Latest News

Friday, February 17, 2017

“မိန်းမတစ်ယောက်ရဲ့အလှဆိုတာ ပြောင်းလဲသွားတတ်တယ်“

“မိန်းမတစ်ယောက်ရဲ့အလှဆိုတာ ပြောင်းလဲသွားတတ်တယ်“


မိန်းမတစ်ယောက်ရဲ့ အလှဆိုတာ ချိန်ခါမရွေးပြောင်းလဲနိုင်သလို၊ ပြောင်းလဲသွားတတ်တယ်လို့ပြောရင် ဘယ်လိုနားလည်ကြမလဲ မသိဘူးနော်။

မိန်းမတစ်ယောက်ဟာ ပျော်ရွှင်နေတယ်၊ သူ့ဘ၀ကို သူကျေနပ်နေတယ်ဆိုရင် သူမနဲ့ သူမရဲ့အလှက လန်းဆန်းပြီးတက်ကြွနေတယ်၊ သူ့ကို မြင်ရတဲ့သူတောင်မှ သူ့ရင်ထဲက အပျော်တွေ ကူးစက်ပြီး ကြည်နှူးလာစေပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားနေတဲ့အချိန်မှာလည်း မျက်လုံးနဲ့နှုတ်ခမ်းတွေကစ စိတ်လှုပ်ရှားစွာနဲ့ လှပနေတဲ့ မိန်းမတစ်ယောက်ဖြစ်ပြန်ရော။ အဲဒီလို အချိန်မှာတော့မိန်းမတစ်ယောက်ဟာ ချစ်စရာကောင်းလောက်အောင်ကို လှတဲ့ အချိန်ပေါ့။

နာကျင်ဝမ်းနည်းနေချိန်မှာတောင် မိန်းမတွေမှာ အလှတစ်မျိုး ကျန်နေတတ်ပါတယ်။ နာကျင်နေတဲ့ နှလုံးသားနဲ့ လိုက်ဖက်တဲ့မျက်ဝန်းတွေ၊

အံတင်းတင်းကြိတ်ထားရလို့တင်းတင်းစေ့ပြီ မဲ့တဲ့တဲ့ဖြစ်နေတဲ့ နှုတ်ခမ်းကလည်း တစ်မျိုး လှနိုင်ပါသေးတယ်။ ဒါပေမဲ့သူ့ကို မြင်ရတဲ့အခါမှာတော့ဝမ်းနည်းသလို ဂရုဏာသက်သလို ခံစားမှုကို ဖြစ်ပေါ်စေတာ တွေ့ရပါတယ်။

ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒေါသနဲ့တုန့်ပြန်နေချိန်မှာတော့ ရှိသမျှ အလှတွေအားလုံး ပျောက်ကွယ်သွားပြီး ကြောက်စရာကောင်းလာတာ တွေ့ရပါတယ်။  အဲဒီလို ရုပ်ဆိုးပန်းဆိုးနဲ့ မတုန့်ပြန်မိအောင် ကျမကတော့အမြဲဂရုစိုက်ဖို့ကြိုးစားမိတယ်၊ ကျမက အမြဲတမ်း လှနေချင်တဲ့သူမို့ပါ။.

အဲဒါကြောင့်ကျွန်မက လက်ခံနားလည်လိုက်ပါတယ်။
မိန်းတို့ရဲ့စိတ်နေစိတ်ထား၊ မိန်းမတို့ရဲ့ အနေအထိုင်နဲ့ မိန်းမတို့ရဲ့ အလှအပ ဆိုတာ အခြေနဲ့အချိန်အခါကို လိုက်ပြီး ပြောင်းလဲတတ်တာကိုပါ။

မိန်းမတစ်ယောက်ကို ဖြတ်ခနဲအမြင်မှာ ကြည့်လိုက်ရုံနဲ့ သူ့ရင်ထဲက ခံစားချက်ကို သိမြင်လွယ်ပါတယ်။

အဲဒီအမျိုးသမီးရဲ့ မျက်ဝန်းနဲ့ လှုပ်ရှားမှု ဟန်ပန်ဟာ သူ့မ နှုတ်ကနေ ထွက်လာတဲ့စကားတွေထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။
ဆက်ပြီး အကဲခတ်ကြည့်တဲ့အခါ သူမရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ဟန်ပန်ကိုပါ တွေ့ရပါတယ်။ အဲဒီကနေ ဆက်ပြီး အကဲခတ်ကြည့်တဲ့အခါ သူမရဲ့ စိတ်အနေအထားနဲ့ လက်ရှိအခြေအနေကိုပါ အကဲခတ်လို့ရသွားနိုင်ပါတယ်။

အထူးသဖြင့် သက်လတ်ပိုင်း အရွယ် အမျိုးသမီးတွေမှာ ပိုပြီး သိသာလာပါတယ်။

အမျိုးသမီးတစ်ဦးအနေနဲက အိမ်ထောင်ပြုမယ်လို့စဉ်းစားတဲ့အခါ အိမ်ရှင်မ ဘ၀ကို လှမ်းမျှော်ကြည့်ကြတယ်။ အချို့ အမျိုးသမီးတွေက မိဖုရား ဘ၀ကို ကြည့်တယ်။ အချို့မိန်းမတွေကျတော့ ဘုရင်မ ဘ၀ကို ကြည့်ပါတယ်။ ဘယ်မိန်းကလေးကမှ အစေခံ၊ အနှိမ်ခံ၊ အနှိပ်စက်ခံ မိန်းမ ဘ၀ကို အိမ်မက် မမက်ကြပါဘူး။

ဒါပေမဲ့ အိမ်ထောင်ရှင်အမျိုးသမီး အများစုကို မေးကြည့်ဘူးတယ်၊ ကိုယ့် အိပ်မက်ခဲ့တဲ့အတိုင်း ဖြစ်ရဲ့လားဆိုတော့အများစုက မဖြစ်ပါဘူးလို့ ဖြေကြတယ်.။

ကိုယ့်ဘ၀ကိုယ်စိတ်တိုင်းကျတဲ့ မိန်းမ ဆိုတာ ၁% ဦးတောင် မရှိပါဘူး။ တစ်ခုမဟုတ် တစ်ခု ချို့တဲ့နေကြတာပါပဲ။ကိုယ်လိုချင်တဲ့ဘ၀၊ ကိုယ်ထင်ထားခဲ့တာနဲ့ တစ်ခြားဆီ ဖြစ်နေကြတာ များတယ်။

ငွေကြေးအရ ပြည့်စုံတယ်၊ လင်နဲ့သားနဲ့ပြည့်ပြည့်စုံစုံ အိမ်ရှင်မ ဖြစ်နေတဲ့သူတွေကိုလည်း မေးကြည့်ဖူးတယ်။ သူတို့မှာလည်း သူတို့ဝေဒနာနဲ့သူတို့ပါပဲ။

 အိမ်ရှင်မ အလုပ်ကို လုပ်ပေးနေတဲ့မိန်းမတွေရဲ့တန်ဖိုးကို သူ့ပတ်ဝန်းကျင်နဲ့သူ့မိသားစုက အသိအမှတ်မပြုတာ၊ တန်ဖိုးမထားတာက ကျွန်မတို့ပတ်ဝန်းကျင်မှာ အပြည့်။ အိမ်ရှင်မ ဆိုတာ ဒါမျိုး လုပ်ရတာပဲ လို့ပဲဆိုတတ်တာ၊ သူမရဲ့ဘ၀နဲ့ အချိန်တွေကို မိသားစုအတွက် ပေးဆပ်တဲ့သူ လို့ဘယ်သူကမှ မြင်မပေးတဲ့အခါ သူမဟာ ဘ၀ကိုပါ စိတ်ကုန်လာတယ်။

အချို့ကလည်း သူတို့ရဲ့ယောက်ျားတွေကလည်း ကိုယ့်အိမ်က အိမ်ရှင်မတွေရဲ့အလှအပထက် အပြင်က လှပပျိုမြစ်နေတဲ့ မိန်းကလေးတွေရဲ့ အလှအပကိုပဲ မြင်တတ်ပြီး အပျော်ရှာတဲ့အခါ  ငွေနဲ့ရွှေနဲ့နေထိုင်ပြီး စိတ်ဆင်းရဲရတဲ့ ဘ၀မျိုး ဖြစ်လာရပြန်ရော။

ဒီလို ငွေကြေးပြည့်စုံနေပေမဲ့ ကိုယ့်ကိုယ်ကိုစိတ်ပျက်နေရှာတဲ့ အမျိုးသမီးတွေဟာ မြင်ရုံနဲ့သိသာစေတာက သူတို့ရဲ့မျက်နှာနဲ့ ဖက်ရှင်ပါပဲ။
သူတို့ဟာ ဈေးကြီးတဲ့ အ၀တ်အထည်တွေ ၀တ်ချင်ဝတ်ထားမယ်၊ ဒါပေမဲ့ ဖက်ရှင်မကျဖြစ်နေတတ်တယ်။မျက်နှာမှာ တန်ဖိုးကြီး မိတ်ကပ်လိမ်းချင်လိမ်းထားမယ် ဒါပေမဲ့ မိတ်ကပ်နဲ့တစ်သားတည်း မကျမှန်း သိသာတယ်။

ဒါ့အပြင် ပိုပြီး သိသာစေတာက သူမတို့ရဲ့ မျက်ဝန်းတွေနဲ့အမူအရာတွေပါပဲ။ အိမ်ရှင်မအဖြစ် ပေးဆပ်ထားရပေမဲ့ သူတို့ရဲ့ပေးဆပ်ခြင်းအပေါ်တန်ဖိုးမထားခြင်း ခံရတဲ့သူတွေအတိုင်း မျက်ဝန်းတွေက တောက်ပမှု မရှိတော့ဘူး၊ ပြီးတော့အမူအရာတွေမှာလည်း ကိုယ့်ရဲ့ မကျေနပ်မှုနဲ့ဝမ်းနည်းအားငယ်မှု တွေရှိနေပြန်တယ်.။

နောက်တစ်မျိုးဖြစ်တဲ့အမျိုးသမီးတွေကတော့ အိမ်မှာ ဘုရင်မပေါ့။ ဒါပေမဲ့ အခက်ခဲတွေ့တဲ့အခါ ကူညီရာမဲ့ ဖြစ်နေတဲ့ဘုရင်မတွေလေ.၊ တစ်နည်းဖြစ်တတ်တာက ရင်ခွင်ပျောက်သူ၊ ကူညီမဲ့သူတွေ ဖြစ်နေတတ်ပြန်တယ်။

အ၀တ်အစားဝတ်ဆင်ပုံက ဖက်ရှင်သိပ်မကျတတ်ပေမဲ့၊ အပြင်ဆင်ပိုင်းကိုလည်း ထိန်းသိမ်းဟန်နဲ့သနပ်ခါးနဲ့သင်းပျံ့နေတတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူရော ခင်ပွန်းနဲ့ မိသားစုအပေါ်မှာရော စိတ်တိုင်းမကျဟန်က စကားပြောတဲ့အခါတို်ငး ထွက်ထွက်လာတတ်ပြန်တယ်။

နောက်တစ်မျိုးကျပြန်တော့ မိသားစု စားဝတ်နေရေးကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်တတ်ထားတဲ့ပညာရပ်ကို အသုံးပြုချင်လို့ပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်ဝင်ပြီး လုပ်နေကြတဲ့ အမျိုးသမီးတွေထဲက ဦးဆောင်သူ နေရာမှာ ရှိနေတဲ့ အမျိုးသမီးတွေ။

ဒီလို အမျိုးသမီးတွေက အလုပ်ထဲမှာလည်း အာရုံစူးစိုက်ထားရသလို၊ အိမ်ထောင်သာယာရေးမှာလည်း အာရုံစိုက်ထားတဲ့အတွက် စိတ်ရော လူပါ ပင်ပန်းလှတဲ့ မိန်းမတွေပါ။

လုပ်ငန်းခွင်မှာလည်း အောင်မြင်ချင်တယ် မဟုတ်လား၊ မိသားစု ဘ၀မှာလည်း အောင်မြင်ရမယ်လေ၊ လူမှုရေးလည်း လုပ်ရဦးမယ်။ အဲဒီ အသိတွေနဲ့ … ကိုယ့်ရဲ့ဖိစီးမှုတွေနဲ့… စိတ်ရောကိုယ်ပါ နွမ်းနယ်နေပေမဲ့ ကြိုးစားပမ်းစား နဲ့ အားတင်းပြုံးကြပါတယ်။ အလုပ်မှာရော အိမ်မှာရော မိတ်ဆွေတွေအတွက်ပါ  ဖြည့်ဆည်းကြပါတယ်။ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက …အဲဒီ အားထုတ်မှုကိုလည်း ဘယ်သူကမှ တန်ဖိုးထား အသိအမှတ်ပြုပေးလေ့မရှိဘူး။

အသိအမှတ်မပြုတဲ့အပြင် ကျဉ်းမြောင်းတဲ့ခင်ပွန်းမျိုးကို ရထားတယ်ဆိုရင် မိန်းမကို ရမယ်ရှာပြီး အနုနည်း၊ အကြမ်းနည်းတွေနဲ့နှိပ်စက်တတ်ပါသေးတယ်။ ဒီဒဏ်တွေကို ကျောကော့အောင်ခံပြီး အားတင်းရင်ဆိုင်ကြတဲ့ဒီလို အမျိုးသမီးတွေကလှလှပပနဲ့ နေတတ်ကြတယ်။ ပြီးတော့အ၀တ်အစား ဖက်ရှင် ကျအောင် ၀တ်တတ်ကြတယ်။ အကောင်းစား ရေမွှေးနံ့ရတတ်တယ်။ မိတ်ကပ်နဲ့တသားတည်းဖြစ်နေတတ်တယ်။

ဥာဏ်ရည်ထက်မြက်မှု လုပ်ရည်ကိုင်ရည်ကြောင့်သွတ်လက် လန်းဆန်းမှုတစ်မျိုးရှိပါတယ်။ ဒါပေမဲ့ လောကဓံကို မမှုတော့တဲ့ အပြုံးမျိုးကိုလည်း သူမတို့ထံမှာ တွေ့ရတတ်တယ်။ သိမ်မွေ့ခြင်းနဲ့အေးစက်ခြင်းကို တစ်ပြိုင်တည်း တွေ့ရမဲ့အမျိုသမီးမျိုးပါပဲ။

မိန်းမတွေ အလုပ်တွေ ဘ၀တွေ အခြေအနေတွေ ဘယ်လိုပဲ ကွဲနေပါစေ၊ အားလုံးမှာ တူညီတဲ့အရာတစ်ခုကတော့အမြဲရှိနေတာပါပဲ။
အဲဒါကတော့ အားလုံးရဲ့နှလုံးသားတွေနဲ့ အသည်းတွေမှာလည်း အပြင်ကို ထုတ်ပြလို့မရနိုင်တဲ့ အမာရွတ်တွေနဲ့ပါ၊ ဒါ့အပြင် မဖြစ်ဖြစ်အောင် အားထုတ်ကြိုးပမ်းမှုတွေကြောင့် ခြေကုန်းလက်ပန်းကျမှုတွေလည်း ရှိပါသေးတယ်။

အဲဒီအရာတွေကို ကျော်လွန်ပြီးချိန် အတန်အသင့်ရင့်ကျက်သွားပြီ ဆိုတဲ့အခါ အဲဒီအမျိုးသမီးမှာ အလှတစ်မျိုး ထွက်ပေါ်လာပါသေးတယ်။

ပြောရရင် စိတ်အေးချမ်းတည်ငြိမ်နေတဲ့အချိန်မှာလည်း တစ်မျိုးလှနေတတ်တာပါပဲ။ တည်ငြိမ်အေးချမ်းနေတာကို  မြင်ရတဲ့သူတွေအတွက် အေးချမ်းမှုနဲ့ လှပမှုကို ယှဉ်တွဲပြီး တွေ့ရလို့စိတ်ထဲမှာ အေးချမ်းမှုကို တစိမ့်စိမ့် ခံစားရပါတယ်။

အဲဒါကြောင့်မိန်းမတစ်ယောက်ရဲ့ အလှ၊ အပြုအမူ၊ စိတ်နေစိတ်ထားတွေဟာ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲနေကြတယ်လို့ပြောရင် ဘယ်သူ ငြင်းမလဲ ရှင်။
ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များကိုလည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါရစေရှင်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment