အသက်အရွယ် အိုမင်းနေသော ဘုန်းတော်ကြီးကို လိုက်လံရှာဖွေရာမှ ထိုင်းရဲများ ဥမင်လိုဏ်ခေါင်းများကို တွေ့ရှိ
ကြီးမားသော အလွဲသုံးစားမှုဖြင့် စွဲချက်တင်ခံထားရပြီး တိမ်းရှောင်နေသည့် အသက်အရွယ် အိုမင်းနေသော ဘုန်းတော်ကြီးတစ်ပါးကို ဒုတိယမြောက်နေ့အဖြစ် လိုက်လံရှာဖွေရာတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များသည် အငြင်းပွားဖွယ်ရာ ဓမ္မကာယဗုဒ္ဓဂိုဏ်း၏ ပန်းကန်ပြားပျံပုံသဏ္ဌာန် ဆောက်လုပ်ထားသော ကျောင်းတော်၏အောက်၌ လျှို့ဝှက်လိုဏ်ခေါင်းများအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဘန်ကောက်မြို့ပြင်ရှိ ကြီးမားလှသော ဓမ္မကာယကျောင်းတော် မြေအောက်၌ ပုန်းအောင်းနေသည်ဟု ယုံကြည်ရသည့် အသက် ၇၂ နှစ်အရွယ် ဘုန်းတော်ကြီး ဖရာဓမ္မချာယိုကို ရှာဖွေမှု၌ ရဲအရာရှိပေါင်း ထောင်နှင့်ချီလျက် ပါဝင်ခဲ့ကြောင်း သိရသည်။
၁၉၇၀ ပြည့်နှစ်တွင် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတစ်ခုအဖြစ် ထူထောင်ခဲ့သည့် ကျောင်းထိုင် ဘုန်းတော်ကြီးဟောင်းဖြစ်ပြီး ဒကာ၊ ဒကာမ များနှင့် နောက်လိုက်နောက်ပါများ အံ့မခန်း များပြားသည့် အဆိုပါ ဘုန်းတော်ကြီးအား ငွေကြေးခ၀ါချမှုနှင့် ထောင်ကျနေသော ကော်ပိုရေးရှင်းဘဏ်တစ်ခု ပိုင်ရှင်ထံမှ ဒေါ်လာ ၃၃ သန်း တန်ဖိုးရှိ ရန်ပုံငွေများကို လက် ခံထားမှုတို့ဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။
သို့သော် ကြောင်နှင့် ကြွက်ကစားသကဲ့သို့ ပို၍ပို၍ ထူးဆန်းလာသော ဖမ်းဆီးရန် ရှာဖွေပွဲကြီး၌ ၁၀၀၀ ဧက အကျယ်အ၀န်းရှိ နေရာအတွင်း အဆုံးမရှိသော အခန်းများနှင့် စင်္ကြံလမ်းများ တစ်လျှောက် လိမ္မော်ရောင် သင်္ကန်းရုံထားသည့် ဘုန်းတော်ကြီးများ ခေါ်ဆောင်ရာနောက် လိုက်ပါရင်း ရဲတပ်ဖွဲ့ဝင်များ အကြီးအကျယ် စိတ်ရှုပ်ထွေးနေရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျောင်းထိုင်ဘုန်းကြီးဟောင်းက ပုန်းခိုရာနေရာအဖြစ် အသုံးပြုသည်ဟု ယူဆရသော ယင်းနေရာကို လွှမ်းမိုးထားသည့် ပန်းကန်ပြားပျံပုံသဏ္ဌာန် ကျောင်းတော်အောက်၌ တူးထားသော လမ်းကြောင်းနှစ်ခု ခွဲသွားသည့် ၁ ဒသမ ၅ ကီလိုမီတာ အလျားရှိ ဥမင်လိုဏ်ခေါင်း တစ်ခုကို ရဲများက တွေ့ရှိခဲ့ရသည်။
“အဲဒီလိုဏ်ခေါင်းက ၀င်ပေါက်တစ်ခုတည်း ရှိပါတယ်။ ဒါပေမဲ့ ကျောင်းဝင်း အပြင်ဘက်ကိုလည်း ထွက်မသွားပါဘူး” ဟု ထိုင်းစုံစမ်းစစ်ဆေးရေးဌာနမှ ဒုတိယရဲမှူးကြီး ဝေါ်ရာနန်သီရိလမ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသည် ကျောင်းထိုင်ဘုန်းကြီးဟောင်းက အသုံးပြုခဲ့သော လူနာခန်းတစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့သော်လည်း ၎င်းတို့ရှာဖွေနေသူကို မတွေ့ရဘဲ လိမ္မော်ရောင် သင်္ကန်းအုပ်ထားပြီး အိပ်ပျော်နေသူနှင့် တူအောင် စီစဉ်ထားသော ခေါင်းအုံးများစွာကိုသာ တွေ့ရှိရကြောင်း သိရသည်။
“ဓမ္မကာယကျောင်းတော် နေရာဟာ ကျယ်ပြောပြန့်ကြဲနေတာမို့ ရှာဖွေဖို့ အချိန်ယူရပါမယ်။ ကျွန်တော်တို့ ခုထိ ရှာမတွေ့သေးပေမယ့် ကျွန်တော်တို့ ထောက်လှမ်းရေး သတင်းက သူအထဲမှာ ရှိနေဆဲပဲလို့ အခိုင်အမာ ဆိုထားပါတယ်” ဟု ဒုတိယရဲမှူးကြီးက ပြောကြားခဲ့သည်။
Ref : AFP
Eleven Media Group
Friday, February 17, 2017
အသက်အရွယ် အိုမင်းနေသော ဘုန်းတော်ကြီးကို လိုက်လံရှာဖွေရာမှ ထိုင်းရဲများ ဥမင်လိုဏ်ခေါင်းများကို တွေ့ရှိ
အသက်အရွယ် အိုမင်းနေသော ဘုန်းတော်ကြီးကို လိုက်လံရှာဖွေရာမှ ထိုင်းရဲများ ဥမင်လိုဏ်ခေါင်းများကို တွေ့ရှိ
Reviewed by Ar Ti
on
5:34 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment