၁၉၄၇ ခုနှစ် ပင်လုံစာချုပ်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံတွင် ပင်လုံညီလာခံကို စတင်ကျင်းပခဲ့သည်။ ထို့နေ့တွင် ရှမ်းပြည်၏ စစ်ဖများ၊ ကောင်စီအဖွဲ့ဝင် စော်ဘွားများ ပြည်သူတို့၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးပြီးလျှင် တောင်ပိုင်းစော်ဘွားကြီး စ၀်ခွန်ပန်းစိန်က သဘာပတိအဖြစ် လည်းကောင်း၊ ဦးဆန်ဆမ်က အခမ်းအနားမှူး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ဖေဖော်ဝါရီလ ၅ ရက်တွင် ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ အလွတ်သဘော ဆွေးနွေးကြသည်။ ထိုနေ့တွင် ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ရပလ) သည် ကြေညာစာတမ်း အမှတ် (၄) ကို တောင်ကြီးနှင့် ပင်လုံတွင် တစ်ပြိုင်နက်တည်း ထုတ်ဝေခဲ့သည်။ ယင်း စာတမ်းတွင် ရှမ်းပြည်သည် ဗမာပြည်နှင့် တစ်ပြိုင်တည်း ကျွန်ဖြစ်ခဲ့ရသဖြင့် ဗမာပြည်နှင့် တစ်ပြိုင်နက်တည်း လွတ်လပ်ရေး ရရှိစေလိုကြောင်း နယ်ချဲ့စည်းကို အပြုတ်တိုက်ရာတွင် ရှမ်း၊ ဗမာ၊ ချင်း၊ ဂျိန်းဖော၊ ကရင် စသောတိုင်းရင်းသားများသည် ပူးပေါင်းတိုက်ခိုက်မှသာ လွတ်လပ်ရေး ရမည်ဖြစ်ကြောင်း လောလောဆယ် အခြေအနေသည် သေရေးရှင်ရေးဖြစ်နေသဖြင့် မြို့တိုင်း၊ နယ်တိုင်း၊ နေရာတိုင်းတွင်မက ပြည်မနှင့်ပူးတွဲပြီး လွတ်လပ်ရေးဆန္ဒပြင်းပြင်းထန်ထန် ပြကြရန် ဖြစ်ကြောင်း၊ ဗမာပြည်မနှင့် ညီညွတ်စွာ လက်တွဲပြီး နယ်ချဲ့သမားကို တိုက်ဖျက်လျက် တောင်တန်းဒေသ လွတ်လပ်ရေးကို အရယူရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၆ ရက်တွင် ရှမ်းပြည်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် ကိုယ်စားလှယ်များ သည် ပင်လုံမြို့တွင် အကြိုဆွေးနွေးပြီး (၁) ဒီမိုကရေစီထုံးတမ်းအရ ဗမာများနှင့် တန်းတူအခွင့်အရေး ပေးရန်၊ (၂) ပြည်မအစိုးရ အမှုဆောင်အဖွဲ့တွင် ပါဝင်သော ရှမ်း၊ ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့၏ နယ်ပယ်အရေးအခင်းများကို လုံးဝတာဝန်ယူ၍ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထားနှင့် အကောက်ခွန် ဌာနတို့တွင် ပူးတွဲတာဝန်ယူရန်၊
(၃) ကချင်ပြည်နယ် သီးခြားသတ်မှတ်ရေး အဆိုကို ထောက်ခံကြောင်း၊ (၄) မြန်မာကိုယ်စားလှယ်များနှင့် ဗြိသိသျှအစိုးရတို့ သဘောတူညီသော အကြောင်းအရာ ကိစ္စအချက်အလက်များသည် ရှမ်းနှင့် ကချင်များသို့ ပတ်သက်ခြင်း မရှိစေရ၊ (၄) လွတ်လပ်ရေးရပြီးသောအခါ ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်ရှိရမည်ဟူသော ဆုံးဖြတ်ချက်များကို ကိုယ်စားလှယ် (၁၉) ဦး၏ လက်မှတ်ရေးထိုးမှုဖြင့် ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက်တွင် ပင်လုံညီလာခံသို့ ချင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ လ ၆ ရက်၌ ထုတ်ပြန်ကြေညာခဲ့သော ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ၏ ထုတ်ပြန်ကြေညာချက်ကို လေ့လာဆွေးနွေးရန်၊ ဖြည့်စွက်ချက်အချို့ကို ထပ်မံဖြည့်စွက်ကာ သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဆမားဒူဝါ ဆင်ဝါးနောင်၊ (ကချင်) က ဒုတိယ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ဆောင်ရွက်ကာ အဖွဲ့ဝင် (၁၈) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ရှမ်းနှင့် ကချင်ကိုယ်စားလှယ်များ သဘောတူညီ ဆုံးဖြတ်ချက်များကို မြန်မာခေါင်းဆောင်များနှင့် ဆွေးနွေးရန် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဆမားဒူဝါ ဆင်ဝါးနောင် (ကချင်)၊ ဒူဝါဇော်လူး (ကချင်)၊ ဦးလှူရ်မှုန် (ချင်း)၊ ဦးထောင်ဇာခုပ် (ချင်း)၊ ဦးကြာပု (ရှမ်း) တို့ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ပင်လုံညီလာခံကို ဖေဖော်ဝါရီ လ ၈ ရက်တွင် ဆက်လက်ကျင်းပခဲ့သည်။ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ ဦးဖေခင်၊ ဗိုလ်ထူးလှတို့သည်လည်းကောင်း ဗြိတိသျှအစိုးရ၏ ဒိုမီနီယံဆိုင်ရာ ပါလီမန်အသင်းဝင် ဘော်တွမ်လေနှင့်အတူ ဦးတင်ထွဋ် ဆာမောင်ကြီး တို့သည်လည်းကောင်း ပင်လုံညီလာခံသို့ ရောက်ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ မြန်မာပြည်သည် မကြာခင် လွတ်လပ်ရေး ရတော့မည်ဖြစ်ကြောင်း၊ ရှမ်းပြည်သည် လွတ်လပ်ရေးရယူလိုလျှင် မြန်မာပြည်နှင့် ပူးပေါင်းပါက မြန်မာပြည်လွတ်လပ်ရေး ရလျှင် ရှမ်းပြည်သည်လည်း လွတ်လပ်ရေးရမည်ဖြစ်ကြောင်း၊ ပူးပေါင်းလိုက ပူးပေါင်းနိုင်ကြောင်း၊ ပူးပေါင်းရန် မပူးပေါင်းရန်မှာ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားတို့၏ ဆန္ဒသာလျှင်ဖြစ်ကြောင်း၊ အကယ်၍ ပူးပေါင်းလျှင် တိုင်းရင်းသားများ မနစ်နာစေရန် စာချုပ်ပြုလုပ် လက်မှတ်ထိုးရန် မိမိလာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၉ ရက်တွင် ဗိုလ်ချုပ်ဆောင်ဆန်းသည် ဖေဖော်ဝါရီလ ၇ ရက်က ရွေးချယ်ထားသော တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့၏ ကိုယ်စားလှယ်များဖြစ်ကြသော မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးကြာပု၊ ဆမားဒူဝါ ဆင်ဝါးနောင်၊ ဒူဝါဇော်လူ၊ ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး၊ ဦးတင်ထွဋ်၊ ဦးအောင်ဇံဝေ၊ သခင်ဝတင်၊ ဦးဖေခင်တို့နှင့် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များသည် တင်ပြချက်များကို အကျေအလည် ဆွေးနွေးညှိနှိုင်းကာ ပင်လုံစာချုပ်မူကြမ်းကို ရေးဆွဲခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၁ ရက် ၁၉၄၇ ခုနှစ် ညနေတွင် တောင်ကြီးမြို့မှ ကျောင်းသား ကျောင်းသူများ၊ ဈေးသမဂ္ဂ၊ အလုပ်သမားအမှုထမ်း၊ အရာထမ်းများ၊ ရှမ်း၊ အင်းသား၊ ဓနု၊ ပအိုဝ်၊့ တောင်ရိုး၊ မြန်မာစသော တိုင်းရင်းသားပေါင်းစုံများ၊ ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ရပလ)၊ ပြည်သူ့ရဲဘော်တို့သည် မော်တော်ကားအစီး ၆၀ ကျော်ဖြင့် ပင်လုံသို့ ရောက်ရှိခဲ့ကြသည်။ ထို့ပြင် ညောင်ရွှေ၊ အင်းလေး၊ အောင်ပန်း၊ ကလော၊ ပင်းတယ၊ ရပ်စောက်မှ ပြည်သူလူထုတို့သည်လည်း ပင်လုံသို့ ရောက်ရှိလာခဲ့ကြသည်။ ယင်း အင်အားစုကြီးများသည် ပင်လုံညီလာခံ ခန်းမဆောင်အနီးတွင် လွတ်လပ်ရေးချက်ချင်းပေး၊ ရှမ်းမြန်မာ တောင်တန်းသားများ ပူးပေါင်းကြ၊ ရှမ်းမြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ၊ နယ်ချဲ့ သမားအလိုမရှိ စသည်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ကော်မတီက နောက်ဆုံး အတည်ပြုပြီးသော ပင်လုံစာချုပ် မူကြမ်းသုံးစောင်ကို မိုင်းပွန်စော်ဘွားကြီး ဦးဆောင်သောအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းထံ တင်ပြခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ရှမ်း၊ ကချင်၊ ချင်းစသော တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့ တစ်နေ့လုံး အကျေအလည် ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာတို့နှင့် ပူးပေါင်း၍ လွတ်လပ်ရေး အရယူမည်ဟူသော သဘောတူညီချက်ကို ရရှိခဲ့ကြသည်။ ထိုသို့ သဘောတူညီချက် ရရှိခဲ့ခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူမှု အထိမ်းအမှတ်အဖြစ် ရှမ်းစော်ဘွားများက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ညစာစားပွဲကြီးဖြင့် ဂုဏ်ပြုဧည့်ခံခဲ့သည်။ ယင်းဂုဏ်ပြု ညစာစားပွဲကြီး၌ ရှမ်းစော်ဘွားများအသင်း ဥက္ကဋ္ဌ တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန်က
“ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်းအမျိုးသားအချင်းချင်း အထင်အရှား သဘောကွဲလွဲချက်များ ရှိနေသော်လည်း ယခုတော့ ဤသဘောကွဲလွဲချက်များ မရှိတော့ပါဘူး။ ဗမာနှင့် ရှမ်းစသော တောင်တန်း နယ်အားလုံးတို့၏ ကောင်းရာကောင်းကြောင်း အချိန်သို့ ဆိုက်ရောက်လာပါပြီ။ ဤအစည်းအဝေးကြီးမှာ ကျွန်တော်တို့ အချင်းချင်းတွေ သွေးကွဲအောင် ခြေထိုးသူတွေရှိနေကြောင်းကို သိရပါတယ်။ သူတို့ သွေးခွဲပေမယ့် ကျွန်တော်တို့မပါဘူး။ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကို အသက်နှင့်လဲပြီး ဆွတ်ခူးမယ်ဆိုတာ ယုံကြည်ပါ” ဟူ၍ ပြောကြားခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ပြောကြားရာတွင် အချင်းချင်း သဘောကွဲလွဲမှု မျိုးတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။ ဒါပေမဲ့ သူတစ်ပါးနိုင်ငံကို လာရောက်စော်ကားလို့ အသက်ကိုစွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနှင့်သက်ဆိုင်တဲ့ အလုပ်မျိုးဖြစ်တယ်။ တိုက်ခိုက်ကြတဲ့အခါမှာ စစ်သေနာပတိက ကရင်ဖြစ်ရင်လည်း ဖြစ်မယ်၊ ကချင်၊ ချင်းဖြစ်ရင်လည်း ဖြစ်မယ်၊ ဘယ်သူဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာပဲ။ တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအား စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်မျိုး၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား၊ အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်ဟူ၍ မိန့်ကြားခဲ့သည်။ ထို့နောက် မစ္စတာဘော်တွမ်လေ၊ ဆမားဒူဝါ ဆင်ဝါးနောင် (ကချင်)၊ ဦးဝမ်ကိုဟော (ချင်း)၊ ညောင်ရွှေစော်ဘွားကြီး၊ ဆာမောင်ကြီး၊ ဦးလှဖေ (ကရင်) တို့ကလည်း အသီးသီးဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားကိုယ်စားလှယ် ၂၂ ဦးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီအချိန်၌ မြန်မာနိုင်ငံနှင့် တောင်တန်းဒေသများ ပူးပေါင်းရေး အချက်ကိုးချက် ပါဝင်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေးအခြေခံ သမိုင်းဝင်စာချုပ်ကြီးဖြစ်သော ပင်လုံစာချုပ်ကို သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူးနေ့တွင် ရေးထိုးခဲ့သော သမိုင်းဝင် ပင်လုံစာချုပ်ကြီး ၁၉၄၇ ခုနှစ် မူရင်းစာချုပ် အနှစ်သာရ အပြည့်အစုံမှာ -
မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် ရှမ်းပြည်နယ်များ၊ ကချင်တောင် တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတစ်ရပ်၌-
ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီ ကြပေသည်။
(၁) တောင်တန်းဒေသများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ကို ကိုယ်စားလှယ်များက ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများ ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
(၂) ဤအတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင် တစ်ဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
(၃) အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ် နှစ်ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံနှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့် နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသ အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင် လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့် ရှိစေရမည်။
(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစ်စုံတစ်ရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ၊ နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့်ရှိစေရမည်ဟူ သောအမှုကို သဘောတူညီကြသည်။
(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တစ်ခု နယ်နိမိတ်တစ်ခု သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တစ်ခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း ၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား ဆွေးနွေးတိုင်ပင်ရမည်။
(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
(၈) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ ပဒေသရာဇ် ရှမ်းပြည်နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးဖြစ်သော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရ။
(၉) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်တို့မှာ မြန်မာပြည်အခွန်တော်ငွေများမှာ ကချင်တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်း မရှိစေရ။ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည် မဖြစ်နိုင်မည်ကို ဘုရင်ခံ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် စစ်ဆေးကြည့်ရှုရမည်။
ရှမ်းကော်မတီ ၁။ ခွန်ပန်းစိန် (တောင်ပိုင်းစစ်ဖလုံ)၊ ၂။ စ၀်ရွှေသိုက် (ညောင်ရွှေစ၀်ဖလုံ)၊ ၃။ စ၀်ဟုံဖ (မြောက်သိန္ဒီစစ်ဖလုံ)၊ ၄။ စ၀်နွံ (လဲချားစ၀်ဖလုံ)၊ ၅။ စ၀်စံထွန်း (မိုင်းပွန် စ၀်ဖလုံ)၊ ၆၊ စ၀်ထွန်းအေး (သာမိုင်း ခမ်းစပ်ဖလုံ)၊ ၇။ ဦးဖြူ (ကျိုင်းတုံ့စ၀် ဖလုံကိုယ်စားလှယ်)၊ ၈။ ခွန်ဖန်း (လူထုကိုယ်စားလှယ်)၊ ၉။ ဦးတင်အေး (လူထုကိုယ်စားလှယ်)၊ ၁၀။ ဦးကြာပု (လူထုကိုယ်စားလှယ်)၊ ၁၁။ ဦးထူးအိ (လူထုကိုယ်စားလှယ်)၊ ၁၂။ ဦးခွန်စော (လူထုကိုယ်စားလှယ်)၊ ၁၃။ စ၀်ယိဝ်ဖ (လူထုကိုယ်စားလှယ်)၊ ၁၄။ ဦးခွန်ထီး (လူထုကိုယ်စားလှယ်)
ကချင်ကော်မတီ ၁။ ဆမားဒူဝါး ဆင်ဝါးနောင် (မြစ်ကြီးနား)၊ ၂။ ဇော်ရစ် (မြစ်ကြီးနား)၊ ၃။ ဒင်ရတန်း (မြစ် ကြီးနား)၊ ၄။ ဇော်လ (ဗန်းမော်)၊ ၅။ ဇော်---- (ဗန်းမော်)၊ (၆) လဗန်းဘရောင်း (ဗန်းမော်)
ချင်းကော်မတီ ၁။ ဦးလွှာမုန်း (အေတီအမ် - အိုင်တီအက်(စ်)၊ အမ်ဘီအီး အမ်ဖလန်း)၊ ၂။ ဦးသောင်ဇာ ခုပ် (အေတီအမ်) တီးတိန်၊ ၃။ဦးတွယ်မန်း (အေတီအမ်) ဟားခါး
မြန်မာနိုင်ငံတော် အစိုးရ ဦးအောင်ဆန်း (၁၂.၂.၁၉၄၇ ခုနှစ်) ဟူ၍ ဖြစ်ပါသည်။
ကျမ်းကိုး
၁။ ၁၉၄၅-၁၉၄၈ မြန်မာ့နိုင်ငံရေး (သမိုင်းသုတေသန ဦးစီးဌာန)
၂။ ပင်လုံစာချုပ် (၁၉၄၇ ခုနှစ်) မြန်မာသစ် ရသစုံမဂ္ဂဇင်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၂
Writer:
လှမြင့် (ရန်ကုန်တက္ကသိုလ်)
===========
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment