Latest News

Friday, February 10, 2017

အီဖယ်မျှော်စင်ပတ်လည်ကို အမြင့် ၈ ပေရှိ ကျည်ကာမှန်တံတိုင်း ကာရံမည်

အီဖယ်မျှော်စင်ပတ်လည်ကို အမြင့် ၈ ပေရှိ ကျည်ကာမှန်တံတိုင်း ကာရံမည်

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကမ္ဘာကျော် အီဖယ်မျှော်စင်ကို ပတ်ပတ်လည်ကို အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ကျည်ကာမှန်တံတိုင်း ကာရံသွားမယ်လို့ သိရပါတယ်။ အီဖယ်မျှော်စင်ပတ်လည်ကို အမြင့် ၈ ပေရှိ ခံနိုင်ရည်အားဖြည့် ကျည်ကာမှန်ချပ်များဖြင့် တံတိုင်းကာရံသွားရန် စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အီဖယ်မျှော်စင်ပတ်လည်မှာ ၂၀၁၆ ယူရိုဘောလုံးပြိုင်ပွဲအမီ ကာရံထားခဲ့တဲ့ သတ္တုခြံစည်းရိုး အကာအရံတွေအစား မှန်တံတိုင်းဖြင့် အစားထိုးသွားမှာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာ ၂၁ သန်း ကုန်ကျမယ့် မှန်တံတိုင်းကာရံမှုကို ခွင့်ပြုချက်ရပါက ယခုနှစ်နှောင်ပိုင်းမှာ စတင်သွားမယ်လို့ ဆိုပါတယ်။

ပြင်သစ်မြို့တော် ပါရီမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က လူ ၁၃၀ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် အမြင့်ဆုံး တပ်လှန့်ထားပါတယ်။

ယမန်နှစ် ဇူလိုင်လအတွင်းကလည်း ပြင်သစ်တောင်ပိုင်း နိစ်မြို့မှာ လူအုပ်အတွင်း ကုန်တင်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အီဖယ်မျှော်စင်မှာ ပြင်သစ်နိုင်ငံရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုဖြစ်ပြီး နှစ်စဉ် လာရောက်လည်ပတ်သူ ၆ သန်းကျော်ရှိပါတယ်။

လူပုဂ္ဂိုလ်များ သို့မဟုတ် ယာဉ်များဖြင့် မျှော်စင်နေရာကို စီးနင်းဝင်ရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှ ကာကွယ်နိုင်ရန် မှန်တံတိုင်းကို ပုံစံထုတ်ထားကြောင်း ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူက ဆိုပါတယ်။ "အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်က ပါရီမှာ ရှိနေတုန်းပါပဲ၊ အီဖယ်လ် အပါအဝင်  လုံခြုံရေးအားနည်းချက်ရှိနိုင်တဲ့ နေရာတွေကို လုံခြုံရေးအစီအစဉ်တွေ အထူးပြုလုပ်ရမယ်" လို့ ၎င်းက ပြောပါတယ်။

မျှော်စင်ရဲ့ မြောက်ဘက်နဲ့တောင်ဘက်မှာ လက်ရှိ ကာရံထားတဲ့ သတ္တုအကာအရံတွေအစား မှန်တံတိုင်းနဲ့ အစားထိုးသွားမှာဖြစ်ပြီး ပါရီမြို့သူမြို့သားတွေနဲ့ လာရောက်လည်ပတ်သူတွေအတွက် အီဖယ်လ်ရဲ့ အလွန်နှစ်လိုဖွယ်ကောင်းတဲ့ မြင်ကွင်းကို ခံစားရမယ်လို့လည်း တာဝန်ရှိသူက ဆိုပါတယ်။

အီဖယ်လ်မျှော်စင် (Eiffel Tower)

၁၈၈၉ ခုနှစ်ကနေ ၁၉၃၀ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။

၁၈၈၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၉ ခုနှစ် မတ်လ ၁၅ ရက်မှာ တည်ဆောက်မှုပြီးစီးခဲ့ပါတယ်။

၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ဖျားအထိ အမြင့်ပေ ၁,၀၆၃ ပေ ရှိပါတယ်။

အထပ် ၃ ထပ် ပါရှိပြီး ဓာတ်လှေကားနဲ့ စက်လှေကား ၈ ခုပါရှိပါတယ်။

နှစ်စဉ် လာရောက်လည်ပတ်သူ ၆ သန်းကျော် ရှိပါတယ်။

Source & Photo: Telegraph, BBC ( Duwun )

No comments:

Post a Comment

Blog Archive