Latest News

Wednesday, February 15, 2017

အေးတူပူအမျှ

အေးတူပူအမျှ

တစ်နေ့…
အမျိုးသားတစ်ယောက်ဟာ နေ့စဉ်ရုံးသွားရုံးပြန်နဲ့ ပင်ပင်ပန်းလုပ်ကိုင်နေရတဲ့ သူ့ရဲ့ဘ၀ကိုငြီးငွေ့လာပါသတဲ့။ သူအပြင်မှာ ရုန်းကန်လုပ်ရှားနေချိန်မှာ သူ့အမျိုးသမီးကတော့ တစ်နေကုန်အိမ်မှာ နေနေရပြီး အလုပ်လည်းထွက်လုပ်စရာမလိုတာကို ကြည့်ပြီး နတ်စင်မှာ စိတ်ပျက်လက်ပျက်နဲ့ အခုလို တိုင်တည်မိပါသတဲ့။

“တပည့်တော်ဟာဆိုရင် တစ်နေ့ ၈ နာရီအလုပ်သွားလုပ်နေရပြီး ကျွန်တော်မိန်းမကတော့ အိမ်မှာပဲ သက်တောင့်သက်တာ နေနေရပါတယ် ။ တစ်ခါတစ်လေ ကျွန်တော်လည်းသူ့လို အေးအေးလူလူ အပူအပင်မရှိ နေချင်ပါတယ်။ လက်ရှိဘ၀ကို ငြီးငွေ့လှပါပြီ။ နေရာချင်းလဲလို့ရရင် လဲလိုက်ချင်ပါတယ်ဘုရား ”
ဒီတော့ နတ်မင်းကြီးဟာ သူ့ရဲ့စိတ်ဖိစီးမှုကိုကြည့်ပြီး သနားလွန်းလို့ သူ့ဆန္ဒအတိုင်းဖြည့်ဆည်းပေးလိုက်ပါသတဲ့ ။

နောက်တနေ့ အိပ်ယာကနိုးတော့ သူဟာ သူတောင့်တလိုချင်နေတဲ့ သူ့မိန်းမရဲ့ ဘ၀အဖြစ်ပြောင်းလဲနေတာကိုတွေ့ရပါသတဲ့။ ဒါနဲ့ပဲ အသာလေးအိပ်ယာကထပြီး ယောကျာ်းစားဖို့ မနက်စာစပြီး ပြင်ဆင်ရပါတော့တယ် ။ ပြီးတော့ အိပ်နေတဲ့ ကလေးနှစ်ယောက်ကိုသွားပြီး ကျောင်းမှီဖို့ မနည်းခေါ်နှိုးရပါတယ်။ ပြီးတော့ တစ်အိမ်လုံးအတွက် မနက်စာစားဖို့ ပြင်ဆင်ပေးရပါတယ်။ ပြီးတော့ ယောကျာ်းနဲ့ ကလေးတွေအတွက် ထမင်းဘူးပြင်ပေးရပါတယ်။

ယောကျာ်းအလုပ်သွားတော့ ကလေးနှစ်ယောက်ကို ကျောင်းပို့ဖို့ရေချိုး၊ ဂျီကျပြီးကျောင်းမသွားချင်တဲ့ ကလေးတွေကို ချော့မော့ပြီး ကျောင်းသွားပို့ပေးရပါတယ်။ ပြီးတော့ အိမ်ပြန်လာတဲ့လမ်းမှာ ၀ယ်ခြမ်းစရာရှိတာဝယ်ယူပြီး အိမ်ပြန်၊ အ၀တ်လျှော် ၊ အိမ်သန့်ရှင်းရေးလုပ်၊ ငါးကန်သန့်ရှင်းရေးလုပ်၊ ခွေးသန့်ရှင်းရေးလုပ်၊ ခြံထဲမှာရှိတဲ့ သစ်ရွက်ခြောက်တွေကို လှည်းကျင်းပြီးသိမ်းဆည်း၊ ပြီးတော့ ကလေးတွေ ကျောင်းသွားကြို ၊ ပြန်လာတော့ ညနေစာအတွက် ပြင်ဆင်၊ ကလေးရေချိုး၊ အိမ်စာလုပ်ဖို့ အော်ဟစ်တိုက်တွန်း ဆူပူရပါတယ်။ ကလေးတွေပူဆာတဲ့ အဆာပြေ မုန့်အမျိုးမျိုးရှာ ကြံလုပ်ကျွေးရပါတယ်။ ရန်ထဖြစ်လို့ သွားဆွဲလိုက် လှီးလက်စ အသီးအရွက်တွေကို ကြော်လှော်ဖို့လုပ်လိုက် ၊ ဖုန်းလာရင်ပြေးကိုင်လိုက်၊ တစ်နေကုန်ကို ခြေကုန်လက်ပန်းကျအောင်ကို လုပ်လိုက်ရပါတယ်။

ညနေစာပြင်ဆင်ပြီးလောက်ချိန်မှာ သူနဲ့နေရာချင်းလဲထားတဲ့ ယောကျာ်းလုပ်တဲ့သူက အလုပ်ကနေပြန်လာပါပြီ။ အမြင်ကတ်ဖို့ကောင်းတာက ပြန်လာတာနဲ့ မောတယ်ဆိုပြီး ဆိုဖါပေါ် ပစ်ထိုင်ပြီးတာနဲ့ မိန်းမရေ ရေတစ်ခွက်ဆိုလို့ ပြေးခပ်ပြီးသွားပေးရပါတယ်။
ပြီးတာ့ သူရေမိုးချိုးဖို့ပြင်ဆင်ပေး၊ ညနေစာတူတူစားပြီးချိန်မှာ စိတ်ခံစားမှုကပိုဆိုးသွားပါတယ်။ တစ်ယောက်တည်းအားလုံးစားထားတဲ့ ပန်းကန်တွေဆေးကြောဖို့ သိမ်းဆည်းရတဲ့အချိန်မှာ ဘောပွဲကြည့်ဖို့ဆိုပြီး အိမ်ရှေ့ကိုအလိုက်ကန်းဆိုးမသိ ထွက်သွားတဲ့သူ့ကျောပြင်ကိုကြည့်ပြီး ကောက်ထုပစ်လိုက်ချင်စိတ်တောင်ပေါက်မိပါတယ်။ သူဘောလုံးပွဲကြည့်ပြီးတဲ့အထိ ကိုယ့်မှာတစ်အိမ်လုံးလိုက်ပြီး သိမ်းဆည်းတာမပြီးသေးပါဘူး။ ကိုးနာရီထိုးခါနီးဆိုတော့ ကလေးနှစ်ကောင်ကို သွားပြေးသိပ်ရင်း ကိုယ်ကိုယ်တိုင်လည်း ခြေကုန်လက်ပန်းကျနေပါပြီ။

ဒီလိုနဲ့ တစ်လလောက်လုပ်ပြီးတဲ့အချိန်မှာ သူတော်တော်စိတ်ညစ်လာပါတယ် ။မခံနိုင်တဲ့အဆုံး အားလုံးမရှိတဲ့ နေ့လည်ခင်းကျတော့ နတ်စင်ရှေ့ အပြေးအလွှားသွားပြီး
“တပည့်တော်တောင်းဆိုမိတာ မှားပါပြီ၊ အရင်က မိန်းမက အိမ်မှာအေးအေးသက်သာနေရတယ်ချည်းထင်ပြီး သူ့ဘ၀ကိုအားကျမိပါတယ်၊ ခုတော့သူ့နေရမှာဝင်လုပ်ကြည့်တော့မှ ကိုယ်ချင်းစာမိပါပြီ။ ခန္ဓာကိုယ်ချင်းပြန်ပြောင်းပေးပါတော့ တပည့်တော်သည်းမခံနိုင်တော့ပါဘူး ဒီအလုပ်တွေကို၊ ပင်ပန်းလှပါပြီ ”

ဒီတော့ နတ်မင်းကြီးက သဘောပေါက်သွားတဲ့သူ့ကို ခုလိုပြန်လည်မြွတ်ကြားလိုက်ပါသတဲ့။

“ အခုလိုအမြင်မှန်ရသွားတဲ့အတွက် လူချင်းပြန်လဲပေးချင်ပေမဲ့ နောက်ရက်ပေါင်း နှစ်ရာကျော် စောင့်ရလိမ့်မယ် ၊ ဘာလို့လဲဆိုတော့ မင်းမှာ ကိုယ်ဝန်တစ်ပတ်ရှိနေပြီ ” တဲ့ ။

သေစမ်း … ကိုးလလွယ် ဆယ်လဖွားဒဏ်ကို ဆက်ခံလိုက်ဦးဟဲ့ ….။

* မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာလည်း ပင်ပန်းသလို ယောကျာ်းတစ်ယောက်ရဲ့ ဘ၀ကလည်း ပင်ပန်းပါတယ်။ ဒါကို အပြန်လှန် သိတတ်မယ်ဆိုရင် အရာအားလုံးဟာ လှပလိုက်မယ့်ဖြစ်ခြင်း။

Just for fun ….#Translate
#မာရင်ရင်

မာရင်ရင်
မနုဿ ရဲ့ စာမျက်နှာလေးများ

No comments:

Post a Comment