ကမ်းနားလမ်း လမ်းဘေးဈေးသည်များ၏ နေရာကို ကျပ်သိန်း ၃၀ အထိ ရောင်းချမှုရှိနေ၍ တိကျစွာ သတင်းပေးရန် ရန်ကုန်မြို့တော်ဝန်ကပြောကြား
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဖော်ဆောင်ပေးထားသည့် ကမ်းနားလမ်းရှိ ညဈေးတန်းတွင် လမ်းဘေးဈေးသည်များ၏ နေရာများကို ကျပ်သိန်း(၃၀)အထိရောင်းချမှုရှိနေ၍ အရေးယူရန် အတွက် တိကျစွာသတင်းပေးကြရန် လိုအပ်သည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်သည်။
လူမှုကွန်ယက်ဖြစ်သည့် ဖေ့ဘုတ်တွင် လမ်းဘေးဈေးသည်များ၏ နေရာများကို ပြန်လည်ရောင်းချခြင်းများ ဖြစ်ပေါ်နေသည့်ဟု တွေ့ရှိရသဖြင့် အဆိုပါသတင်းများနှင့် ပတ်သက်၍ အရေးယူရန်အတွက်သတင်းအတိအကျ ပေးရန်လိုကြောင်း သိရသည်။
“ကမ်းနားလမ်းက လမ်းဘေးဈေးသည်တွေကို လုပ်ပေးထားတဲ့ နေရာကို ပြန်ရောင်းစားတာ ကျပ်သိန်း(၃၀)၊ ကျပ်သိန်း(၄၀) အထိ ဖြစ်နေတယ်လို့ ကြားနေတယ်။ ဖေ့စ်ဘုတ်မှာလဲ တက်လာတယ်။ အဲ့ဒါကျတော့ လွန်သွားပြီ။ ဝယ်တဲ့လူကလဲ သူကျေနပ်လို့ဝယ်တယ်။ရောင်းတဲ့လူကလည်း ကျေနပ်လို့ရောင်းတယ်။ပြီးတော့မှ ဖေ့ဘုတ်မှာ တင်လိုက်တော့ စိတ်မကောင်းစရာပဲ။ အဲ့တော့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။ ရောင်းစားမယ် ဆိုရင် အတိအကျသတင်းပေး၊ အတိအကျအရေးယူမယ်။”ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။
လက်ရှိအချိန်တွင် လမ်းဘေးဈေးသည်နေရာများ ရောင်းစားနေမှုများကြားသိခြင်းနှင့် ပတ်သက်၍ မှန်မမှန် သတင်းအတိအကျ မသိရှိရသေးသည့်အတွက် စုံစမ်းနေဆဲအဆင့်သာ ရှိနေပြီး လမ်းဘေးဈေးသည်များ ဘက်မှလည်း စောင့်ထိန်းရမည့် ဝတ္တရားများကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။
“သတင်းကတက်လာတယ်၊ မှန်လား မှားလားမသိဘူး။ နည်းနည်းတော့စိတ်ထဲမကောင်းတာပေါ့။ သူတို့ ရောင်းစားဖို့ တန်းစီတိုးထားပြီး အရင်ရအောင်ယူမယ်။ သူတို့လုပ်စားဖို့မဟုတ်ဘူး။ ဒါဘာနဲ့ဆိုင်လဲဆိုတော့ ဈေးသည်ပိုင်းနဲ့ဆိုင်တယ်။သူတို့ဘက်က စောင့်ထိန်းရမှာပေါ့။ ပြန်အပ်ပါ။ နောက်လူတွေအတွက် ပေးရမယ်လေ။ သတင်းအချက်အလက်ကတော့ လိုတယ်လေ။” ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
အဆိုပါသတင်းများထွက်ပေါ်နေသည့်အတွက် ကျောက်တံတားမြို့နယ်နှင့် ပန်းပဲတန်းမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ကွင်းဆင်းစစ်ဆေးသွားရန် ရှိကြောင်း သိရသည်။
“သေချာသိရင်တော့ တိုင်လို့ရတယ်။ ဈေးသည်တွေကို ပေးထားတဲ့ကဒ်မှာ chip လေးတွေ ထည့်ထားတယ်။ တာဝန်ရှိတဲ့ သူတွေက စစ်လို့ရတယ်။ မဟုတ်ဘူးဆိုတာနဲ့ အရေးယူလို့ရတယ်။ ကျွန်တော်တို့ကို သတင်းပေး တိုင်ကြားတာ တိကျဖို့ပဲလိုတာ။
ကျွန်တော်တို့ကိုယ်တိုင်စစ်လို့ရတယ်။ လောလောဆယ်တော့ မကြားမိသေးဘူး ကျောက်တံတားအမတ် မ ကြည်ပြာနဲ့ ပြန်ပြီးစစ်ဆေးဖို့ အစီအစဉ်ရှိပါတယ်။”ဟု ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး အမှတ်(၁) ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်များတွင် လမ်းဘေးဈေးသည်များအတွက် ညဈေးတန်းပြုလုပ်ခဲ့ပြီး၊ ပုဇွန်တောင်မြို့နယ်၊ တာမွေမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ထောက်ကြန့်မြို့နယ်တို့တွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ
Thursday, February 9, 2017
ကမ်းနားလမ်း လမ်းဘေးဈေးသည်များ၏ နေရာကို ကျပ်သိန်း ၃၀ အထိ ရောင်းချမှုရှိနေ၍ တိကျစွာ သတင်းပေးရန် ရန်ကုန်မြို့တော်ဝန်ကပြောကြား
ကမ်းနားလမ်း လမ်းဘေးဈေးသည်များ၏ နေရာကို ကျပ်သိန်း ၃၀ အထိ ရောင်းချမှုရှိနေ၍ တိကျစွာ သတင်းပေးရန် ရန်ကုန်မြို့တော်ဝန်ကပြောကြား
Reviewed by Ar Ti
on
9:05 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment