Latest News

Wednesday, February 1, 2017

လုပ်ကြံသတ်ဖြတ်မှုများ၏ အကျိုးဆက်

လုပ်ကြံသတ်ဖြတ်မှုများ၏ အကျိုးဆက်



“ကိုဘသစ် ဦးကိုနီသတင်း ဖတ်ပြီးပြီလား”

“မနေ့က ဖေ့စ်ဘုတ်တွေကနေ ဖတ်နေရတဲ့ သတင်းလား”

ကိုဘသစ်နဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့တော့ ဒီမေးခွန်းကို မေးခဲ့တာပါပဲ။

“ဟုတ်တယ်ဗျ။ ဇန်န၀ါရီလ ၂၉ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရားရုံးချုပ်ရှေ့နေ၊ NLD ဥပဒေအကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်သော ဦးကိုနီထွက်လာပါတယ်။ လာရောက်ကြိုဆိုတဲ့ မြေးလေးကို ပွေ့ချီလိုက်ထားတဲ့အချိန်မှာပဲ ပန်းရောင်အင်္ကျီ ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ကနေ ဦးကိုနီရဲ့ နားထင်ကိုတေ့ကာ သေနတ်နဲ့ ပစ်ထည့်လိုက်သတဲ့”

“ဒီလုပ်ကြံသူတွေက အဆင်သင့်လုပ်ထားကြတာနဲ့ တူပါတယ်။ သနားပါတယ်ဗျာ။ ဦးကိုနီ မိသားစု ဘယ်လောက် ပူဆွေးမလဲ”

“ဟုတ်ပါ့။ သူ့ဇနီး ဒေါ်တင်အေး ဆိုတာလည်း တရားလွှတ်ချုပ် ရှေ့နေပါပဲ။ သားတစ်ယောက် သမီးနှစ်ယောက်ရှိပါတယ်။ သားက ကွန်ပြူတာဆော့ဖ်ဝဲ အင်ဂျင်နီယာဖြစ်ပြီး သမီးနှစ်ယောက်မှာ ဆရာဝန်များဖြစ်ကြသတဲ့”

“ဒါနဲ့ မြေးလေးရော ဘာဖြစ်သွားသေးလဲ”

“ကံအားလျော်စွာ မြေးလေး ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ တာဝန်သိသူ ပြည် သူများက ၀ိုင်းဝန်းဖမ်းဆီးတဲ့အခါ တရားခံဟာ သေနတ်နဲ့ ရမ်းပစ်တယ်။ လူ ၇ ဦး ဒဏ်ရာရရှိသွားပြီး တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်”

“ဒါ နိုင်ငံရေးလုပ်ကြံမှုပဲ”

“မှန်တာပေါ့။ ဒီလို လုပ်ကြံမှုဟာ မြန်မာ့သမိုင်းမှာ နိုင်ငံရေးလုပ်ကြံမှု အနေနဲ့ အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုလို့ မြင်ပါတယ်”

“ဘယ်လိုမြင်တာလဲ ကိုဘသစ်”

“နိုင်ငံရေးလုပ်ကြံမှုတွေဟာ ဆိုးကျိုးသက်ရောက်မှု များစွာနဲ့ နောက်ဆက် တွဲ ပြသ၁နာများစွာကို ဖြစ်ပေါ်စေပါတယ်။ ပထမဦးဆုံး ကျွန်တော် ပြောချင်တာက ကနောင်မင်းသား လုပ်ကြံခံရမှုပါပဲ”

“အင်း၊ ဒါကို ကျွန်တော်တို့က သာမန်အာဏာလုမှု တစ်ရပ်လို့ပဲ သဘောထားပါတယ်”

“မဟုတ်သေးဘူး ဆရာညို။ ဒီထက်ပိုတဲ့ နောက်ဆက်တွဲ ပြသ၁နာတွေ ဖြစ်လာပါတယ်။ အိမ်ရှေ့စံ ကနောင်မင်းသားကြီး ဟာ ယောအတွင်းဝန် ဦးဖိုးလှိုင်နဲ့ အတူ တိုင်းပြည် လူမှုရေး ကာကွယ်ရေး စီးပွားရေးတွေကို တည်ဆောက်နေတယ်။ စက်ရုံတွေ တည်ဆောက်နေတယ်။ သူ့ရဲ့ လက်နက်စက်ရုံက လက်နက်တွေ စမ်းတာ သမိုင်းမှာ ပါတယ်”

“ဖတ်ရတယ်။ သာသနာတော်ပိုင်တွေက စိတ်မကောင်းတာမျိုး ကြားဖူးတယ်”

“မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အသက်သတ်တာ မလိုလားပါဘူး။ ကနောင်မင်းသားကြီး မရှိတဲ့နောက်ပိုင်းမှာ တိုင်းပြည် ဖယိုဖရဲ ဖြစ်တော့ တာပဲ။ သီပေါမင်း အာဏာရယူတယ်။ အဲဒီအချိန်မှာပဲ အင်္ဂလိပ်တွေဟာ တတိယ အင်္ဂလိပ် မြန်မာစစ်ပွဲကို စစ်ကြေညာကာ ၀င်တိုက်တယ်။ တကယ်တမ်း သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သီပေါမင်းကို ဖမ်းဆီးသွားတယ်တဲ့”

“မြန်မာတွေ အင်္ဂလိပ်ကို မတိုက်နိုင်ဘူးလား”

“အင်္ဂလိပ်တွေဟာ စစ်ရေးအင်အားကြီးနေတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ သူတို့ဟာ အိန္ဒိယ၊ မလေးရှားကျွန်းဆွယ် တို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်။ သူတို့ကို နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ မြန်မာတို့ရဲ့ အရည်အသွေးလည်း ဂရုစိုက်ကြည့်ရင် မြင်နိုင်ပါတယ်”

“ပြောပြပါဦး”

“ကုန်းဘောင်မင်းဆက် ၁၁ ဆက်ရှိပါတယ်။ ၄ ဆက်မြောက် ဆင်ဖြူရှင် လက်ထက်မှာ တရုတ်က ကျူးစစ်ဝင်ရောက်လာတယ်”

“တရုတ်တွေ ၀င်ရောက်တာ အများကြီးပဲလေ။ မြန်မာပြည်မှာ ကုလားကျမင်းရှိသလို တရုတ်ပြေးမင်းဆိုတာလည်း ရှိတယ်”

“နရသီဟပတေ့ဟာ တရုတ်ပြေးမင်းပေါ့။ သူ့လက်ထက်ကလည်း ဒီလိုပဲ တရုတ်တွေ ၀င်ရောက်ခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာ တရုတ်စစ်သည်များဟာ နယ်စပ်ယူနန် ပြည်နယ်မှာ သာမကပါဘူး။ ပီကင်းမြို့က တရုတ်ဗိုလ်ချုပ်များပင် ပါဝင်လာတယ်။ မြန်မာစစ်တပ်က တရုတ်ကို ရင်ဆိုင်တွေ့တယ်။ တရုတ်စစ်သည်တွေ အင်မတန်များပါတယ်”

“တရုတ်တွေက လူဦးရေများတယ်လေ။ တရုတ်တို့လာသည်၊ ရိုင်ရိုင်လော ရိုင်ရိုင်လော မြားမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်လော” ဆိုတဲ့ ကာချင်း ကြားဖူးပါတယ်”

“မြန်မာစစ်သည်တွေဟာ တရုတ်တွေရဲ့ မြားဒဏကို ကြံ့ကြံ့ခံရင်း ခုခံတယ်။ အဓိကကတော့ မြန်မာ အမြောက်စစ်သည် တွေပဲ။ သူတို့ဟာ အမြောက်ပေါင်းများစွာနဲ့ ခုခံပါတယ်။ ခဲယမ်းကျောက် အမြောက်တွေရဲ့ အင်အားဟာ အင်မတန် ထိရောက်ခဲ့တယ်။ တရုတ်စစ်ဗိုလ်ချုပ်တွေ ကျဆုံးတယ်။ နောက်ဆုံး တရုတ်တို့ ဆုတ်ခွာသွားကြပါတယ်”

“မြန်မာတွေ တော်တာ အသိအမှတ်ပြုသင့်တယ်”

“ဒီအကြောင်းမှတ်တမ်းကို တရုတ်ပြည် ပီကင်းပြတိုက်မှာ ယနေ့တိုင် ရှိပါသေးတယ်။ တရုတ်က အသိအမှတ်ပြုပါတယ်”

“အင်း၊ မြန်မာတို့ဟာ တရုတ်လို အင်အားများတဲ့ တပ်ကို နိုင်ခဲ့ပါတယ်နော်”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကနောင်မင်းသား ကျဆုံးသွားလေတော့ အင်္ဂလိပ်တပ်ကို အသာတကြည် အရှုံးပေးခဲ့ရတယ်”

“ကနောင်မင်းသား ကျဆုံးသွားတဲ့အတွက် မြန်မာတစ်မျိုးသားလုံး စောစောစီးစီး ကျွန်ဖြစ်ရတာပါပဲ”

***               ***              ***

“လုပ်ကြံခံရတဲ့ ပြသ၁နာကြီးတာကို ပြောချင်သေးတယ်”

“ဘယ်သူ လုပ်ကြံခံရတာကို ပြောချင်တာလဲ”

“ဗိုလ်ချုပ်အောင်ဆန်းပေါ့။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်မှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေ အလုပ်အကြံခံရတယ်”

“လွတ်လပ်ရေးရဖို့ ၅ လအလိုမှာပေါ့”

“ဟုတ်တယ်။ ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သူကို ကတိပေးခဲ့ပါတယ်”

“တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမယ်တဲ့။ နှစ်တစ်ရာကျော် ကျွန်ဖြစ်ခဲ့တဲ့ မြန်မာပြည်ကို လွတ်လပ်ရေး တစ်နှစ်အ တွင်း ရစေမယ်ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက အာမခံကာ ကတိပေးသွားတယ်။ တစ်နှစ်မပြည့်ပါဘူး။ ဒီလို အလုပ်အကြံခံခဲ့ရပေမယ့်လည်း ဗိုလ်ချုပ်ပြောထားတဲ့ အတိုင်း တစ်နှစ်အတွင်း လွတ်လပ်ရေးရခဲ့ပါတယ်”

“အင်မတန် တော်တာပဲ”

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုကိုတော့ အစားထိုးလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတာကို ရှင်းပြပါမယ်။ ၁၉၆၅ ခုနှစ်မှာ စင်ကာပူဟာ မလေးရှားနဲ့ ခွဲထွက်ကာ လွတ်လပ်ရေးရခဲ့ပါတယ်။ စင်ကာပူမှာ အာဏာအရှိဆုံးက ၀န်ကြီးချုပ် ဖြစ်တယ်။ ၀န်ကြီးချုပ် လီကွမ်ယူး ဟာ မြန်မာပြည်ကို အားကျခဲ့ပါတယ်။ သူ အာဏာရလာပြီး နောက်ငါးနှစ် အတွင်း ရန်ကုန်မြို့ကို အမီလိုက်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူသဘောကျတဲ့ ရန်ကုန်နဲ့ မြန်မာဟာ တဖြည်းဖြည်း ဆုတ် ယုတ်လာပြီး နောက်ဆုံး LDC လို့ခေါ်တဲ့ အဆင်းရဲဆုံး နိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ဒီတော့ ၀န်ကြီးချုပ် လီကွမ်ယူက သူ့ရဲ့ ကက်ဘိနက်မှာ ပြောတယ်။

“မြန်မာပြည် ခုလို ဆင်းရဲသွားတာ ဘာကြောင့်လဲ သိလား။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံလိုက်လို့ပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ အလုပ်အကြံ မခံရအောင် အစီအမံတွေ လုပ်ရမယ်” ဆိုပြီး ပြောခဲ့ပါတယ်”

***               ***                 ***

ကိုဘသစ်က လုပ်ကြံခံရတာတွေကို ပြောတော့ ကျွန်တော်လည်း သိသမျှကို ပြောရပါတယ်။

“ကျွန်တော်တို့ စာပေနယ်မှာလည်း သိပ္ပံမောင်ဝ အလုပ်ကြံခံရတာဟာ စာပေအတွက် များစွာ ဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။ ဒီအတိုင်းပဲ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆရာဒေါက်တာ သန်းထွဋ်အောင်ကိုလည်း ကုန်းသီးနဲ့ ပစ်ကာ လုပ်ကြံဖို့ ကြိုးစားဖူးပါတယ်”

“မှန်တာပေါ့။ ဘယ်သူ့ကိုမဆို လုပ်ကြံ သတ်ဖြတ်ခံရခြင်းဟာ လူ့ဘောင်လောကအတွက် ဆိုးကျိုးသာ ဖြစ်စေပါတယ်”

“အင်း၊ ကျွန်တော်ကတော့ ဆရာဦးကိုနီကို စာရေးဆရာတစ်ယောက် လို့ပဲ မြင်ပါတယ်။ တရားခွင်မှ တိုက်ပွဲများဆိုတဲ့ သူ့ရဲ့ ပထမဦးဆုံး စာအုပ်ကို ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။ ကောင်းပါတယ်”

“သူက တရားဥပဒေဆိုင်ရာ စာအုပ်တွေ ဆောင်းပါးတွေကို ရေးခဲ့ပါ တယ်။ နောက်ပိုင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဥပဒေဆိုင်ရာ သုံးသပ်ချက်များကို ရေးခဲ့ပါတယ်”

“ဟုတ်တယ်။ ကျွန်တော့်ကိုလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးဖို့ တိုက်တွန်းကာ အကူအညီပေးခဲ့ပါတယ်။ သူ့မှာ ကျွန်တော်နဲ့ သဘောထားကိုက်ညီတဲ့ အယူအဆ နှစ်ခုရှိပါတယ်”

“ဘာတွေလဲ”

“ပထမတစ်ခုက အခြေခံဥပဒေကို ပြင်ဆင်မယ့်အစား အသစ်တစ်ဖန်ရေးဆွဲဖို့ ဖြစ်တယ်။ ဒုတိယတစ်ခုကတော့ စင်ကာပူရဲ့ ဘာသာရေး သယဇာတဖြစ်မှု ဥပဒေ (Religious Harmony Act) ကို အတုယူဖို့ပါပဲ”

“ရှင်းပြပါဦး”

“စင်ကာပူမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာဝင်များ ရှိတယ်။ သူတို့ဟာ အတူတကွ နားလည် သဘောပေါက်ကာ ဘာသာရေး ညီညွတ်မှုမျှတမှုအတွက် လေးစားလိုက်နာဖို့ ဥပဒေကို ပြဋ္ဌာန်းပေး ထားပါတယ်။ ကလေးငယ်လေးတွေ ဘ၀ကတည်းက လေ့ကျင့် ပျိုးထောင်ပေး ထားတာကို သူ ခဏခဏ ပြောပါတယ်”

“သူက အတော်လေ့လာတာပဲ”

“မှန်ပါတယ်။ ဦးကိုနီဟာ အများယုံကြည် လေးစားရတဲ့ ပညာတတ် တစ်ယောက်ပါ။ သူဟာ မဲအနိုင်ရရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်များ ကို ဥပဒေရေးရာကို ပို့ချပေးခဲ့သူပါ”

“လူအချင်းချင်း နှိပ်စက်ခြင်းကင်းစေဖို့ ဥပဒေကို နားလည် တတ်မြောက်ထားဖို့လိုတယ်” ဆိုတာ သူ့ရဲ့ ဆောင်ပုဒ်ပါ”

“ဆိုးပါတယ်ဗျာ။ အကြမ်းဖက်မှုဟာ လောကကြီးကို ပျက်စီးစေတာကို လူတွေ မသိကြဘူးလား”

“ကျွန်တော်တို့ လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ညှိုးရန်စတွေကို ဖြေဖျောက်ပြီး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ဖို့လို တယ်။ အမုန်းတွေကို ဖြေဖျောက်ကာ မေတ္တာထားနိုင်မှသာ သာယာတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်”

***              ***               ***

“ဒါနဲ့ ကျွန်တော်တို့ ပြည်သူ့အစိုးရ ဘာလုပ်သင့်သလဲ”

“ဘာကိုပြောတာလဲ”

“တုံ့ပြန်ဖို့လေ”

“ဒါလား၊ ခေါင်းဆောင်များ သတိရှိကြဖို့နဲ့ လုံခြုံရေး ဂရုစိုက်ပါလို့ မှာချင်တာပဲ”

“ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရတဲ့ ကာလတုန်းက ပြောကြတာတွေ ရှိတယ်။ ဆရာကြီး ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်ဟာ ကံနိမ့်နေတယ်။ သတိထားဖို့ မှာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ယတြာဗေဒင်တွေကို မယုံဘူး”

“လက်တွေ့ကျတဲ့သူကိုး၊ ဘယ်ယုံပါ့မလဲ”

“စာရေးဆရာ သိပ္ပံမောင်ဝကိုလည်း အဲဒီနေ့မှာ လုပ်ကြံခံရမယ် ဟောခဲ့ တာပဲ။ အဲဒီနေ့မှာ သူဟာ ကန့်ဘလူနားက ရွာတစ်ရွာကို ရောက်နေတယ်။ ည ၉ နာရီမှာ သူမသေသေးတော့ ဗေဒင်ဆရာ မှားပြီထင်တယ်လို့ စာရေးလိုက်တယ်။ အဲဒီအချိန်မှာပဲ သူ ထောင်ချထားခဲ့ဖူးတဲ့ ဓားပြဟာ သူ့ကိုသတ်သွားတယ်”

“ည ၁၂ နာရီမထိုးမီ သတ်သွားတော့ ဗေဒင်မှန်တာပဲဗျို့”

“ဗေဒင်မှန်တာ မမှန်တာထက် အသက်မသေဖို့ ဂရုစိုက်ဖို့လိုတယ်”

“ဗိုလ်ချုပ်လည်း သူ့ကိုစောင့်ဖို့ထားတဲ့ ကင်းသမားတွေကို ဖယ်လိုက်တယ်။ လူတိုင်းက ကိုယ့်ကိုချစ်တယ်လို့ သူက ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ သူ့စေတနာ ဖြူစင်တာကိုး”

“ကံကြမ္မာပေါ့လေ။ ဒါပေမဲ့ ဒီလိုသတ်ဖြတ်တာဟာ ဘယ်ကိုမှ မရောက်ဘူး”

“မှန်ပါတယ်။ တိုင်းပြည်ကြီး ဒီမိုကရေစီ ခရီး သွားနေတာကို အားလုံး ကူညီဖို့လိုတယ်”

“ဒီလုပ်ကြံခံရတာတွေကို ရပ်တန်းကရပ်ကြဖို့ ဆန္ဒပြုပါတယ်”

ဒေါက်တာခင်မောင်ညို
The Ladies News

No comments:

Post a Comment