Latest News

Tuesday, February 7, 2017

နေ့စဉ်ပျမ်းမျှခရီးသည် ရှစ်သောင်းခန့်မှ ငါးနှစ်အတွင်း သုံးဆကျော်မြင့်တက်လာရန် ရည်မှန်းကာ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့်တင်ဆောင်ရွက်

နေ့စဉ်ပျမ်းမျှခရီးသည် ရှစ်သောင်းခန့်မှ ငါးနှစ်အတွင်း သုံးဆကျော်မြင့်တက်လာရန် ရည်မှန်းကာ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့်တင်ဆောင်ရွက်


ရန်ကုန် ဖေဖော်ဝါရီ ၇

ရန်ကုန်မြို့ ရထားပို့ဆောင်ရေးကဏ္ဍတွင် နေ့စဉ် ရထားစီးခရီးသည် ပျမ်းမျှ ရှစ်သောင်း ခန့်ရှိပြီး လာမည့်ငါးနှစ်တာကာလအတွင်း နေ့စဉ် ပျမ်းမျှခရီးသည်ဦးရေ လက်ရှိထက် သုံးဆကျော် မြင့်တက်လာရန် ရည်မှန်းကာ မြို့ပတ်ရထားပြေးဆွဲမှု အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လူဦးရေ ငါးသန်းကျော်ရှိသော ရန်ကုန် မြို့လူဦးရေတွင် နေ့စဉ် ရထားစီးသွားလာနေ သောခရီးသည်မှာ ပျမ်းမျှအားဖြင့် ရှစ်သောင်း ဝန်းကျင်ခန့်သာရှိနေပြီး အများစုမှာ ဘတ်စ်ကားများကိုသာ အားထားစီးနင်း သွားလာလျက်ရှိသည်ဟု သိရသည်။ ဇန်နဝါရီ ၁၆ ရက်ကရန်ကုန်မြို့ရှိ ဘတ်စ်ကား ပြေးဆွဲမှုစနစ်များစတင် ပြောင်းလဲလိုက်သည့် အချိန်မှစတင်၍ ရထားစီးနင်းသည့် ခရီးသည် အရေအတွက် နှစ်သောင်းဝန်းကျင်ခန့် တိုးတက်များပြားလာသည်ဟု သိရသည်။

''အခု ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားယာဉ် လိုင်းတွေကို ပြုပြင်နေပါတယ်။ ရထားပို့ဆောင် ရေးနဲ့ပတ်သက်တဲ့အခြေအနေတွေကို အဆင့် မြှင့်တင်နိုင်ဖို့အတွက် မြို့ပတ်ရထားတွေကို အဆင့်မြှင့်တင်နိုင်ဖို့ မြန်မာ့မီးရထားအနေနဲ့ ကြိုးစားနေပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ယင်းသို့ ရန်ကုန်မြို့၏ ဘတ်စ်ကား ပြုပြင်ပြောင်းလဲရေး စတင်သည့်နေ့တွင် မြို့ပတ်ရထားများ တိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းလုပ်ဆောင်နေသည့် မြို့ပတ်ရထား အဆင့် မြှင့်တင်ရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။ အဆိုပါစီမံကိန်းအရ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး၊ မြို့ပတ်ရထားပြေးဆွဲ သည့် မြန်နှုန်းမြှင့်တင်ရေး၊ ရထားစီးခရီးသည် တိုးတက်မြင့်မားလာရေး၊ ရထားလမ်း တစ်လျှောက် ဘေးအန္တရာယ်လျော့ပါးရေး စသည့်လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

''ရထားစီးရတာ အဆင်ပြေပါတယ်။ အချိန်လည်း မှန်လာပါတယ်။ သန့်လည်း သန့်လာပါတယ်။ ဒါပေမယ့် ကုန်တင်နေတာ၊ ဈေးသည်တွေ စည်းကမ်းမရှိတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာ ရှိတယ်။ ရထားခက ဈေးသက်သာတော့ မြို့ပတ်ကုန် ရထားဆိုပြီး သီးသန့်ဆွဲပေးရင် ကောင်းမယ်။ နောက်ပြီး တစ်ခါတလေ ရထားတစ်စင်းနဲ့ တစ်စင်း တစ်နာရီလောက် ကွာတာမျိုးရှိတော့ အဲဒီအချိန်မျိုးမှာ ရထားစောင့်စီးဖို့ အဆင် မပြေတော့ဘူး။ တစ်စင်းနဲ့တစ်စင်း အချိန် အဲဒီလောက်မခြားဘဲ ပြေးဆွဲပေးနိုင်ရင် ပိုကောင်းပါမယ်''ဟု မြို့ပတ်ရထားစီး ခရီးသည်တစ်ဦးက ပြောသည်။

လက်ရှိတွင် ရထားတစ်စင်းနှင့်တစ်စင်း အချိန်ကွာဟချိန် အနည်းဆုံး ၁၅ မိနစ်မှ အကြာဆုံး ၄၅ မိနစ်အထိ ကွာဟနေရာမှ လာမည့် ၂ဝ၂၂ ခုနှစ်တွင် ၁ဝ မိနစ်မှ ၁၂ မိနစ်အတွင်းသာ ကွာဟရန် ရည်မှန်းချက်ထား ဆောင်ရွက်နေသည်ဟု မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း သည် ၄၆ ကီလိုမီတာ ရှည်လျားပြီး မြို့ပတ် ဘူတာစဉ် ၃၈ ဘူတာရှိကာ မြို့ပတ်ရထား ခရီးစဉ် မြို့တစ်ပတ်ပြေး ဆွဲမှုကြာမြင့်ချိန်သည် မိနစ် ၁၇ဝ ခန့် ရှိကြောင်း သိရသည်။ မြို့ပတ်ရထား မြန်နှုန်းမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုနှင့်အတူ လာမည့် ၂ဝ၂၂ ခုနှစ်တွင် တစ်နာရီ ကီလိုမီတာ ၆ဝ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေပြီး မြို့တစ်ပတ် ကြာမြင့်ချိန်ကို မိနစ် ၁၁ဝ ခန့်သာ ကြာမြင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ မြို့ပတ်ရထားစီး ခရီးသည် အရေအတွက်ကိုလည်း လက်ရှိတွင် နေ့စဉ် ပျမ်းမျှ ရှစ်သောင်းဝန်းကျင်မှ လာမည့် ၂ဝ၂၂ ခုနှစ်တွင် နှစ်သိန်းခြောက်သောင်းကျော်အထိ တိုးတက်လာရန်ရည်မှန်းထားပြီး နေ့စဉ် မြို့ပတ် ရထားအစီးရေ ၁၂၂ စီးမှ ၁၇၅ စီးသို့ ပြေးဆွဲနိုင်ရန် ရည်မှန်းထားကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA ၏ ပူးပေါင်း ဆောင်ရွက်မှုတွင် ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့် ရန်ကုန်- မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများပါဝင်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ရေးလုပ်ငန်းပိုင်းတွင် မြန်နှုန်းမြှင့်ပြေးဆွဲ နိုင်ရေးအတွက် ရထားလမ်းတစ်လျှောက် ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်း လှုပ်ရှားမှုအနေဖြင့် အသိပညာပေး ဆောင်ရွက်မှုကို ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်အထိ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေး ပြောကြားခြင်းတို့ကို တစ်ပတ်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(ဆုနှင်းလဲ့)ုပန်/ဆက်

No comments:

Post a Comment