Latest News

Thursday, February 2, 2017

သေနတ်သမား ကြည်လင်းကို လူသတ်မှုပုဒ်မဖြင့် အရေးယူ

သေနတ်သမား ကြည်လင်းကို လူသတ်မှုပုဒ်မဖြင့် အရေးယူ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂

NLD ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ကြည်လင်းကို လူသတ်မှုပုဒ်မ ၃၀၂ တစ်ခုဖြင့်သာ လတ်တလော အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ရဲမှူးကြီး မျိုးဆွေက ပြောကြားသည်။

“သူဘယ်ကနေ သေနတ်ရလာတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်နေလဲ သိရအောင် လတ်တလော စုံစမ်းဆောင်ရွက်နေတယ်၊ စစ်ဆေးမှု ပြီးဆုံးရင် သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားမှာပါ၊ လတ်တလော သူ့ကို မင်္ဂလာဒုံ ရဲစခန်းမှာ လူသတ်မှုပုဒ်မနဲ့ပဲ အရေးယူထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် အဆိုပါ လုပ်ကြံမှုမှ ပါဝင်ပတ်သက်နေသူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်ယူစစ်ဆေးနေပြီး စစ်ဆေးခံနေရသူ မည်သူမည်ဝါကိုမူ ထုတ်ဖော်ပြောကြား၍ မရကြောင်း ၎င်းထံမှ သိရသည်။

ရှေ့နေဦးကိုနီ လုပ်ကြံခံရစဉ် ယင်းအနီးရှိ CCTV ကင်မရာများမှာ အသုံးပြု၍ မရကြောင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ် သတင်းများ ပျံ့နှံ့နေသည်မှာ သတင်းအမှားဖြစ်ပြီး အခင်းဖြစ်စဉ်နေ့က ရရှိခဲ့သည့် ရန်ကုန်လေဆိပ်ဝင်းရှိ CCTV ကင်မရာမှတ်တမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးနေကြောင်း ရန်ကုန်လေဆိပ် လုံခြုံရေး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်းက ပြောကြားသည်။

“CCTV မှတ်တမ်းဓာတ်ပုံတွေ ကျွန်တော်တို့ ရရှိထားပါတယ်၊ စစ်ဆေးနေဆဲ အချိန်မို့ ထုတ်ဖော်ပြောလို့ မရသေးဘူး၊ လက်ရှိ ရန်ကုန်လေဆိပ် လုံခြုံရေးကို တိုးမြှင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
လူမှုကွန်ရက် စာမျက်နှာတွင် ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု ကွင်းဆက်တရားခံများကို ကရင်ပြည်နယ်တွင် ဖမ်းမိကြောင်း သတင်းများမှာ ကောလာဟလသတင်းများ ဖြစ်ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့ပြီး လုပ်ကြံခံရမှု နောက်ဆက်တွဲ စစ်ဆေးချက်၊ လုပ်ဆောင်မှုနှင့် သတင်းအချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က အတည်ပြု ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက မီဒီယာများကိုြေေပြောကြားခဲ့သည်။

Sources : The Voice

No comments:

Post a Comment