တရားလွတ်တော်ရှေ့ နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သတ်ပြီး ပါဝင်ပတ်သတ်သူတွေရဲ့  သတင်းအချက်အလက်ကို ထုတ်ဖော်ပြောဆိုခဲ့သူ ဦးအောင်စိုးလုံခြုံရေးကို ရဲတပ်ဖွဲ့ က စောင့်ကြည့်ပေးနေတယ်လို့ သိရပါတယ်။
”အကိုတို့ လမ်းထဲက ထောင့်တို့ ၊လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွေမှာတော့ ရဲလို့ ထင်ရတဲ့ သူတွေ ဒီနေ့ တစ်နေကုန်တွေ့ ရတယ်။တရားဝင် ခင်ဗျားကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်လို့  ဘယ်သူမှတော့ အသိမပေးသေးပါဘူး။ အကိုလည်း ဒီနေ့ တစ်နေ့ ကုန် ဆံပင်ညှပ်နေတော့ ဘယ်မှ မသွားဖြစ်ဘူး။ဖြတ်သွားဖြတ်လာပုံစံနဲ့ စောင့်ကြည့်နေတယ်လို့ ထင်ပါတယ်။ အရပ်ဝတ်တွေနဲ့ ပါ” လို့  ဦးအောင်စိုးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ က တရားခံနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ရဲတပ်ဖွဲ့ က ရယူနိုင်ဖို့  ရန်ကုန်တိုင်းရဲမှူးချုပ်က ဦးအောင်စိုး အကူအညီတောင်းကာ အချိန်တစ်နာရီကျော်ကြာတွေ့ ဆုံခဲ့ပါတယ်။
အဲသည်နေ့ ည ၁၀ နာရီအချိန်က ဦးအောင်စိုးနေအိမ် တံခါးနားမှာ တစ်စုံတစ်ယောက် ကပ်ခိုနေတာကိုတော့ အနီးအနားမှာရှိတဲ့ ဓာတ်တိုင်မီးရောင်ကြောင့် မြင်တွေ့ လိုက်တာသာ ရှိပြီး တခြားတစ်စုံတစ်ရာတော့ မရှိသေးဘူးလို့ ဦးအောင်စိုးက ပြောပါတယ်။
ဦးအောင်စိုးလုံခြုံရေးနဲ့ ပတ်သတ်ပြီးတော့ သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့ နဲ့ မြို့နယ်နယ်မြေရဲ တပ်ဖွဲ့တို့ က ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
မြောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက- ” လောလောဆယ်တော့ ပုံမှန်ပါပဲ။သီးသန့် ပုံစံမျိုးတော့ မရှိသေးဘူးထင်တယ်ဗျ။ နေ့ ညမပျက်လှည့်ကင်းတွေကိုတော့ ဆောင်ရွက်နေပါတယ်” လို့  ဆိုပါတယ်။
ဦးအောင်စိုးဟာ သေနတ်နဲ့  လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းနဲ့ ဆက်စပ်သူ အောင်ဝင်းဇော်အကြောင်းကို ရဲတပ်ဖွဲ့ နဲ့  မီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားသူတစ်ဦးဖြစ်ပါတယ်။
ဦးအောင်စိုးဟာ မန္တလေး အိုးဘိုထောင်မှာ ထောင်ကျခဲ့တဲ့ အကျဉ်းသားဟောင်း တစ်ဦး ဖြစ်ပါတယ်။ အိုးဘိုထောင် မှာ ရှိနေချိန်က တရားလွတ်တော်ရှေ့ နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော် (ခ) ဗက ဆိုသူတို့နဲ့ အတူ နေထိုင်ခဲ့ဖူးသူဖြစ်တယ်လို့  သိရပါတယ်။
ဒါ့အပြင် အိုးဘိုထောင်က ထွက်ပြီးနောက်ပိုင်းမှာ ဦးအောင်ဇော်ဝင်းဆိုက လူတစ်ယောက်ကို သတ်ပေးဖို့ လာရောက်ကမ်းလှမ်းခံရတဲ့ သူတစ်ယောက်ဖြစ်တယ်လို့  Myanmar Now သတင်းဌာနနဲ့ တွေ့ ဆုံချိန်မှာ ပြောဆိုထားသူဖြစ်ပါတယ်။
ချမ်းသာ(ကုမုဒြာ)
No comments:
Post a Comment