Latest News

Saturday, February 18, 2017

ခင်ပွန်းဖြစ်သူ သေ၍ အလောင်းအနေဖြင့် ရွေးကောက်ပွဲ ဝင်လျှင်ပင် အနိုင်ရမည်ဟု ဇင်ဘာဘွေ သမ္မတကတော်ဆို

ခင်ပွန်းဖြစ်သူ သေ၍ အလောင်းအနေဖြင့် ရွေးကောက်ပွဲ ဝင်လျှင်ပင် အနိုင်ရမည်ဟု ဇင်ဘာဘွေ သမ္မတကတော်ဆို



မိမိလင်ယောက်ျား ကွယ်လွန်သွားပြီး အလောင်းကောင် အနေဖြင့် ရွေးကောက်ပွဲ ဝင်လျှင်ပင် ပြည်သူများ၏ တခဲနက် ထောက်ခံမှုကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရလိမ့်မည်ဟု ဇင်ဘာဘွေ သမ္မတကတော်က ပြောကြားလိုက်သည်။

အသက် ၉၂ နှစ်အရွယ်ရှိ ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီသည် ကမ္ဘာပေါ်တွင် အဆိုး
ရွားဆုံး စာရင်းဝင် အာဏာရှင် တစ်ဦးအဖြစ် ယူဆခြင်း ခံခဲ့ရသည်။ ၎င်းသည် အသက်အရွယ်ကြောင့် ကျန်းမာရေး ယိုယွင်းသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ကောလာဟလများ ထွက်ပေါ်လျက် ရှိသည်။

မူဂါဘီ၏ ဇနီးဖြစ်သူ အသက် ၅၁ နှစ်အရွယ် ဂရေ့စ်(မူဂါဘီ)သည် ဇင်ဘာဘွေ နိုင်ငံရေးတွင် နက်နက်ရှိုင်းရှိုင်း ခြယ်လှယ်နေသူ တစ်ဦးအဖြစ်လည်း လူသိများသည်။ အာဏာရ ဇာနူပီအက်ဖ် ပါတီ၏ လူထုထောက်ခံပွဲ အစီအစဉ် တစ်ခုတွင် ဂရေ့စ်က ပြည်သူများသည် မိမိ၏ ခင်ပွန်းဖြစ်သူ မရှိတော့လျှင်ပင် ၎င်းကို လေးစားချစ်ခင်နေလိမ့်မည်ဟု ကြွေးကြော်သွားခဲ့သည်။

“ဘုရားသခင်က ကျွန်မရဲ့ ခင်ပွန်း သေဆုံးသင့်ပြီလို့ ဆုံးဖြတ်လိုက်တဲ့ တစ်နေ့နေ့ကို ရောက်လာပါလိမ့်မယ်။ အဲဒီ အချိန်မှာ မူဂါဘီရဲ့ အလောင်းကို သမ္မတလောင်း စာရင်းမှာ ထည့်သွင်း ယှဉ်ပြိုင်စေရင်တောင် ပြည်သူတွေက ထောက်ခံကြလိမ့်မယ်”ဟု မြို့တော် ဟာရာရီ အရှေ့တောင်ဘက်ရှိ ဘူဟီရာတွင် ပြုလုပ်သော လူထုစည်းဝေးပွဲတွင် ဂရေ့စ်က ပြောကြားခဲ့သည်။

“အဲဒီလို ဖြစ်လာရင် လူတွေက မူဂါဘီရဲ့ အလောင်းအတွက် မဲထည့်ကြလိမ့်မယ်။ ကျွန်မ အတည်ပြောနေတာ။ ဒါဟာ ဇင်ဘာဘွေ ပြည်သူတွေက သူတို့သမ္မတကို ဘယ်လောက်ချစ်မြတ်နိုးသလဲ ပြသကြမယ့် သဘောပဲ”ဟုလည်း ဆိုသည်။

မူဂါဘီသည် ပြင်းထန်သော စစ်ပွဲများအပြီး လူဖြူကြီးစိုးမှု ချုပ်ငြိမ်းသွားသည့် ၁၉၈၀ ပြည့်နှစ်ကတည်းက ဇင်ဘာဘွေကို အုပ်စိုးလာခြင်း ဖြစ်သည်။ ၎င်း၏ လက်ထက်တွင် ဆိုးဆိုးရွားရွား ငွေကြေးဖောင်းပွမှုများ အပါအဝင် နိုင်ငံ၏ စီးပွားရေးမှာ ဘက်ပေါင်းစုံမှ ချွတ်ခြုံကျပြီး ပြည်သူများ ဒုက္ခကြီးစွာ ကြုံခဲ့ရသည်။ ဂရေ့စ်သည် မူဂါဘီ၏ ဒုတိယ ဇနီးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် ဇင်ဘာဘွေ သမ္မတနှင့် လက်ထပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူ၏ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

ဂရေ့စ်သည် ၂၀၁၄ ခုနှစ်တွင် ဇင်ဘာဘွေ တက္ကသိုလ်၌ သင်တန်းတက်ရန် စာရင်းသွင်းပြီး မည်သည့် အားထုတ်မှုမဆ မရှိဘဲ နှစ်လအကြာ၌ ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ အဆိုပါ ဘွဲ့မှာ အတုအယောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင် ဝေဖန်ခံရသည့်တိုင် ဂရေ့စ်က သူမကိုယ်ကို ဒေါက်တာဘွဲ့ရ တစ်ဦးအဖြစ်သာ သတ်မှတ်ထားသည်။ ဂရေ့စ်သည် အာဏာရ ဇာနူပီအက်ဖ် ပါတီ၏ အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌအဖြစ်လည်း ရာထူးရယူထားသည်။

Ref: BBC



7Day News Journal


No comments:

Post a Comment