Latest News

Friday, February 3, 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အကျဉ်းသားများ တရက် ကျပ်သုံးရာကျော်ဖိုး ပိုမိုစားသုံးခွင့်ရမည်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အကျဉ်းသားများ တရက် ကျပ်သုံးရာကျော်ဖိုး ပိုမိုစားသုံးခွင့်ရမည်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ တရက်လျှင် ကျပ်တထောင်နှုန်းဖြင့် ကျွေးမွေးနိုင်ရန် အစီအစဉ်များဆောင်ရွက်နေကြောင်း အကျဉ်းဦးစီးဌာနမှသိရသည်။  ''လက်ရှိကျွေးတဲ့ ကုန်ကျစရိတ်က အကျဉ်းသားတဦးကို တရက် ၆၀၀ နှုန်းပေါ့။ ဒါပေမဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစလို့ တရက် ၁၀၀၀ နှုန်းနဲ့ကျွေးဖို့ အစီအစဉ်လုပ်နေပါတယ်''ဟု  အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

ယခုလောလောဆယ်တွင် အကျဉ်းထောင်အားလုံးတွင်ရှိသော အကျဉ်းသားများကို ၂၀၁၅ ခုနှစ်က သတ်မှတ်ထားသည့်နှုန်းအတိုင်း ကျွေးမွေးခြင်းဖြစ်ပြီး အကျဉ်းထောင်နှင့် အကျဉ်းစခန်း ကွာခြား ချက်လည်းရှိကြောင်း သိရသည်။ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများထက် အကျဉ်းစခန်းများတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများက အလုပ်ပိုလုပ်ကြရသည့်အတွက် စားသောက်မှုကုန်ကျစရိတ်ပိုမိုများပြားကြောင်း သိရသည်။

၂၀၁၅-ခုနှစ်က အကျဉ်းထောင်မှ အကျဉ်းသားတယောက်အတွက် တရက်တာကျွေးမွေးကုန်ကျစရိတ် ကျပ် ၆၀၀ ဖြစ်ပြီး အကျဉ်းစခန်း (ရဲဘက်)မှ အကျဉ်းသားတဦးအတွက် တရက်တာ ကျွေးမွေးကုန်ကျစရိတ်မှာ ၆၂၅ ကျပ်ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ မှစပြီး တရက်လျှင် ငွေ ကျပ် ၁၀၀၀ နှုန်း တိုးမြှင့်ကျွေးမွေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျခံအကျဉ်းသားများကို နံနက် ည တနေ့ ၂ ကြိမ် ကျွေးမွေးပြီး အရည်သောက်ဟင်း၊ အသီးအရွက်ကြော်နှင့် အသားဟင်းများကို  အလှည့်ကျကျွေးမွေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခုနှင့် အကျဉ်းသား ၈ သောင်းနီးပါးရှိပြီး အကျဉ်းသားများကို နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ကျွေးမွေးနေသည့်အပြင် ပြင်ပမှ အလှူရှင်များကိုလည်း လက်ခံပေး နေကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။            
   
နီနီလှိုင်
NewsWatch

No comments:

Post a Comment