုထံ နစ်နာကြေးငွေ တောင်းခံမှု မရှိခဲ့ကြောင်းနှင့် ယင်းအမှုကို ဥပဒေလမ်းကြောင်းအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု The Voice သို့ ပြောသည်။

The Voice

No comments:

Post a Comment