တောင်တမန်အင်းနှင့် ဦးပိန်တံတား
ဦးပိန်တံတားသည် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် တည်ရှိပြီး တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်း နှင့် ရတနာပုံတက္ကသိုလ် ကို ဆက်သွယ်ပေးထားပါတယ်။ ကုန်းဘောင်မင်းဖြစ်သော ပုဂံမင်းသည် မင်းနေပြည်တော်ကို အင်းဝမြို့မှ အမရပူရမြို့သို့ ပြောင်းရွှေ့ချိန် ၁၈၄၉ခုတွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၅၁ခုတွင် ပြီးစီးခဲ့ပါတယ်။ တံတားတည်ဆောက်ရာတွင် ဦးဆောင်သူများမှာ မြို့စာရေးမောင်ပိန် နှင့် အမရပူရမြို့ဝန်ဘိုင်ဆပ် တို့ ဖြစ်ပါတယ်။ ကျွန်းသစ်များကို အင်းဝမှ နန်းတော်ဟောင်းကို ဖျက်ပြီး တည်ဆောက်ထားသည်ဟု အဆိုရှိပါတယ်။ တံတားတည်ဆောက်စဉ်က ကျွန်းသစ်တိုင်လုံးပေါင်း ၉၈၄တိုင် ရှိပြီး အခန်းပေါင်း ၄၈၂ခန်း ရှိပါတယ်။ တံတားအရှည်မှာ ၁.၂ကီလိုမီတာ ရှည်လျားပြီး နားနေဇရပ် လေးဆောင်ရှိပါတယ်။ ဘုရင့်ဖောင်တော်များ လွယ်ကူစွာ ဖြတ်သန်းနိုင်ရန် ဖောင်ကြောင်း ကိုးခု ကိုလည်း စီစဉ်ထားပါတယ်။ မြန်မာအင်ဂျင်နီယာများမှ တည်ဆောက်ရာတွင် တံတားအား တိုင်းတာရန်အတွက် မြန်မာ့နည်းဖြစ်သည့် ခြေလှမ်းရေဖြင့် တိုင်းတာခဲ့ကြပါတယ်။ ဦးပိန်တံတားဟာ ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး နှင့် အရှည်ဆုံး ကျွန်းသစ်တံတား ဖြစ်ပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီးတွင် မြစ်ရေကြီးမှုကြောင့် တံတားနစ်မြှုပ်ခဲ့ပြီး တံတားရှိအခန်းအချို့ ပျက်စီးခဲ့ပါတယ်။ အမရပူရအမတ် ဦးဘသီမှ ပြန်လည်းမွမ်းမံ ပြင်ဆင်ခဲ့ပါတယ်။ တဖန် ၁၉၇၃ခုတွင် အခန်းပေါင်း ရှစ်ဆယ်ကျော် ရေထဲ မျောပါသွားပြီး မဟာဂန္ဒရုံဆရာတော် အရှင်ဇနကာဘိဝံသ ဦးဆောင်ပြီး ပြည်သူလူထု အလှူငွေဖြင့် ပြုပြင်ခဲ့ရပါတယ်။ ဦးပိန်တံတားမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာကြသလို ကုန်းဘောင်ခေတ် မြန်မာအင်ဂျင်နီယာများ၏ လက်ရာကောင်း တစ်ခုလည်းဖြစ်ပါတယ်။
( ရိုးရာလေး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment