Latest News

Wednesday, February 15, 2017

ရန်ကုန် ကန်တော်ကြီး မိုးပျံပူဖောင်း စီမံကိန်း မိုးကာလအပြီး တည်ဆောက်မည်

ရန်ကုန် ကန်တော်ကြီး မိုးပျံပူဖောင်း စီမံကိန်း မိုးကာလအပြီး တည်ဆောက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ  ၁၅

သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဟုဆိုကာ ပြည်သူများ ကန့်ကွက်လျက်ရှိသော ရန်ကုန်မြို့၏ ပထမဆုံး ရှုခင်းကြည့် မိုးပျံပူဖောင်း စီမံကိန်းကို ယခုနှစ် မိုးကာလအပြီး တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို တည်ဆောက်ခွင့်ရသည့် Myanmar Voyages International Tourism ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်ကံ့ကော်ပင်ကျွန်းတွင် ဟီလီရမ်ဓာတ်ငွေ့သုံး မိုးပျံပူဖောင်း တည်ဆောက်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စီမံကိန်းကို ယခုနှစ် ပွင့်လင်းရာသီအမီ တည်ဆောက်မည်ဖြစ်ရာ လက်ရှိတွင် မြေပြင်ရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး ယင်းတည်ဆောက်မှု ပြီးစီးပါက မိုးပျံပူဖောင်းမှာ ပေ ၄၀၀ အမြင့်ထိ မြေပြင်မှ အပေါ်အောက် ဆွဲတင်ကာ ပျံသန်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပြည်သူနဲ့ နိုင်ငံခြားသားတွေကို အဓိက ဆွဲဆောင်မယ့် နေရာတစ်ခု ဖြစ်စေဖို့ လုပ်တာပါ။ ပစ္စည်းတွေ ရောက်တာနဲ့ အမြန်ဆုံးပြီးအောင် ဆောင်ရွက်မှာပါ။ ခုလုပ်မယ့် ဟီလီရမ်ဓာတ်ငွေ့က ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မရှိပါဘူး။ တကယ့်ဆောင်ရွက်ပြီးစီးတဲ့အခါမှာ ခုဖြစ်နေတဲ့ အသံတွေနဲ့ နှိုင်းယှဉ်လို့ ရပါတယ်။ ပြည်သူတွေရဲ့ပျော်ရွှင်စေဖို့အတွက် ဆောင်ရွက်တာပါ” ဟု ၎င်းက ဆိုသည်။
       
ရန်ကုန်မြို့၏ ရှုခင်းအလှကို ကြည့်ရှုနိုင်ရန် လက်ရှိတွင် လူအယောက်နှစ်ဆယ်ခန့်  စီးနင်းနိုင်မည့် မိုးပျံပူးဖောင်း တစ်ခုကိုသာ တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းတည်ဆောက်မှုနှင့် ပျံသန်းမှုကို နိုင်ငံတကာမှ ပညာရှင်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Myanmar Voyages International Tourism ကုမ္ပဏီထံမှ သိရသည်။

ကန်တော်ကြီးတွင် တည်ဆောက်မည့် မိုးပျံပူဖောင်း စီမံကိန်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှု တစ်ရပ်ကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ကန်တော်ကြီးအတွင်း လမ်းလျှောက်သူ၊ လေ့ကျင့်ခန်းလုပ်သူ လူငါးဆယ်ခန့်က ပြုလုပ်ခဲ့ကြပြီး အဆိုပါ မိုးပျံပူဖောင်း တည်ဆောက်မှုနှင့် ပတ်သက်၍ တိုင်းလွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က ပြောကြားသည်။

“ဒီစီမံကိန်းက ကောင်းပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရွှေတိဂုံဘုရားကြီးနဲ့လည်း နီးနေတယ်။ အများပြည်သူ အပန်းဖြေဥယျာဉ်လည်း ဖြစ်နေတော့ ပြည်သူတွေက လုပ်တာ မကြိုက်ကြဘူး။ ပြည်သူတွေက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တော့ တိုင်းဒေသကြီးလွှတ်တော်မှာ ဒီမိုးပျံပူဖောင်း စီမံကိန်းကို အဆိုတင်သွင်းသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ကံ့ကော်ပင်ကျွန်းတွင် ဟိုက်ဒရိုဂျင် မီးပုံးပျံ တည်ဆောက်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ အလှရှုခင်းများကို နိုင်ငံခြား ခရီးသည်များနှင့် မြန်မာနိုင်ငံမှ ပြည်သူအများ ကြည့်ရှုနိုင်ရန် သက်သာသော ဈေးနှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ ရှုခင်းကြည့် အပျော်စီး မီးပုံးပျံ ခရီးစဉ်ကို ပုဂံဒေသ၊ အင်းလေးဒေသနှင့် မန္တလေးမြို့တို့၌ ပျံသန်းလျက်ရှိပြီး ယင်းရှုခင်းကြည့် အပျော်စီး မီးပုံးပျံ ခရီးစဉ်တွင် ခရီးသည် လေးဦးဆံ့၊ ခြောက်ဦးဆံ့၊ ရှစ်ဦးဆံ့နှင့် ၁၆ ဦးဆံ့ မီးပုံးပျံများဖြင့် ပျံသန်းလျက်ရှိသည်။

The Voice

No comments:

Post a Comment