Latest News

Tuesday, February 14, 2017

စုဒ္ဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး (အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တ အဂ္ဃိယ၏ ထေရုပ္ပတ္တိအကျဉ်း

စုဒ္ဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး
(အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)
ဘဒ္ဒန္တ အဂ္ဃိယ၏ ထေရုပ္ပတ္တိအကျဉ်း

ဖွားမြင်တော်မူခြင်း

ဆရာတော်လောင်းလျာသည် ခမည်းတော် ဦးပုကြီး-မယ်တော် ဒေါ်တွယ်မိ တို့က ၁၂၇၉ ခုနှစ် ဦးတန်ခူးလပြည့်ကျော် ၁ဝ ရက် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်သည်။
ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၂၉ဝ ခုနှစ်တွင် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကို ဥပဇ္ဈာယ်ပြုလျက် မယ်တော်ကြီး ဒေါ်မင်းထယ်၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၂၉၈ ခုနှစ်တွင် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကိုပင်ဥပဇ္ဈာယ်ပြုလျက် မဟာဝိဟာရကျောင်း ခဏ္ဍသိမ်၌ ခမည်းတော်၊ မယ်တော်တို့၏ ပစ္စယာ နုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပရိယတ္တိစာပေသင်ယူဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည် မဟာဝိဟာရကျောင်းဆရာတော် ဘဒ္ဒန္တ ကေသရ၊ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ကန်ကြီးကုန်းရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တ ရေဝတ၊ သဗြူးဆရာတော် ဘဒ္ဒန္တ ဥတ္တမ၊ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၊ မန္တလေး စည်ရှင်ဆရာတော်၊ မင်းကွန်းရန်ကင်းချောင်းဆရာတော်တို့ထံ၌ ပရိယတ္တိစာပေများကိုသင်ယူပြီး သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့သည်။

သာသနာရေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည်မန္တလေးမြို့ပါဠိပထမပြန်၊ ဓမ္မာစရိယစာမေးပွဲတို့၏ ကြီးကြပ်ရေးဥက္ကဋ္ဌ၊ ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးတွင် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်နှင့် ဒုတိယအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ ယနေ့အချိန်အထိ နိုင်ငံတော်သြဝါဒါစရိယ၊ ၁၃၁၄ ခုနှစ် အဋ္ဌမအကြိမ် ရွှေကျင်ဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးတွင် ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင် နာယက အဖွဲ့ဝင်အဖြစ် တင်မြှောက်ရွေးချယ်ခံရပြီး ဒွါဒသမအကြိမ်တွင် အကျိုးတော်ဆောင်ချုပ်၊ ပန္နရသမအကြိမ်တွင် ဥပဥက္ကဋ္ဌဆရာတော်အဖြစ် တင်မြှောက်ရွေးချယ်ခံရပြီး ၁၃၆၅ ခုနှစ်မှ ယနေ့အထိ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ရွှေကျင်နိကာယ အဓိပတိဥက္ကဋ္ဌ၊ မဟာနာယကဓမ္မသေနာပတိ စုဒ္ဒသမ ရွှေကျင်သာသနာပိုင်အဖြစ် ရွှေကျင်ဂိုဏ်းသံဃာတော်များအား သြဝါဒပေးခြင်း၊ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးခြင်း စသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဘွဲ့တံဆိပ်အလှူခံရရှိတော်မူခြင်း

ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယတို့ဖြင့် သယ်ပိုး ဆောင်ရွက်တော်မူသော သာသန ဓုရာဝဟဂုဏ် ဝိနယဂရုက၊ လဇ္ဇီပေသလ သိက္ခာကာမ၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနစသောဂုဏ်တို့နှင့် ပြည့်စုံတော်မူ သဖြင့် ဆရာတော်ဘဒ္ဒန္တ အဂ္ဃိယသည် ၁၃၆၁(၂ဝဝဝ)ပြည့်နှစ်တွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်မြတ် ကိုလည်းကောင်း၊ ၁၃၆၅ (၂ဝဝ၄) ခုနှစ် တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်မြတ်ကို လည်းကောင်း အလှူခံရရှိတော်မူခဲ့သည်။

ဘဝနတ်ထံပျံလွန်တော်မူခြင်း

ဆရာတော်သည် သာသနာတော်အကျိုးသယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၁ဝဝ)နှစ် သိက္ခာတော် (၈၁) ဝါအရ ၁၃၇၈ ခုနှစ် တပို့တွဲ လပြည့်ကျော် ၃ ရက် (၁၄-၂-၂ဝ၁၇) အင်္ဂါနေ့ နံနက် ၁ နာရီ ၅၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။


MOI Webportal Myanmar

No comments:

Post a Comment