Latest News

Monday, February 20, 2017

ပန်ဆန်းမှာကျင်းပမယ့် ညီလာခံမှာ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ဆွေးနွေးမည်

ပန်ဆန်းမှာကျင်းပမယ့် ညီလာခံမှာ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေ ဆွေးနွေးမည်

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမှာ မနက်ဖြန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ စတင်ကျင်းပဖို့ရှိတဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး နဲ့ စစ်ရေးအခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ညီလာခံကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဥက္ကဌအပါအဝင် ၅ ဦး တက်ရောက်ဖို့ရှိပြီး စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြသွားမယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

" ကျနော်တို့ဘက်ကတော့ တက်တယ်။ ဥက္ကဌဦးဆောင်တဲ့ အဖွဲ့ ၅ ဦးပါတယ်။ အဓိကတော့ မြန်မာပြည် ငြိမ်းချမ်း ရေးက ဘာမှပေါ်ပေါ်တင်တင် တိုးတက်ပြောင်းလဲလာတာလည်း မတွေ့ရဘူး။ ရပ်တန့် နေတာပဲ မြင်နေရတယ်။ အောက်ဘက်မှာ ကျနော်တို့ဘက်မှာဆိုရင်လည်း စစ်ရေးပိုပြီးပြင်းထန် လာတာပဲ ရှိတယ်။ အဲဒါတွေကို ထည့်ပြီး ဆွေးနွေးသွားဖို့တော့ရှိတယ်။"

အစည်းအဝေးကို မနက်ဖြန်ကနေ လာမယ့်  ၂၃ ရက်နေ့အထိ သုံးရက်ကြာကျင်းပဖို့ လျာထားတာ ဖြစ်ပါတယ်။

UWSA ပန်ဆန်းဌာနချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို ကျင်းပတာ ဒီအကြိမ်နဲ့ဆို သုံးကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

အစည်းအဝေးကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဘက်က ဦးဆောင် ကျင်းပတာဖြစ်ပြီး လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေးသဘောတူစာချုပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ MNSP၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ က လက်မှတ်ရေးထိုးဖို့ ကျန်နေတာ ဖြစ်ပါတယ်။

Photo: Kan Thar/RFA


No comments:

Post a Comment