Latest News

Thursday, February 9, 2017

မောမြေမြင့်မှ ပင်လုံသူရဲကောင်း (သို့မဟုတ်) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)

မောမြေမြင့်မှ ပင်လုံသူရဲကောင်း (သို့မဟုတ်) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဦးဆုံး သမ္မတ စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)

ကိုသောင်း (ပညာရေး)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုဖြစ်စဉ်တွင် ပင်လုံညီလာခံသည် အဓိကအရေးပါ အရာရောက်သော မော်ကွန်းဝင် ညီလာခံဖြစ်ပါသည်။ ပင်လုံစာချုပ်ရလဒ်အဖြစ် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ ၂၃ ဦးအနက် တစ်ဦးဖြစ်သော ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်သည် လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတကြီးအဖြစ် တင်မြှောက်ခြင်း ခံခဲ့ရလေသည်။

စဝ်ရွှေသိုက်ကို အဘ အင်းတိန်မြို့စား စဝ်ချုံနှင့် အမိစဝ်နန်းဆာတို့မှ (၁၆-၁ဝ-၁၈၉၆) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်က တောင်ကြီးမြို့ ရှမ်းစော်ဘွား သားမြေးများကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်ကာလ (၁၉၁၄-၁၉၁၈) အတွင်း ဘားမားရိုင်ဖယ် (Burma Rifle) တပ်သို့ ဝင်ရောက်၍ စစ်မှုထမ်းခဲ့သည်။ ရိုးရိုးတပ်သားအဆင့်မှ အရာခံဗိုလ်အထိ ရာထူးတိုးခဲ့သည်။ ပထမကမ္ဘာစစ်အပြီး (၁၉၂ဝ-၁၉၂၃)ထိ မြန်မာနိုင်ငံအရှေ့မြောက် နယ်ခြားဒေသ၌ စစ်ဘက်အရာရှိ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် စစ်တပ်မှ အနားယူခဲ့သည်။

မွေးစားဖခင် ညောင်ရွှေစော်ဘွား ဆာစဝ်မောင် ကွယ်လွန်သွားပြီးနောက် ၁၉၂၆တွင် ဗြိတိသျှအစိုးရက စဝ်ရွှေသိုက်အား ညောင်ရွှေစော်ဘွားအဖြစ် ရွေးချယ်ခဲ့သည်။ ညောင်ရွှေစော်ဘွားဘဝတွင် နယ်သူနယ်သားများ၏ ပညာရေး၊ ဗဟုသုတတိုးပွားရေး၊ ကြီးပွားရေး၊ ဖွံ့ဖြိုးရေး၊ လူမျိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ် အောက်တိုဘာလတွင် စဝ်ရွှေသိုက်ပါဝင်သော ရှမ်းကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ ဝန်ကြီးထံ တောင်းဆိုလွှာတစ်စောင်ကို တင်သွင်းခဲ့သည်။ ၁၉၃၁ နိုဝင်ဘာမှ ၁၉၃၂ ဇန်နဝါရီအထိ အင်္ဂလန်နိုင်ငံလန်ဒန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ မျက်နှာစုံညီအစည်းအဝေးကို မြန်မာကိုယ်စားလှယ် ၂၄ ဦး တက်ရောက်ရာတွင် ပါဝင်ခဲ့သည်။

၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုပြန်ထမ်းရန် ဆင့်ခေါ်ခြင်းခံရသည့်အတွက် စစ်ဘက်သို့ ပြန်လည်ဝင်ရောက် ခဲ့သည်။ ၁၉၄၂ခုနှစ် ဗြိတိသျှတပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသောအခါ စစ်မှုထမ်းဘဝမှ နုတ်ထွက်ခဲ့သည်။ ၁၉၄၅ အောက်တိုဘာတွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ဗြိတိသျှနယ်စပ်ဒေသ ညွှန်ကြားရေးမှူး မစ္စတာပီးယားစ် (Mr.Pearce) ထံ ရှမ်းပြည်အနာဂတ်အတွက် အကြံပေးစီမံကိန်းတစ်ရပ် တင်သွင်းခဲ့သည်။ ပင်လုံမြို့တွင် ၁၉၄၆ မတ် ၂ဝ မှ ၂၈ အထိ ကျင်းပသော ပထမအကြိမ် ပင်လုံညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၄၆ မတ်လတွင် ရှမ်းမြန်မာယဉ်ကျေးမှုအသင်း ဖွဲ့စည်းရာတွင်ဥက္ကဋ္ဌအဖြစ် တင်မြှောက် ခြင်းခံရသည်။ ၁၉၄၆ ဇူလိုင်လ၌ စဝ်ဖလုံကောင်စီ၏ အမှုဆောင်ရွေးချယ်ရာတွင် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံခဲ့ရသည်။

၁၉၄၇ဖေဖော်ဝါရီလ ၇ ရက်နေ့ည လူထု အစည်းအဝေးကျင်းပပြီးနောက် ရှမ်းပြည် ကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ ဖေဖော်ဝါရီ ၁၁ ရက် တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအမှုဆောင်ကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် သမိုင်းမော်ကွန်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၄၇ မေလဆန်း၌ ရှမ်းပြည်ကောင်စီ (ရှမ်းပြည်ညီညွတ် ရေးကောင်စီ) ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၇ မေလတွင် တိုင်းပြည်ပြု လွှတ်တော်သို့ နယ်စပ်ဒေသ (ညောင်ရွှေနယ်) ရှမ်းပြည်အမတ်တစ်ဦးအဖြစ် ရွေးချယ်ခြင်း ခံရသည်။

၁၉၄၇ ဇွန်လ ၁ဝ ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် (ပါလီမန်) တိုင်းပြည်ပြု လွှတ်တော် စတင်ကျင်းပသောအခါ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေး ဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည်။ ၁၉၄၇ စက်တင်ဘာ ၂၄ ရက်တွင် တိုင်းပြည်ပြုလွှတ်တော်က ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အား ယာယီ သမ္မတအဖြစ် တင်မြှောက်ရန်ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင်ကျင်းပသည့် တိုင်းပြည်ပြုလွှတ်တော်ညီလာခံတွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဦးဆုံး ယာယီသမ္မကြီး အဖြစ် ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှ ၁၉၅၂ မတ်လ ၁၂ ရက်အထိ တင်မြှောက်ခြင်းခံခဲ့ရသည်။ နိုင်ငံတော်သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံ(ပါလီမန်) လူမျိုးစုလွှတ်တော်နာယကအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ၁၉၅၂ မှ ၁၉၆ဝ ပြည့်နှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် သြဂုတ်လတွင် မြန်မာချစ်ကြည်ရေးအဖွဲ့ကို ဦးဆောင်၍ ချက်ကိုစလို ဗက်ကီးယားနိုင်ငံသို့ သွား ရောက်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာ၌ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ ဖွဲ့ စည်းရာတွင် ညောင်ရွှေစော်ဘွား စဝ်ရွှေ သိုက်သည် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၃၇ ဇွန်လတွင် မြောက်သိန္နီစော်ဘွား၏သမီး စဝ်နန်း ဟိန်းခမ်းကို မဟာဒေဝီတင်မြှောက်သည်။ သားသမီး ရှစ်ဦးထွန်းကား ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် အဂ္ဂမဟာသီရိသု ဓမ္မဘွဲ့နှင့် အဂ္ဂမဟာသရေစည်သူဘွဲ့များ ချီးမြှင့်ခြင်းခံရသည်။ တော်လှန်ရေးအစိုးရ လက်ထက် ထိန်းသိမ်းခံထားရစဉ် ၁၉၆၂ နိုဝင်ဘာ ၂၁ ရက်တွင် စဝ်ရွှေသိုက်သည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။

ကျမ်းကိုး - ပင်လုံရုပ်ပုံလွှာ ( ပြန်/ဆက် )

No comments:

Post a Comment