Latest News

Saturday, February 18, 2017

ချစ်သူတွေ ပိုချစ်ပြီး၊ မုန်းသူတွေ ခင်လာစေဖို့..

ချစ်သူတွေ ပိုချစ်ပြီး၊ မုန်းသူတွေ ခင်လာစေဖို့..

ကိုယ့် ချစ်တဲ့သူတွေရဲ့မေတ္တာကို အပြောင်းအလဲမရှိ ထာဝရ အမြဲလိုချင်တောင့်တ တတ်တာ
ကျွန်မတစ်ယောက်တည်းတော့ ဟုတ်မယ် မထင်ပါဘူး။

ခင်ပွန်းဆီက မေတ္တာ၊ မိဘနဲ့သားသမီးတွေဆီက  မေတ္တာတွေအပြင် မောင်နှမတွေ လုပ်ဖော်ကိုင်ဘက်တွေ၊ ပြီးတော့ ခင်မင်သူတွေ အားလုံးရဲ့ချစ်ခင်မှုမေတ္တာတရားကို လိုလားမိတယ်။ဒါ့အပြင် ကျွန်မက နည်းနည်းလေး ပိုပြီး လောဘကြီးတယ် ထင်ပါရဲ့။ ချစ်သူ ခင်တွေဆီကတင်မကဘူး ကျွန်မကို မကြိုက်ပါဘူး၊ အမြင်ကတ်တယ်။ မုန်းပါတယ်ဆိုတဲ့သူတွေဆီကတောင် သူတို့ရဲ့မေတ္တာကို ပိုင်ဆိုင်ခွင့်ရချင်ပါသေးတယ်။

ဒီလောက်တောင် မေတ္တာနဲ့ပတ်သက်ပြီး လောဘကြီးနေတဲ့ အတွက် ကိုယ့်ဘက်ကလည်း ချစ်သူတွေသာမက၊ အားလုံးအပေါ်ကို မေတ္တာထားနိုင်ရဲ့လားဆိုတာလည်း တွေးရပါတယ်။

သေသေချာချာ တွေးတော့  တကယ်လုပ်မယ်ဆိုရင်လည်း မလွယ်ပါဘူး။ အားလုံးအပေါ်ကို မေတ္တာထားဖို့ဆိုတာ မလွယ်ဘူး၊ ခက်ခဲပါတယ်။ ဒါပေမဲ့ လိုချင်တယ်ဆိုရင်တော့ဖြစ်အောင် လုပ်နိုင်တဲ့
နည်းလမ်းကောင်းလည်း ရှိပြီးအောင်မြင်အောင် လုပ်နိုင်စွမ်းရှိတာလည်း တွေ့ရပါတယ်။

ဒါကတော့  မေတ္တာပွားခြင်းပါ။ ကျွန်မတို့နေ့စဉ် ခုနစ်ရက်သားသမီးတွေကို မေတ္တာပွားတာ ယေဘူယျ ဆန်ပါတယ်။ အဲဒီအတိုင်း ပွားကြတာတော့ လူတိုင်း သိပါလိမ့်မယ်။ခုဟာကတော့မေတ္တာတရားကို ဦးတည်ချက်တစ်ခုနဲ့ပွားများတာမျိုးပါ။

ဒီမေတ္တာပွားနည်းကို ငယ်တုန်းကလည်း လေ့ကျင့်ခဲ့ဖူးပါတယ်။ ဒါကတော့ ကိုယ်က ချစ်တဲ့သူ့ဆီက
 မေတ္တာလိုချင်လို့ပွားများတဲ့ နည်းလမ်းအတိုင်းပါပဲ။ ဘုရားရှစ်ခိုး တရားထိုင်ပြီးလို့စိတ်ကြည်လင်နေချိန်မှာ ကိုယ်က မျက်စိလေးမှိတ်ပြီး သူ့ရုပ်သွင်ကို မြင်အောင် ကြည့်ပြီး အေးချမ်းပါစေ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ လို့ပါးစပ်ကနေ ရေရွတ်ပါတယ်။

ပြီးတော့တကယ်လည်း သူ့စိတ်ချမ်းသာနေတာမျိုး၊ ကျန်းမာစွာနဲ့ အလုပ်တွေ လုပ်ဆောင်နေတာမျိုးကို မြင်ယောင်ကြည့်ပါတယ်။  အဲဒီလို ၃ မိနစ်ကနေ ၅မိနစ်လောက် နေ့စဉ် လုပ်ဖြစ်ခဲ့ပါတယ်။

ဘုရားရှစ်ခိုးမှ တရားထိုင်ပြီးမှ လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ အားရင် အားသလို လုပ်ဆောင်လို့ရပါတယ်။

တစ်ခါတစ်ရံဆို အလုပ်လုပ်နေရင်းနဲ့ ခဏနားချိန်မှာ မျက်စိလေးမှိတ်ပြီး ချစ်တဲ့သူတွေကို မြင်အောင်ကြည့်ပြီး မေတ္တာပို့ဖြစ်တယ်။အဲလိုပဲ ကားစီးနေရင်းနဲ့ ပွိုင့်မိလို့စောင့်ရချိန်မှာ ကိုယ်တွေ့ဖို့ရှိတဲ့သူတွေကိုမြင်ယောင်ပြီး မေတ္တာပွားနေမိတယ်။ စိတ်ပါလက်ပါနဲ့ပွားများတဲ့အခါ သူတို့လည်း အဲဒါကို ခံစားရတယ်လို့ ယုံကြည်မိတယ်။

အဲလိုနည်းလမ်းနဲ့ကျွန်မ မိဘတွေကိုရော သားသမီးတွေကိုရော ခင်ပွန်းသည်နဲ့ကျွန်မ ချစ်ခင်တဲ့ သူတွေကိုရော မေတ္တာပို့ပေးခဲ့ဖူးတယ်။တကယ်လည်း အဆင်ပြေခဲ့ပါတယ်။ သူတို့လည်း အေးချမ်းခဲ့ပါတယ်။ ကို်ယ့်ကို မြင်ရုံ၊ကိုယ့်အသံလေး ကြားရုံနဲ့တင် သူတို့ရဲ့စိတ်ထဲအေးချမ်းပြည့်စုံမှုလေးကို ခံစားရစေပါတယ်။

နောက်တစ်ချက်ကတော့  ကိုယ်က တစ်ကြိမ်မှာ တစ်ယောက်တည်းကိုပဲ မေတ္တာပွားတယ်ဆိုပေမဲ့ နေ့စဉ် နေ့တိုင်း မေတ္တာပွားပေးနေမယ်ဆိုရင်တော့ကိုယ့်မှာလည်း မေတ္တာဓါတ်က ကိန်းအောင်းလာပါတယ်။ ကိုယ်က လူတိုင်းကို မေတ္တာထားနိုင်တဲ့သဟဇာတမျှတတဲ့ ပင်ကိုယ်သဘောလည်း ရှိလာပါတယ်။

နောက်ဆုံး ကိုယ်အမြင်မကြည်လင်တဲ့သူအပေါ်မှာတောင် အရင်တုန်းကလို ရန်လိုတဲ့စိတ်တွေ ပျောက်သွားတယ်။သူတို့က ကိုယ့်ကို မကျေနပ်အောင် လုပ်နေတယ်ဆိုရင်လည်း ကိုယ့်စိတ်ထဲ ဘာမှ မဖြစ်တော့ဘူး၊ အပြုံးအေးအေးလေးနဲ့ပဲတုန့်ပြန်လာနိုင်ပါတယ်။

ကိုယ်က ချစ်တဲ့သူတွေ ခင်တဲ့ သူတွေကိုပဲ ရွေးပြီး မေတ္တာပို့နေတာမျိုးထက် နောက်ဆုံး ကိုယ့်ရန်သူကိုတောင်မှ ချန်မထားဘဲနဲ့မေတ္တာပွားပေးရင် ရက်ပိုင်းအတွင်းမှာပဲ ကိုယ့်ကိုယ်ကျိုးလုံးဝ မပါဘဲနဲ့ လူတိုင်းအပေါ်မှာ မေတ္တာထားနိုင်တဲ့စိတ်လေး ပေါ်ပေါက်လာရပါတယ်။

ကိုယ့်အနေနဲ့ ချစ်တဲ့သူတွေ သိတဲ့သူတွေကို လည်း အလှည့်ကျ
 မေတ္တာပွားပြီးတဲ့အခါ မုန်းတဲ့သူ ၊ အမြင်မကြည်လင်တဲ့သူ၊နောက်ဆုံး ရန်သူနဲ့ မသိမကျွမ်းရသေးတဲ့သူတွေကိုပါ မြင်ယောင်ပြီး သုံးမိနစ်လောက် မေတ္တာပွားကြည့်ပါနော်။

ကိုယ့်အကျိုးကို ဖျက်ဆီးတဲ့သူတွေကို မြင်ယောင်ကြည့်ပြီး သူတို့ကို မေတ္တာပို့ကြည့်ပါ။ အဲဒီလို မေတ္တာပို့လိုက်နိုင်တဲ့အခါ ကိုယ့်အနေနဲ့အင်မတန်ကို စိတ်ရော ကိုယ်ပါ အေးချမ်းသွားပါတယ်။ ကိုယ့်အနေနဲ့ အေးချမ်းသွားပြီဆိုရင် ကိုယ်ဟာ သူနဲ့ပတ်သက်ပြီး ဖြစ်ပေါ်ရတဲ့ ဒေါသ၊ လောဘနဲ့ မောဟ စိတ်တွေလည်းေ လျာ့ပါးသွားပါပြီ။

သူကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ့်ဘက်က တည်ငြိမ်စွာသွားပါပြီ။ သူပေးတဲ့အပူတွေ သူပေးတဲ့ဒုက္ခတွေ သူပေးတဲ့အဆိုးတွေနဲ့ပတတ်သက်ပြီးေ သာက အပူတွေ လျော့ကျ ပြီး ကင်းစင်သွားပါလိမ့်မယ်။  သူ့ အဆိုးကို ကိုယ့်ဘက်ကလည်း အဆိုးနဲ့မတုန့်ပြန်ဖြစ်တော့ပါဘူး။ သူ့အနေနဲ့သူ့အကုသိုလ်နဲ့သူ သွားတာတောင်မှ ကိုယ့်ရဲ့ပရောဂ ကင်းသွားပါတယ်။

ကျွန်မကတော့အဲဒီလို နည်းလမ်းက လက်ရှိ ဘ၀အတွက်ရော၊ သံသရာအတွက်ပါ ကောင်းမွန်တယ်လို့ယုံကြည်လက်ခံမိပါတယ်။

ပြီးတော့ဒါန ကုသိုလ်ပြုရင်ပဲ ဖြစ်ဖြစ် သီလစောင့်ထိန်းတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘာဝနာပွားများတဲ့အခါမှာလည်း အားလုံးကို အမျှဝေပါတယ်။ ဒါကလည်း ကိုယ့်ဆီက မျှဝေခြင်းတစ်မျိုးပါပဲ။ရန်သူ နည်းပြီး လူချစ်လူခင်ပေါများစေပါတယ်ရှင်။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment