Thursday, February 2, 2017
လူ့အခွင့်အရေးလှုပ်ရှားသူ ၁ ဦး တရားစွဲခံရ
လူ့အခွင့်အရေးလှုပ်ရှားသူ ၁ ဦး တရားစွဲခံရ
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျောင်းသားတွေကပြခဲ့တဲ့ စစ်ပွဲတွေအလိုမရှိကြောင်းပြဇာတ် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့လို့ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ရဲ့ ဧရာဝတီတိုင်း ဥက္ကဌ ဦးထွန်းထွန်းဦး ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၄ ဃ နဲ့ ပုသိမ်မြို့မရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။
ကျောင်းသား ၉ ဦးကို တရားစွဲတဲ့ ဗိုလ်မှူးပဲ အမှုလာဖွင့်တာလို့သိရပြီး မနက်ဖြန်မှာ ပုသိမ်မြို့မရဲစခန်းက ဆင့်ခေါ်ထားကြောင်း တရားစွဲဆိုခံထားရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ရဲ့ ဧရာဝတီတိုင်း ဥက္ကဌ ဦးထွန်းထွန်းဦး က ပြောပါတယ်။
"အသင်းအဖွဲ့ တစ်ခုအပေါ်ကိုတဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် သတင်းအချက်အလက် ဖြန့်ဝေတဲ့အတွက်တဲ့ဆိုပြီးတော့ ၃၄ ဃ ဆိုပြီးတော့စွဲတာပဲ၊ ကျောင်းသားတွေ တရားစွဲတဲ့ဗိုလ်မှူးပဲ အမှုလာဖွင့်တာတဲ့ ရဲစခန်းမှာ၊ ၃၄ (ဃ) က အဓိကတော့ သတင်းမီဒီယာပေါ်မှာပဲ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာတွေကို ညှိုးနွမ်းအောင် ပြောဆိုရေးသားတာတွေကို ဖြန့်ဝေတယ်ဆိုပြီးတော့ အဲဒီဥပဒေကတော့ အဲလိုပြဌာန်းထားတာပေါ့၊ ဒီနေ့မနက် ၁၀ နာရီမှ အကြောင်းကြားတာပါ၊ မနက်ဖြန် ၁၀ နာရီ ရဲစခန်းကို ဆင့်ခေါ်ထားပါတယ်ဗျ"
ဦးထွန်းထွန်းဦးဟာ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကိုယ်စား အဖွင့်အမှာစကား ပြောကြားခဲ့သူဖြစ်ပြီး ပြဇာတ်ကရာမှာ သားဖြစ်သူ ပါဝင်တာကြောင့် ဗီဒီယိုရိုက်ပြီး တင်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီလိုပြဇာတ်ကပြရာမှာ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ အသုံးအနှုန်းတွေပါဝင်တယ်ဆိုပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်က ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတဲ့ ကျောင်းသား ၉ ဦးထဲမှာ ဒီနှစ် ၁၀ တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုမယ့် ကျောင်းသား ၄ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။ အခုတရားစွဲဆိုခံရတဲ့ ဦးထွန်းထွန်းဦးရဲ့သားဟာ အဲဒီ ၄ ဦး ထဲက ၁ ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအမှု ၂ ခုလုံးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင် က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
Photo: Htunhtunoo Htun (facebook)
(လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ရဲ့ ဧရာဝတီတိုင်း ဥက္ကဌ ဦးထွန်းထွန်းဦး ကို တွေ့ရစဉ်)
RFA
လူ့အခွင့်အရေးလှုပ်ရှားသူ ၁ ဦး တရားစွဲခံရ
Reviewed by Ar Ti
on
3:08 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment