Latest News

Friday, February 10, 2017

ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ် ဟန့်တား ဖော်ထုတ်နိုင်ခဲ့

ပြင်သစ်မှာ အကြမ်းဖက်တိုက်ခိုက်မယ့် အစီအစဉ် ဟန့်တား

ဖော်ထုတ်နိုင်ခဲ့

ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်တော့မယ့် အကြံအစည်တစ်ခုကို ဟန့်တားဖော်ထုတ်နိုင်ခဲ့ပြီး လူ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေသူ အမျိုးသား ၃ ဦးနဲ့ အသက် ၁၆ နှစ်အရွယ် မိန်ကလေးတစ်ဦးကို ဗုံးပြုလုပ်တဲ့ ပစ္စည်းများနဲ့အတူ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြင်သစ်တောင်ပိုင်းရှိ မောင့်တီပယ်လာမြို့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခဲ့သူတွေနဲ့အတူ တွေရတဲ့ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်းတွေဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေနဲ့ တူညီနေကြောင်းလည်း သိရပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေအနက် ဆယ်ကျော်သက်မိန်းကလေးမှာ ဂျီဟတ်ဝါဒီဖြစ်ကြောင်း အွန်လိုင်းမှာကြေညာထားသူလို့ ဆိုပါတယ်။ မောင့်တီပယ်လာမြို့မှာ ယနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) မနက်အစောပိုင်းက စီးနင်းခဲ့မှုအတွင်း ဖမ်းဆီးရမိခဲ့သူတွေအနက် တစ်ဦးဟာ အသေခံဗုံးခွဲမယ့်သူဖြစ်ကြောင်းလည်း သိရပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ပိုင်းမှ လက်ရှိအချိန်ထိ ပြင်သစ်နိုင်ငံမှာ ဂျီဟတ်ဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၂၃၀ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ပါရီမြို့ရှိ Louvre ပြတိုက်အတွင်း ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူ အမျိုးသားတစ်ဦးက ဓားဖြင့်တိုက်ခိုက်မှုကြောင့် ပြတိုက်လုံခြုံရေး စောင့်ကြပ်နေတဲ့ စစ်သားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပြတိုက်မှာ ဓားဖြင်တိုက်ခိုက်ခဲ့သူဟာ အဗ္ဗဒူလာ ဟမ်မာမီအမည်ရှိ အသက် ၂၉ နှစ်အရွယ် အီဂျစ်လူမျိုးဖြစ်ပြီး ၎င်းဟာလည်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

ပြင်သစ် သတင်းဝက်ဘ်ဆိုက် M6 Info က ဖော်ပြမှုအရ မောင့်တီပယ်လာမှာ ဖမ်းဆီးခဲ့သူ ၄ ဦးဟာ ပါရီမြို့ရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ နေရာတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ အကြမ်းသမားတွေရဲ့ ပစ်မှတ်နေရာကို အတိအကျ မသိရသေးဘူးလို့ ပြောထားပါတယ်။ ဖမ်းဆီးခဲ့သူ ၄ ဦးဟာ အက်ဆီတုန်းဓာတ်ငွေ့ ဝယ်ယူခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိပြီး ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အက်ဆီတုန်း (Acetone) ကို triacetone triperoxide (TATP) ခေါ် ပေါက်ကွဲအားပြင်းထန်တဲ့ ဖောက်ခွဲရေးပစ္စည်း ပြုလုပ်ရာမှာ အသုံးပြုကြောင်း သိရပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှုမှာလည်း TATP ဖောက်ခွဲရေးပစ္စည်းကို အသုံးပြုခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Source & Photo: BBC ( Duwun )

No comments:

Post a Comment