Latest News

Wednesday, February 1, 2017

“လူထုကို နားလည်အောင် သဘောပေါက်အောင် ရှင်းပြရတဲ့ အခါမှာ အခက်အခဲ တော်တော် ရှိပါတယ်” ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ် မေးမြန်းခြင်း

“လူထုကို နားလည်အောင် သဘောပေါက်အောင် ရှင်းပြရတဲ့ အခါမှာ အခက်အခဲ တော်တော် ရှိပါတယ်” ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဆက်သွယ် မေးမြန်းခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၈ – လက်ရှိအစိုးရ ၁၀ လတာ ကာလအတွင်း ပြည်နယ်၊ တိုင်းဒေသကြီးတွေရဲ့ ဝန်ကြီးချုပ် တွေဟာ ဒေသအတွင်း အခြေခံလူမှုဘဝ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို အစီအစဉ် ချမှတ် လုပ်ဆောင် နေကြပါတယ်။ တချို့ ဒေသတွေမှာ အဲသည်လို ပြောင်းလဲမှုကို လက်မခံဘဲ ကန့်ကွက်မှုတွေ ရှိပါတယ်။ ကရင်ပြည် နယ်အတွင်းမှာလည်း အဲသည်လို ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ဆောင်ရာမှာ ဘယ်လိုအခက်အခဲတွေဖြစ်တယ်၊ နယ်စပ်ဒေသရဲ့ တရားမဝင် ကုန်စည်စီးဆင်း မှုကို တားဆီး ထိန်းချုပ်ဖို့ အတွက် ဆောင်ရွက်ထားမှုတွေ၊ နေရပ် ပြန်လာမယ့် ဒုက္ခသည်တွေအတွက် ပြင်ဆင်ထားမှု၊ မူးယစ်ဆေး သုံးစွဲနေတဲ့ လူငယ်တွေကို စတင် ဆောင်ရွက်တော့ မယ့်အခြေအနေတွေကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို တယ် လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ကုမုဒြာ။ ။ ဝန်ကြီးချုပ်အဖြစ် ၁၀ လကြာ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ရလဲ။

ဝန်ကြီးချုပ်။ ။လူထုက အန်တီတို့အပေါ်မှာ နားလည်မှု မရှိတာဟာ တော်တော်ရင်ဆိုင်ရတဲ့ အခက်အခဲပဲ။ နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ မြေယာတွေပေါ့။ အခုထက်ထိ မရသေးဘူးလားဆိုတဲ့ ခံစားချက်ပေါ့။ အန် တီတို့ကပဲ မလုပ်ပေးသလိုမျိုး။ တချို့ မြေတွေဆိုရင် ပြန်တောင်းပေးရတယ်။ ပြန် တောင်းတဲ့အခါမှာ ပြန်စွန့်ပေးတာလည်း ရှိတယ်၊ မစွန့်ပေးတာလည်းရှိတော့ မစွန့်ပေးတာကို မစွန့်ပေးဘူးလို့ ပြောရင် အန် တီ တို့ကို မကျေမနပ်ဖြစ်ပြန်ရော။ သူတို့ရဲ့ စိတ်ထဲမှာ အန်တီတို့ လုပ်မပေးဘူးလို့ ထင် နေကြတယ်။ နားလည်မှု နည်းနည်း လွဲနေတာပေါ့။ သူတို့ ပြန်တောင်းတိုင်း ရရမယ်လို့ ထင်နေတယ်။ အန်တီတို့ လုပ်ထားတာတွေကလည်း အများကြီးပဲ။ တချို့ဟာ တွေမှာ အခက်အခဲ ရှိတာတွေလည်း ရှိ တယ်။

ဥပမာ အန်တီတို့က မီးပေးချင်တယ်။ ဈေးသက်သက် သာသာနဲ့ ပေးဖို့အတွက် ရေအားလျှပ်စစ်ထုတ်ချင်တယ်။ အဲသည် အခါမှာ ဒါတွေလုပ်ရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမယ်၊ ထိခိုက်မယ်ဆိုတာမျိုး ပေါ့။ အန်တီတို့ ပြောချင်တာ တစ်ခုကို လို ချင်ရင်တော့ တစ်ခုကို စွန့်ပေးရမှာပဲလေ။ အန်တီတို့ဆီမှာ ဂေါဒန်ကျောက်တွေ သိပ်ကောင်းတဲ့ အခါကျတော့ ဘိလပ်မြေ စက်ရုံတွေ တည်မယ်ဆိုရင် အန်တီတို့ဆီက လူတွေ အလုပ်အကိုင် ရတာပေါ့။ အန်တီ တို့က အဲသည်လို ဖြစ်စေချင်တယ်။ ဒါပေမဲ့ ပြည်သူတွေက ဒါတွေတည်ရင် တောင်တွေ ပြုန်းမယ်ဆိုတာမျိုးပေါ့။ အန်တီတို့ လုပ်လိုက်တဲ့ဟာက ပြည်ပကိုတောင် မဟုတ်ဘူး။ ကိုယ့်ပြည်တွင်းထဲမှာပဲ လမ်းတွေ၊ ကျောင်းတွေဆောက်ဖို့ အသုံးပြု နေ ရတာ ပါ။ အခုခေတ်က အရင်လို ခေတ်တွေ လိုမှ မဟုတ်တော့တာ။ ဘိလပ်မြေတွေနဲ့ ဆောက်ကြတာများတယ်လေ။ အဲသည် လိုမျိုးတွေပေါ့။ စိတ်သွားတိုင်း ကိုယ်မပါ နိုင်ဘူးပေါ့။ ကိုယ်က ဖြစ်စေချင်တဲ့ဟာတိုင်းလုပ်စေချင်တာတော့ အများကြီး ရှိ တယ်။ ဒါတွေကို လူထုကို နားလည်အောင် သဘောပေါက်အောင် ရှင်းပြရတဲ့အခါမှာ အခက်အခဲတော်တော်ရှိပါတယ်။

ကုမုဒြာ ။ ။ ဝန်ကြီးချုပ်အနေနဲ့ စိန်ခေါ်မှုတွေကြားကပဲ ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နိုင်ခဲ့တဲ့ ကိစ္စတွေရှိလား။

ဝန်ကြီးချုပ် ။ ။ အားရကျေနပ်မိတာ တစ်ခုကတော့ အန်တီတို့ကရင်ပြည်နယ်မှာ ဇွဲကပင်တောင်ဆိုတာက ဘယ်မြို့နယ်၊ ဘယ်ဒေသနဲ့မှ မတူညီဘူး။ နောက်ပြီး အ ဝေးက ကြည့်မယ်ဆိုရင် လယ်ကွင်းတွေ၊ တောင်တန်းတွေနဲ့ အင်မတန်ကို ကြည့်လို့ကောင်းတယ်။ လူတိုင်းက အဲသည် ရှုခင်းတွေကို သဘောကျကျတယ်။ အန်တီတို့ အစိုးရတက်လာပြီးတော့ အဲသည်နေရာ မှာ ဟိုတယ်တွေ ဆောက်ချင်တယ်လို့ အဲ သည်က လယ်မြေတွေကို တောင်းကြတယ်။ အဲသည်မြေတွေကို အန်တီတို့က ပြောင်းလဲ မပေးချင်ဘူး။ အဲသည်လယ်မြေတွေထဲမှာ တချို့ကို မြို့မြေပေးထားတဲ့ အခါကျတော့ လူတွေက မြို့မြေဖြစ်ပြီဆိုပြီး တောင်းကြတာ။ အန်တီက အဲသည် မြို့ မြေ တွေ အားလုံးကို လယ်ယာမြေထဲ ပြန်ထည့်လိုက်တယ်။ နောက်အဆက်ဆက်ကျရင် မြို့အနီးအနားက သည်လိုရှုခင်းလေးတွေက သဘာဝအတိုင်းပဲရှိစေချင်တယ်။ အန်တီ ဝန်ကြီးချုပ်အဖြစ် တက်နေသမျှ ကာလပတ်လုံးတော့ ဘယ်သူမှ တိုက်တွေဆာက်တာ၊ ဟိုတယ်တွေ ဆောက် တာ မပေးလုပ်ဘဲ သဘာဝအတိုင်းရှိဖို့ ထိန်းသိမ်းထားတယ်။

နောက်ထပ် ကျောက်ထုတ်လုပ်ငန်း တွေရှိတာပေါ့။ နင်းကန် ပြီးတော့ ကျောက်တွေ ထုတ်ကြတယ်။ အန်တီက သဘာဝ ကို ပျက်စီးစေမယ့် ကျောက်ထုတ် လုပ်ငန်းတွေကို ဘာမှ ပေးမလုပ်ဘူး။ လုပ်မယ်ဆိုရင် ဟိုးဝေးလံတဲ့ နေရာတွေကို သွားလုပ်ခိုင်းတယ်။ မြို့ နားမှာရှိတဲ့ကျောက်ထုတ် နေတာတွေကို အန်တီက လိုက်ပြီးတား တော့ တချို့ ကျောက်ထုတ်တဲ့လူတွေက မုန်းတီးကြတာပေါ့။ ဈေးကောင်းရတာဆိုတော့ သူတို့ အတွက်က ဟုတ်တာပေါ့။ သာမန်လူတွေအတွက်တော့ သဘာဝအလှတွေကို မမြင်ရတော့ဘူး။ ဒါကြောင့်  အန်တီလုပ်နေ တဲ့အချိန်လေးမှာ ဒါတွေကို ထိန်းသိမ်းရင် အချိန်မီသေးတယ်လို့  ထင် တယ်။ ဒါပေမဲ့ ဟိုအရင်ကတည်းက ပေးထားလို့ ဟိုတယ်ကြီးဖြစ်နေရင်တော့ အန်တီတို့ မထိန်းသိမ်းနိုင်တော့ဘူးပေါ့။

ကုမုဒြာ။ ။ ဝန်ကြီးချုပ်တက်လာပြီးတော့ ဒေသအတွင်း ပြည်သူလူထုအတွက် အခြေခံလူမှုဖွံ့ဖြိုးရေးအတွက် ဘာတွေလုပ်ဆောင်ပေးနေလဲ။

ဝန်ကြီးချုပ်။ ။ စက်မှုဇုန်ပေါ့။ အရင်တုန်းက သည်အတိုင်းပဲ။ အခု အန်တီတက်လာ ပြီးမှ ရော်ဘာစက်ရုံလုပ်ချင်တဲ့အတွက် အဲသည်စက်မှုဇုန်ထဲမှာပဲ ဧက ၁၀ဝ သတ် သတ်ယူတဲ့သူရှိတယ်။ ဝါးရဲ့အချောထည် ပစ္စည်းထုတ်လုပ်ဖို့အတွက် စကားပြောတာတွေ ရှိတယ်။ ဒါတွေက ချက်ချင်းတော့ ဖြစ်လာမှာမဟုတ်သေးပေမဲ့ အခု လာရောက်ပြီးတော့  စမ်းသပ်ကြပြီ၊ ဝယ်ယူမှုတွေရှိလာပြီ။ အာဆီယံအရှေ့တောင် အာရှလမ်းမကြီးကရှိလာပြီဆိုတော့ ဈေးကွက်ရှိလာတော့မှာပါ။ အခုစက်မှုဇုန်မှာ ဆိုရင်လည်း အရင်ထက် စက်ရုံ သုံးရုံလောက်တိုးလာပြီ။ ဒါက ရပ်တန့်လုနီးပါး ဖြစ်နေတဲ့ဟာတွေ ပြန်လုပ်လာနိုင်တာပေါ့။

အန်တီက လျှပ်စစ်နဲ့ပတ်သက်ပြီး လူ ထုကို မြန်မြန်ဆန်ဆန်ရစေချင်တော့ ဆို လာတွေလည်းလုပ်တယ်။ အခုစမ်းသပ်တဲ့ အခြေအနေပြီးသွားပြီးတော့ ဆန်းစစ်ဖို့ အချိန်ရောက်နေပြီဖြစ်တယ်။ လျှပ်စစ်မီး က ကျေးရွာတွေက အရမ်းလိုချင်နေကြ တော့ ကျေးရွာတွေအတွက်ပဲလုပ်ပေးနေတယ်။

အန်တီတို့ဆီမှာ မြို့မြေတော့ ဖြစ်နေပြီ။ ဒါပေမဲ့ သူတို့က ခေတ်အဆက်ဆက်နေလာခဲ့တဲ့မြေတွေဖြစ်တော့ အခုအချိန် အထိ ဂရန်မရသေးတဲ့သူတွေ မြို့ပေါ်မှာ အများကြီးရှိနေသေးတယ်။  အရင်တုန်းက လိုချင်လို့ရှိရင်လည်း ပိုက်ဆံပေးရပြီး နှစ်နဲ့ ချီပြီး စောင့်ရတယ်။ ဂရန်ရတဲ့အခါကျ တော့ ရောင်းဝယ်တာတွေ လုပ်ကိုင်လို့ရတော့ လူတွေအတွက် ပိုပြီးတော့ အာမခံချက်ရှိတာပေါ့။ အခုမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တစ်ရပ်ကွက်ကို စတင်မယ်။ အဲသည်ရပ်ကွက်ကို ဂရန်ထုတ်ပေးမယ်။ အိမ်တိုင်ရာရောက်လိုက်ပြီးတော့ လုပ်ပေး မယ်။ အရင်က လူတွေက ရုံးတွေ ခဏခဏသွားပြီးတော့ လုပ်ရတာ။ အဲသည်လို အိမ်တိုင်ရာရောက် လုပ်ပေးတဲ့အခါမှာ လက်ပြောင်းလက်လွှဲလုပ်မထားဘဲ နဂိုမူ ရင်းအတိုင်း လက်ဝယ်ရှိနေတဲ့သူတွေကတော့ မြန်မှာပေါ့။ နှစ်ဆင့် သုံးဆင့် ပြောင်း လဲထားတာမျိုးဆိုရင်တော့ ပြန်လည်စိစစ်ရတာကြာတာပေါ့၊ အန်တီတို့ဆီမှာ အကွက် ၁၀ဝ ပဲ  ရှိပေမဲ့ မြေပြင်မှာ အကွက် ၂၀ဝ  ဖြစ်နေတာမျိုးတွေလည်းရှိတယ်။  ဒါ တွေက အခုစတင်ပြီးတော့ လုပ်ဆောင် နေပါပြီ။

ကုမုဒြာ။ ။ ကရင်ပြည်နယ်ဟာ ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးလာဖို့အတွက် အစီအစဉ်သစ်တွေ လုပ်ဆောင်ဖို့ရှိလား။

ဝန်ကြီးချုပ်။ ။ အခုအန်တီတို့ဆီမှာ ပြင်ဦးလွင်က ဘီအီးရေတံခွန်လိုမျိုးတွေရှိတယ်။ အဲသည်နေရာက တော်တော်အေးချမ်းတယ်။ အခု ငြိမ်းချမ်းရေးကလည်းရပြီဆိုတော့ အဲသည်နေရာလေးကို သေချာစိစစ် ပြီး ခရီးသွားလုပ်ငန်းလုပ်ဖို့ရှိတယ်။ လူတွေရဲ့သဘောက မရောက်ဖူးသေးတဲ့နေရာဆိုရင် ပိုလာချင်ကြတယ်။ တကယ့်သဘာဝအတိုင်းမပျက်စီးသေးတဲ့အတွက် တိုးရစ်တွေလည်း စိတ်ဝင်စားကြမှာပါ။  အမှိုက်တွေလည်း လုံးဝမရှိသေးဘူး။ အဲသည်လိုနေရာလေးသုံးနေရာလောက်တွေ့ထားတယ်။ အဲသည် နေရာလေးတွေကို တိုးတက်အောင် စီစဉ်ပေးဖို့ ရှိတယ်။

ကုမုဒြာ။ ။  ကရင်ပြည်နယ်လက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြေရှင်းပေရတာ ရှိလား။

ဝန်ကြီးချုပ်။ ။ ငြိမ်းချမ်းရေးလုပ်ထားတဲ့ အဖွဲ့တွေမှာလည်း  ပြဿနာဆိုတာလည်း ရှိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး  သာလုပ်ထားပေမဲ့ သူ့နယ်မြေ  ကိုယ့်နယ်မြေ စပ်ကြားတွေရှိတာပေါ့။ အရင်တုန်းက အုပ်ချုပ်ရေး လက်လှမ်းမမီခဲ့တဲ့ နေရာတွေပေါ့။   အခုအချိန်မှာတော့  အုပ်ချုပ်ရေး လက်လှမ်းမီနေပြီပေါ့။ အဲ သည်  နေရာတွေမှာ တရားဥပဒေ စိုးမိုးရေး  သွားလုပ်တဲ့ အခါကျရင် အရင်တုန်းက အဲ သည် နေရာ တွေက သူတို့ ဥပဒေရှိထားတဲ့  အခါကျတော့ သည်ဘက်ဥပဒေကို မသုံး ဘူးဆိုတာမျိုးတွေက နည်းနည်းတော့ စိတ်အနှောင့် အယှက်ဖြစ်တာတော့ ရှိ တယ်။  ပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင်လည်း ဟိုအရင် သူတို့ပိုင် ဆိုင်ခဲ့တဲ့ အိမ်ခြံပေါ့။  သူတို့ မနေတာကြာတော့ သူများတွေက တက်နေကြတယ်။   သူ တို့ မြေ သူတို့ ပြန်လိုချင် တဲ့ဟာတွေကလည်း အများကြီး  ရှိတယ်။

ကုမုဒြာ။ ။  နေရပ်ကို ပြန်လာမယ့် ဒုက္ခသည်တွေအတွက် စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကိုသိချင်ပါတယ်။

ဝန်ကြီးချုပ်။ ။  ဒုက္ခသည်တွေအတွက် ပြီးပြည့်စုံအောင်တော့ အန်တီတို့ မစီစဉ်ပေး နိုင်ပါဘူး။ ဟိုဘက်မှာကတော့ အချိန်တန် ရင် စားရမယ်။  ပူရင်ပူသလို အေးရင် အေးသလို စောင်တွေရမယ်ပေါ့။ သူတို့က ပြန် လာရင် အစိုးရက ဘာလုပ်ပေးမလဲ၊ သူတို့ လုပ်ငန်းတွေ ဘာတွေ လုပ်ပေးမလဲ  ဆို တော့  အန်တီတို့ကသည်ထဲမှာတောင် အလုပ်အကိုင်ရဖို့ဆိုတာ ကြိုးစားပေးနေရ တာ။ သူတို့အတွက်  ရေအသင့်ကြာအသင့် တော့ မရှိသေးဘူး။ ဒါပေမဲ့   သူတို့  ပြန်လာ လို့ ရှိရင် နေဖို့ထိုင်ဖို့ နေရာထိုင်ခင်းကိုတော့ အန်တီတို့  စီစဉ်ပေးနိုင်မယ်။ သူတို့ အတွက် ပေ ၄၀ ၊ ပေ ၆၀ ခြံကလေးတွေ ရေမီးအပြည့်အစုံလေးတွေပေါ့။ တချို့နေရာလေးတွေမှာ တည်ဆောက်လို့ တောင်  ပြီးနေပြီ။ အခု တော့ သူတို့က သူတို့ ပြန်လာရင် ထောက်ပံ့ကြေး ဘယ်လောက် ပေး ရမယ်  ဆိုတော့  အန်တီတို့မှာ  အဲသည်လို ထောက်ပံ့ကြေးပေးနိုင်တဲ့အခြေအနေမရှိဘူး။

ကုမုဒြာ။ ။ နယ်စပ်ဒေသကနေ  တရားမဝင် ကုန်စည်စီးဆင်းနေတာတွေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ ရှိပါသလဲ။

ဝန်ကြီးချုပ်။ ။ အခု အန်တီတို့  ကုန်သွယ်ရေးက အခွန်အကောက်တွေ လေလွင့်မှု  မရှိဘဲ  ရရှိအောင်ဆိုပြီးတော့ မရမ်းဂျောင်မှာ စိစစ်ရေးစခန်း ပြန်ဖွင့်မယ်။ အဲဒါ ပြန်ဖွင့်ရင်လည်း  ကားကျပ်တဲ့ ပြဿနာဖြစ် လာနိုင်တာကြောင့် အန်တီတို့က  ခရီး သည်တွေဝင်တဲ့ ဂိတ်ပေါက်တစ်ခု၊ ကုန်ပစ္စည်းတွေဝင်တဲ့ ဂိတ်ပေါက်တစ်ခုပေါ့၊ တိုးဂိတ်တွေပေါ့၊ အဲသည်လို  လုပ်ပေးတဲ့ အခါကျရင်  ယာဉ်ကြောပိတ်ဆို့တာလည်း မရှိတော့ဘူးပေါ့။  ကုန်စည်စီးဆင်းမှု အ ပေါ်  မှာ သည်အတိုင်းတော့မဖြစ်ဘူးပေါ့။  မြဝတီမှာဆိုရင် ကုန်စည်ယိုပေါက်တွေ အများ ကြီး ပဲ။  ကြိုက်တဲ့နေရာကနေဝင် ကြိုက်တဲ့ နေရာကနေ ထွက်သွားလို့ရနေတယ်။ မရမ်း ဂျောင်ဂိတ်ဆိုရင် မွန်နဲ့ ကရင်နှစ်ခုစလုံးကို  ချုပ်ထားတဲ့ နေရာဖြစ်တယ်။  အန်တီတို့  အဲသည်နေရာကနေပြီးတော့ ကုန်စည်စီးဆင်းမှုကို  ပြန်ပြီးတော့ ထိန်းချုပ်မယ်။

ကုမုဒြာ။ ။  ကရင်ပြည်နယ်အတွင်းမှာ အခြေခံကျောင်းသားလူငယ်တွေကအစ မူးယစ်ဆေး သုံးစွဲနေတဲ့ ပြဿနာကိုတော့ ဘယ်လို ဖြေရှင်းဖို့ လုပ်ဆောင်နေလဲ။

ဝန်ကြီးချုပ် ။ ။ မူးယစ်ဆေးနဲ့ပတ်သက်ပြီး စီစဉ်ထားတယ်။ အန်တီတို့ဆီမှာ ရောင်းချတဲ့သူနဲ့ သုံးစွဲတဲ့သူရှိရာမှာ ကလေးတစ်ယောက်မှာ မူးယစ်ဆေးနှစ်ပြားတွေတာနဲ့ ထောင်ချလိုက်တယ်ဆိုတာက လွယ်တယ်။ ဒါပေမဲ့ ထောင်ထဲရောက်သွားလို့ ရှိရင် ကလေးက ကောင်းသွားရင် ကိစ္စမရှိဘူး။ ငယ်တဲ့ကလေးတစ်ယောက်က ထောင်ထဲမှာ သိပ်ကောင်းတဲ့ အလားအလာမရှိဘူး။ အန်တီတို့ကိုယ်တိုင်လည်း ထောင်ထဲမှာ နေဖူးတယ်လေ။ ပြုပြင်သွားတယ်ဆိုတာက တော်တော်ရှားတယ်လေ။ လူသတ်တဲ့သူတွေနဲ့ အတူနေရတယ်ဆို ရင် အစပိုင်းမှာ ကြောက်ရွံ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ နေထိုင်ရင်း ယဉ်ပါးနိုင်ပြီး စိတ်ရိုင်းတွေ ပြောင်းလဲသွားနိုင်တယ်။ အဲ သည်လိုမျိုးကလေးတွေက ပြောင်းလဲ သွားမယ်ဆိုတာထက်ကို အန်တီတို့က ပြု ပြင်ရေးစခန်း လိုအပ်တယ်။ အန်တီ တောင်းတဲ့အခါကျတော့ ပေးပါတယ်။ မကြာခင်မှာလည်း ဒါကို တည်ဆောက် တော့မှာပါ။

ကုမုဒြာ။ ။ တခြား ဖြည့်စွက်ပြောချင်တာရှိပါသလား။

ဝန်ကြီးချုပ်။ ။လူထုအတွက် လုပ်ပေးချင်တာ အများကြီးရှိပါတယ်။ စီးပွားရေးက တစ်ခါတလေကျရင် လုပ်ပေးချင်တဲ့သူက လာတယ်။ ပြောင်းတွေ လာစိုက်ပေးမယ်။ တိရစ္ဆာန်အစာစက်ရုံ လာဆောက်ပေးမယ်၊ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ နွားတွေမွေးမယ်။ နွားတွေမွေးရင် နိုင်ငံခြားကို အသားတင်ပို့နိုင်ဖို့အတွက် လုပ်မယ်ဆိုရင် အန်တီ တို့ဆီက သက်သတ်လွတ် စားကြတာဖြစ် တော့ နွားတွေသတ်တာ မကြိုက်ပါဘူးဆိုတဲ့ အခါကျတော့ လုပ်ကိုင်ရမယ့် လုပ်ငန်း ကြီးတွေက အထစ်အငေါ့တွေ ဖြစ်လာတယ်။ ပြောင်းတွေစိုက်ပြီး တခြားကို တင်ပို့တာ ဈေးနှိမ်ခံရတယ်ဆိုရင် တိ ရစ္ဆာန်တွေမွေးပြီးတော့ အစာကျွေးမယ်လေ။ အဲသည်လိုတွေအတွက် လာပြီး တော့ ရင်း နှီးမြှုပ်နှံချင်တဲ့ သူတွေ အများ ကြီးပါ။ ဒါကို လူထုက နားလည်ပေးရမယ်။ လျှပ်စစ်မီး ကို ဈေးသက်သက်သာသာနဲ့ လိုချင်သေးတယ်။ အဲသည်လိုသုံးဖို့အတွက် လုပ် မယ့်ဟာကျတော့လည်း ဒါက မကြိုက်ဘူး၊ ဒါက ဘာဖြစ်တယ်ဆိုတော့ လေ၊ တစ်ခုကို လိုချင်ရင်တော့ တစ်ခုကို ဆုံးရှုံးရမှာပဲ။ တခြားနိုင်ငံက တိုးတက်တာကို မြင်ပြီး သည်လိုတော့ ဖြစ်တယ်ဆို ရာမှာ  အဲသည် နိုင်ငံက လူတွေလည်း တစ်ချိန်က သည်လိုပဲ ဖြတ်ကျော်ခဲ့ရတာပါ။ အဲသည်လိုမျိုး နေချင်ပြီး ဟိုဟာ သည်ဟာ ပြောနေရင် တော့ အန်တီတို့ အလုပ်မဖြစ် ဘူး။

ကုမုဒြာ။ ။အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Author  မေစုကြည်
ကုမုဒြာ

No comments:

Post a Comment