Latest News

Saturday, February 18, 2017

သာသနာတော်နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့က လိုလေသေး မရှိ ထောက်ပံ့ ပေးရန် ကတိပြုထားကြောင်း သာသနာရေး ၀န်ကြီး ပြောကြား

သာသနာတော်နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့က လိုလေသေး မရှိ ထောက်ပံ့ ပေးရန် ကတိပြုထားကြောင်း သာသနာရေး ၀န်ကြီး ပြောကြား

သာသနာတော်နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စသည့် နိုင်ငံ့ အကြီးအကဲများက လိုလေသေး မရှိ ထောက်ပံ့ပေးရန် ကတိပြုထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး သူရ ဦးအောင်ကို က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသည့် (၅၈) ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင် အခမ်းအနား အပြီး မီဒီယာများနှင့် သီးသန့် တွေ့ဆုံရာ၌ ၀န်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒီကနေ့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် စတဲ့ နိုင်ငံ့ အကြီးအကဲတွေ ကလည်း သာသနာတော်နဲ့ ပတ်သက်လို့ ရှိရင် လိုလေသေး မရှိ ထောက်ပံ့ ပေးနေပါတယ်။ ထောက်ပံ့ပေးမယ် လို့လည်း ကတိပြုထားပါတယ်။ ဒါကြောင့် မို့လို့ ဒီနေ့ စာအောင် ဆုနှင်းသဘင် အခမ်းအနားကို ကျင်းပတဲ့ အခါမှာလည်း သာသနာရေး ဦးစီးဌာနက သိန်း ၁၀၀၀ ကျော် လောက် အကုန်အကျ ခံပြီး ကျင်းပပေးပါ တယ်။ နိုင်ငံတော် အစိုးရရယ်၊ ဒကာဒကာ မတွေရယ်၊ ရဟန်း သံဃာတော် တွေရယ် သုံးပွင့်ဆိုင် ဟန်ချက်ညီမှ သာသနာတော် မြတ်ကြီး နှစ်ပေါင်း ၅၀၀၀ မကကြာအောင် တည်တံ့ ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်'' ဟု သူရ ဦးအောင်ကို က ပြောကြားခဲ့သည်။

(၅၈) ကြိမ်မြောက်မဟာဘွဲ့နှင်းသဘင် အခမ်းအနားတွင် စာအောင်သံဃာ၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၁၄၇၃ ဦး ရှိခဲ့ပြီး ဓမ္မာစရိယ အထူးအောင် သံဃာ ၃ ပါး၊ သီလရှင် ၁ ပါး၊ ဓမ္မာစရိယ ရိုးရိုး အောင် သံယာ ၁၂၈၆ပါး၊ သီလရှင် ၁၂၁ ပါး၊ လူပုဂ္ဂိုလ်ကျား ၁ ဦး၊ ပထမပြန် အထူးအောင် သံဃာ ၉ ပါး၊ သီလရှင် ၃ ပါး၊ ပါဠိ ဂုဏ်ထူးအောင် သံဃာ ၅ ပါး၊ သီလရှင် ၁ပါး၊ မြန်မာ ဂုဏ်ထူးအောင် သံဃာ ၆ ပါး၊ နိကာယ် အထူးအောင် သံယာ ၁၈ ပါး၊ သီလရှင် ၄ ပါး၊ မဟာဝိဒူအောင် သံယာ ၆ ပါး၊ အဘိ၊ ဂုဏ်၊ ၀ိအထူးအောင် သီလ ရှင် ၁ ပါး၊ လူပုဂ္ဂိုလ်မ ၈ ဦးတို့ ဖြစ်သည်။

ဘွဲ့နှင်း သဘင် အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာ နာယက (မဟန) ဥက္ကဌ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက  ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အပါအ၀င် မဟန အဖွဲ့ဝင် သံသာတော် ၆ ပါး၊ တိုင်းသံဃနာ ယက ၆ ပါး၊ ပါမောက္ခချုပ်၊ နာယကချုပ် ၂ ပါး၊ တိပိဋကကောဝိဒ ၁၀ပါး၊ ပထမပြန် ဓမ္မာစရိယ (ပြန် + မာ) အထူးအောင်ဆရာ ၁၃ ပါး၊ နိကာယ်အထူး ဆရာ ၁၆ ပါး၊ ပြန် +မာ ဗဟို ၃၂ ပါး၊ နိကာယ်ဗဟို ၁၄ ပါး၊ အဘိဓမ္မာဗဟို ၈ ပါး၊ စုစုပေါင်း ပင့်သံဃာ ၁၀၇ ပါးတို့ ကြွရောက်ခဲ့ကြကြောင်း သိရသည်။

အစိုးရဌာန ဆိုင်ရာများမှ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းထင်
News Watch

No comments:

Post a Comment