Latest News

Tuesday, February 14, 2017

ဟစ်တလာနှင့် ရုပ်ချင်းဆင်တူသူ တစ်ဦးကို ဩစတြီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး

ဟစ်တလာနှင့် ရုပ်ချင်းဆင်တူသူ တစ်ဦးကို ဩစတြီးယား ရဲတပ်ဖွဲ့ ဖမ်းဆီး



ဩစတြီးယား နိုင်ငံတွင် နာဇီခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာနှင့် ရုပ်ချင်းဆင်တူပြီး ဟစ်တလာကို အတုခိုးနေသူ တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားက နာဇီဝါဒ၏ ကြီးမြတ်မှုများကို ဂုဏ်တင်ညွှန်းဆို ပြောကြားမှုများ ပြုလုပ်ခဲ့သည့်အတွက် ၎င်းကို စွဲချက်တင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဆိုသည်။ ၎င်းသည် မိမိကိုယ်ကို ဟာရဲလ် ဟစ်တလာဟု အမည်ပေးထားပြီး ဟစ်တလာ မွေးဖွားခဲ့ရာ နေအိမ်ကို နောက်ခံထား၍ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။

ထိုသူသည် ဟစ်တလာကို မွေးဖွားခဲ့သည့် နယ်စပ်မြို့လေး ဘရော်နော်အမ်အင်းသို့ မကြာသေးမီကမှ ပြောင်းရွှေ့ အခြေချ နေထိုင်လျက်ရှိကြောင်းလည်း သိရသည်။ ၎င်းသည် ဟစ်တလာနှင့် ရုပ်ချင်းဆင်သည့်အပြင် နာဇီခေါင်းဆောင်ကြီး၏ နာမည်ကျော် သင်္ကေတဖြစ်သည့် နှုတ်ခမ်းမွေးအတိုင်း ထားရှိသည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒေးဗစ် ဖတ္တနာက ဟစ်တလာကို ပုံတူတုပ ပြုမူခြင်းသည် သည်းခံ၍ မရနိုင်သည့် နောက်ပြောင်မှုမျိုးဟု ပြောကြားခဲ့သည်။ “ဒီလူက သူ့ကိုယ်သူ ဘာလုပ်နေတယ် ဆိုတာကို သေသေချာချာ သိပါတယ်”ဟု ၎င်းက ဆိုသည်။ ဩစတြီးယားသည် ဒုတိယကမ္ဘာစစ် ကာလအတွင်း နာဇီဂျာမနီ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

ဟစ်တလာသည် ဂျာမနီနှင့် နယ်နိမိတ်အနီး ဩစတြီးယား ပိုင်နက်တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ ဟစ်တလာ မွေးဖွားခဲ့သော နေအိမ် အဆောက်အအုံသည် ခေတ်သစ် နီယိုနာဇီများ အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာခြင်းကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင် ဖြိုချဖျက်ဆီးရန် ဩစတြီးယား အာဏာပိုင်များက ဆုံးဖြတ်ခဲ့သည်။

နာဇီတို့ ခေတ်ကောင်းချိန်က ထိုနေရာသည် မြင့်မြတ်သော အထိမ်းအမှတ် အဆောက်အအုံ တစ်ခုသဖွယ် သတ်မှတ်ခံရပြီး ကမ္ဘာလှည့် ခရီးသွား အမြောက်အမြား လာရောက်ခဲ့သည်။ သို့သော် ဒုတိယ ကမ္ဘာစစ်တွင် နာဇီတို့ စစ်ရှုံးပြီးနောက် ယင်းနေရာကို ပိတ်ထားလိုက်ကြောင်း သိရသည်။

Ref: BBC



7Day News Journal

No comments:

Post a Comment