Latest News

Tuesday, February 28, 2017

တပ်မတော် ကန့်ကွက်သော်လည်း ဦးရွှေမန်းကော်မရှင် သက်တမ်းထပ်တိုး

တပ်မတော် ကန့်ကွက်သော်လည်း ဦးရွှေမန်းကော်မရှင် သက်တမ်းထပ်တိုး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဥက္ကဋ္ဌ တာဝန်ယူထားသော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်သည် သက်တမ်း ထပ်တိုးရန် လွှတ်တော်သို့ တင်ပြချက်ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း ထောက်ခံမဲ များ၍ သက်တမ်း ထပ်တိုးလိုက်သည်။

ယင်းသက်တမ်းတိုးခြင်း ကိစ္စကို ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၃၃ မဲ၊ ကန့်ကွက်မဲ ၁၈၉ မဲနှင့် ကြားနေမဲ ၆ မဲ ဖြစ်သောကြောင့် တစ်နှစ်သက်တမ်း ထပ်တိုးလိုက်ကြောင်း လွှတ်တော်က ကြေညာခဲ့သည်။

“ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ပုဒ်မ ၇(ခ)၊ ၇(ဂ)တို့ကို ကိုးကားပြီးတော့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်း သက်တမ်းတိုးခြင်းကို ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ဦးဆောင်ကန့် ကွက်သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်တွင် ကော်မရှင် ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လုံးဝ ပြဋ္ဌာန်းထာခြင်း မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်သာ ကော်မရှင် ဖွဲ့စည်းခွင့်ရှိကြောင်း၊ ယင်းကဲ့သို့ ကော်မရှင် ဖွဲ့စည်းထားခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထား ချမှတ်ပေးရန် ၎င်းကိုယ်တိုင် ဦးဆောင်သော တပ်မတော်သား ကိုယ်စားလှယ် ၅၀ ဦး လက်မှတ်ရေးထိုး တင်ပြထားပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော် ဦးဆောင်ပြီးတော့ လက်မှတ်ထိုးပြီးတော့ ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ ခုံရုံးကို တင်သွင်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ နိုင်ငံတော်ဥပဒေဆိုင်ရာ ခုံရုံးကနေပြီးတော့ စိစစ်သဘော ထားချမှတ်ခြင်း မပြုသေးမီ အဆိုပါ ဥပဒေကို သုံးစွဲခြင်း၊ အဆိုပါ ဥပဒေအရ ကော်မရှင် ဖွဲ့စည်းခြင်း၊ ထပ်မံ သက်တမ်းတိုးခြင်းများကို မပြုလုပ်သင့်ကြောင်း တင်ပြပါတယ်”ဟု ၎င်းက လွှတ်တော်သို့ တင်ပြ ပြောကြားသည်။

ယင်းကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသော ကော်မတီများကဲ့သို့ အမြဲတမ်း ဆောင်ရွက်ရန်မဟုတ်ဘဲ ယာယီ သဘောမျိုး ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

သူရဦးရွှေမန်းသည် ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူထားစဉ်ကပင် လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့များနှင့် အဆင်မပြေသည့် အခြေအနေများ ရှိခဲ့သည့်အပြင် တပ်မတော်မှ အရာရှိကြီးများ ဦးဆောင် ဖွဲ့စည်းထား သည့် ၎င်း၏ပါတီကလည်း ၂၀၁၅ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ယင်းအပြင် သူရဦးရွှေမန်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ (ယခုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်) နှင့် ရင်းနှီးမှု များစွာ ရှိခဲ့သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို NLD အစိုးရက ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် နေရာရလာခြင်း ဖြစ်သည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၃၈ ဦးသည် တစ်ဦးလျှင် လစာ ၆ သိန်းကျပ်စီ ရရှိကြသည်။

The Voice

No comments:

Post a Comment