Latest News

Thursday, February 23, 2017

ဝန်ကြီးချုပ်ထက် လစာ ၁၀ ဆ ပိုရကြောင်း သတင်းကြီးခဲ့သည့် ဩစတြေးလျ စာတိုက်ဌာန အကြီးအကဲ နုတ်ထွက်

ဝန်ကြီးချုပ်ထက် လစာ ၁၀ ဆ ပိုရကြောင်း သတင်းကြီးခဲ့သည့်

ဩစတြေးလျ စာတိုက်ဌာန အကြီးအကဲ နုတ်ထွက်


နိုင်ငံဝန်ကြီးချုပ်ထက် လစာ ၁၀ ဆ ပိုရကြောင်း သတင်းကြီးခဲ့သည့် ဩစတြေးလျ စာတိုက်ဌာန အကြီးအကဲမှာ ရာထူးမှ နုတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။

၎င်း၏ ၂၀၁၆ ခုနှစ်အတွင်း လုပ်ခလစာ ရရှိမှု စာရင်းများ ပေါက်ကြားခဲ့သည့်နောက် အာမက်ဖာဟာနှင့် ပတ်သက်ပြီး ဩစတြေးလျတွင် အငြင်းအခုံမျိုးစုံ ဖြစ်လာခဲ့သည်။ အထူးသဖြင့် အစိုးရဝန်ထမ်း အသိုက်အဝန်းတွင် (၂၀၁၆ အတွင်း) တစ်နှစ် ဩစတြေးလျဒေါ်လာ ၅.၆ သန်း (အမေရိကန်ဒေါ်လာ ၄.၃ သန်း)မျှ ရရှိခဲ့သည့် ၎င်း၏ လုပ်ခလစာနှင့် ပတ်သက်၍ ဝေဖန်မှုများ အကြီးအကျယ် ရှိလာသည်။

အဆိုပါ ငွေကြေးပမာဏသည် ဩစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွမ်တန်ဘူးလ်၏ လုပ်ခလစာထက် ၁၀ ဆမျှ ပိုများကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဩစတြေးလျက စာတိုက်ဌာနက ယင်းကိစ္စကို ကာကွယ်ရပ်တည်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လုပ်ငန်း အမြတ်အစွန်းများ တိုးပွားစေရန် ဖာဟာ၏ အစွမ်းကုန် ကြိုးစားမှုအတွက် ဆုကြေးများ ထည့်သွင်းပေးသဖြင့် တစ်နှစ်စာ လုပ်ခလစာ မြင့်မားနေခြင်းဟု ဖြေရှင်းခဲ့သည်။

ယခုအခါတွင် ဖာဟာသည် ၎င်း၏ ရာထူးမှ နုတ်ထွက်စာ တင်သွားပြီ ဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့် ဆိုသည်ကို တိတိကျကျ မှတ်ချက်မပေးခဲ့ချေ။

ဩစတြေးလျ စာတိုက်ဌာနက ဖာဟာသည် လုပ်ငန်းပိုင်း မဟာဗျူဟာကို အောက်ခြေမှစ၍ တော်လှန် ပြောင်းလဲခဲ့ပြီး ပါဆယ်လ်ပေးပို့မှုနှင့် eCommerce လုပ်ငန်းပိုင်းတို့တွင် အာရုံစူးစိုက် မြှုပ်နှံမှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းအမြတ်အစွန်းများ တိုးပွားစေခဲ့ကြောင်း ပြောကြားထားသည်။

ဌာနအနေဖြင့် ဖာဟာနေရာ အစားထိုးရန် လူသစ်တစ်ဦးကို အရေးတကြီး ရှာဖွေနေပြီဟုလည်း ယုံကြည်ရသည်။ ဖာဟာသည် စာတိုက်ဌာန အကြီးအကဲအဖြစ် ၇ နှစ်ကြာ တာဝန်ယူခဲ့သည်။

ဖာဟာ၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၇ နှစ်အတွင်း ဩစတြေးလျ စာတိုက်ဌာနသည် အစိုးရအတွက် အခွန်အခနှင့် အခြားသော ဝင်ငွေစုစုပေါင်း ဩစတြေးလျ ဒေါ်လာ ၄ ဘီလီယံမျှ တိုးပွားစေမည့် ရင်းနှီးမြှုပ်နှံမှု ကွန်ရက်တစ်ခုကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ စီးပွားရေး ပညာရှင်များက အကယ်၍ ဖာဟာအနေဖြင့် ဌာန၏ ဝန်ဆောင်မှုနှင့် လုပ်ငန်း အရည်အသွေးကို မြှင့်တင်ပြောင်းလဲခြင်း မရှိခဲ့ပါက စာတိုက်ဌာနအတွက် ၁၀ နှစ်တာအတွင်း အစိုးရက ဩစတြေးလျဒေါ်လာ ၆.၇ ဘီလီယံမျှ ပြန်လည် ထောက်ပံ့ ကူညီနေရမည့် အလားအလာ ရှိခဲ့ကြောင်း ခန့်မှန်းကြသည်။

ဩစတြေးလျ စာတိုက်ဌာနသည် ပြီးခဲ့သည့် ဒီဇင်ဘာလထိ ၆ လတာ ကာလအတွင်း အခွန်မဆောင်မီ အမြတ်အစွန်း ဩစတြေးလျ ဒေါ်လာ ၁၉၇ သန်းထိ ရရှိခဲ့သည်။ အလားတူ ပြီးခဲ့သည့်နှစ် ၆ လတာ ကာလတွင် အမြတ်ငွေ ဩစတြေးလျ ဒေါ်လာ ၁ သန်းသာ ရရှိခဲ့သည်။

Ref: ABC


7Day News Journal

No comments:

Post a Comment