Latest News

Monday, February 13, 2017

တာမွေမြို့နယ် ဇောတိကလမ်းနှင့် ဇဋိလလမ်းကြား၌ စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ် ဦးခေါင်းခွံရိုး ကျိုးဒဏ်ရာဖြင့် သေဆုံး

တာမွေမြို့နယ် ဇောတိကလမ်းနှင့် ဇဋိလလမ်းကြား၌ စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ် ဦးခေါင်းခွံရိုး ကျိုးဒဏ်ရာဖြင့် သေဆုံး

တာမွေမြို့နယ် ဇောတိကလမ်းနှင့် ဇဋိတလမ်းကြား၌ စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးမှာ ဦးခေါင်းခွံရိုး ကျိုးဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ရန်ကင်းကလေးဆေးရုံမှ ဖေဖော်ဝါရီ ၁၃ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါ စွန့်ပစ်ခံထားရသည့် မွေးကင်းစ ကလေးငယ်ကို ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် (က) ရပ်ကွက် ဇောတိကလမ်းနှင့် ဇဋိလလမ်းကြားရှိ နေအိမ်တိုက်ခန်းများ နောက်ဖေးလမ်းကြားတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက်ရှင်နေသေးသဖြင့် ပတ်ဝန်းကျင်မှ လူများက အနှီးဖြင့်ထုပ်ကာ နီးစပ်ရာ ရန်ကင်း ကလေးဆေးရုံသို့ တင်ပို့ကုသစေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စတွေ့စဉ်က ကလေးငယ်မှာ အချင်းမဖြတ်ရသေးဘဲ ပါးတွင်သွေးများထွက်လျက် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ မိန်းကလေးဖြစ်ကြောင်း၊ အဆိုပါနေအိမ် တိုက်နောက်ဖေးလမ်းကြား ၀င်ပေါက်တစ်ဖက်တွင် စက်ဘီးပြင်ဆိုင်ရှိပြီး တစ်ဖက်ကို သော့ပိတ်ထားသဖြင့် လူဝင်ရန်ခက်ခဲကာ ယင်းကဲ့သို့ ကလေးစွန့်ပစ်သူမှာ အနီးပတ်ဝန်းကျင်မှ သူများဖြစ်နိုင်ကြောင်း ကလေးငယ်အား ဆေးရုံသို့ ပို့ဆောင်ပေးသူအချို့က သုံးသပ်ပြောကြားသည်။

ယင်းကလေးငယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီခန့်တွင် ရန်ကင်း ကလေးဆေးရုံသို့ရောက်ရှိကာ ဆေးဝါးကုသမှု ခံယူခဲ့ရပြီး ယင်းနေ့ ည ၈နာရီခွဲဝန်းကျင်တွင် သေဆုံးသွားကြောင်း ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က The Daily Eleven သို့ ပြောကြားသည်။

“ကလေးက ညနေ ၃ နာရီလောက်မှာ ရောက်လာပါတယ်။ အဲဒီလိုရောက်လာတဲ့ အချိန်မှာ ကလေးကို အသက်ရှူစက်ပေါ် တင်ပြီးတော့ လိုအပ်တဲ့ဆရာဝန်တွေကို ခေါ်ပြီး ဆေးဝါးကုသမှုတွေ ပြုလုပ်ပါတယ်။ ကလေးက ဦးခေါင်းမှာ ဒဏ်ရာတွေ့တယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း ပွန်းပဲ့ဒဏ်ရာတွေ တွေ့တယ်။ အဓိက,ကတော့ ဦးခေါင်းခွံရိုးကျိုးတဲ့ဒဏ်ရာ ရရှိထားတာကိုလည်း စမ်းသပ်တွေ့ရှိရပါတယ်။ ည ၈ နာရီ မိနစ် ၂၀ လောက်မှာ ဆုံးသွားပါတယ်” ဟု ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောကြားသည်။

အဆိုပါ ကလေးစွန့်ပစ်မှုဖြစ်စဉ်ကို တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၁၇ ဖြင့် အမှုဖွင့်ထားပြီး ကလေးငယ်စွန့်ပစ်သူအား အရေးယူရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ် ဇောတိကလမ်းနှင့် ဇဋိလလမ်းကြား၌ စွန့်ပစ်ခံထားရသော မွေးကင်းစကလေးငယ်အား တွေ့ရစဉ်
Eleven

No comments:

Post a Comment