ရွှေဈေး တစ်ကျပ်သား ကိုးသိန်းနီးပါးရောက်
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ကိုး သိန်းနီးပါးအထိ မြင့်တက်ကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
ရွှေဈေးနှုန်းမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ တစ်ရက်အတွင်း ဈေးနှုန်းသုံးကြိမ်ခန့် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကာ နံနက်ပိုင်းက ကျပ်ကိုးသိန်းဖြင့် ဈေးဖွင့်ခဲ့ရာမှ နေ့လယ်ပိုင်းတွင် ကျပ် ၈၉၅,ဝ၀ဝ နှင့် ဈေးပိတ်ချိန်တွင် ကျပ် ၈၉၈,၅၀ဝ ဖြင့် ဈေးပိတ်ခဲ့ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
“ဈေးသာတက်တယ်။ အရောင်းအဝယ်က အေးပါတယ်”ဟု တိတ်စိန်ရွှေ ဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောဆိုသည်။
အခေါက်ရွှေဈေးသည် ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး တစ်ပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ် နှစ်သောင်းခန့် အထိ မြင့်တက်လာခြင်းဖြစ်ကာ ကမ္ဘာ့ရွှေ ဈေးသည်လည်း တစ်ပတ်အတွင်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀ ခန့်မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
ထို့ပြင် အမေရိကန် ဒေါ်လာဈေးနှုန်းများသည်လည်း အရောင်းအဝယ် ပုံမှန်သာ ရှိသော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်နှုန်းများ မြင့်တက်ခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဗဟိုဘဏ် သတ်မှတ်ဈေးသည် တစ်ဒေါ်လာလျှင် ၁၃၆၀ ကျပ်နှင့် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်ဈေးရှိ ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိပြည်တွင်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၉၈,၅၀ဝ၊ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၄၀ ရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ အစောပိုင်းကလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၈၉,ဝ၀ဝအထိ အမြင့်ဆုံးဈေးအဖြစ် ရောက်ရှိခဲ့ဖူးသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment