Latest News

Wednesday, February 1, 2017

ဂေါပကအဖွဲ့အသစ် မူဝါဒအသစ်များဖြင့် ကိုင်တွယ်မည့် မန်းရွှေစက်တော်ဘုရားပွဲတော် စတင်ဖွင့်လှစ်

ဂေါပကအဖွဲ့အသစ် မူဝါဒအသစ်များဖြင့် ကိုင်တွယ်မည့် မန်းရွှေစက်တော်ဘုရားပွဲတော် စတင်ဖွင့်လှစ်


မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက် ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲနေ့တွင် ယခင်နှစ်များထက် ဘုရားဖူး လာရောက်မှု လျော့နည်းခဲ့ကြောင်း ပွဲတော်တွင်းလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိသည့် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို အစဉ်အလာမပျက် ဖွင့်လှစ်ခဲ့ကြောင်း ပွဲတော်တွင်းရှိ အထူးတံတားမုခ်ဦးကို တိုင်းသံဃနာယက အဖွဲ့သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ တိုင်းဝန်ကြီးချုပ် ဒေါက်တာဦးအောင်မိုးညို၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာနှင့် မကွေးတပ်မ ၈၈ မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ၀င်းကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် မန်းချောင်းဝဲဘက်နံဘေးရှိ အောက်ခြေတော်ရာ တန်ဆောင်းအတွင်းရှိ အောက်ခြေတော်ရာကို လည်းကောင်း မန်းချောင်း ယာဘက် သစ္စာဗန္ဓတောင်တော်ပေါ်ရှိ အထက်စက်တော်ရာကို လည်းကောင်း ဆက်လက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ် မန်းရွှေစက်တော်ပွဲတော် မကျင်းပမီက တိုင်းဝန်ကြီးချုပ်ဒေါက်တာ ဦးအောင်မိုးညိုအား ဂေါပကအဖွဲ့ နာယကအဖြစ်ထား၍ ဂေါပကအဖွဲ့တစ်ဖွဲ့လုံးကို အသစ်ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် ပွဲတော်တွင်း လုပ်ငန်းများ လေလံချထားပေးမှုနှင့် လုပ်ငန်းအလိုက် စည်းကမ်းအသစ်များ သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်ပွဲတော်ချိန်တွင် ယခင်နှစ်များက ဘုရားဖူးအများအပြား ဝေဖန်ခဲ့သည့် ပွဲတော်ဝင်ကြေး ကောက်ခံမှုကို ဖျက်သိမ်းခဲ့ကြောင်း၊ ရွှေစက်တော်ဘုရားသို့ သွားရောက်သည့် ပုသိမ်မုံရွာကားလမ်းနှင့် မင်းဘူးရွှေစက်တော် လမ်းဆုံမှ လမ်းကြေးကောက်ခံသည့် ဂိတ်ကို လည်းကောင်း ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ မန်းချောင်းတံတား ဖြတ်သန်းခ ကောက်ခံရေးဂိတ်ကို လည်းကောင်း ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ရွှေစက်တော်ပွဲတော်တွင်း ဘုရားရင်ပြင်တော်များရှိ ဈေးဆိုင်ခန်းများအား ရောင်းချခွင့် ပိတ်ပင်ခြင်း၊ ပျံကျဈေးသည်များအား မူလနေရာများတွင် ဈေးရောင်းချခွင့် မပြုခြင်း နှင့်စောင်းတန်းဈေးသည်အချို့ ဈေးရောင်းချခွင့် မရခြင်းများကြောင့် ပွဲတော်တွင်းဈေးသည်များက ဝေဖန်မှုများ ရှိနေကြောင်း၊ ယခင်နှစ်များက ရွှေစက်တော်ပွဲတော် ဖွင့်ပွဲအကြို နေ့နှင့် ပွဲတော်ဖွင့်ပွဲနေ့များတွင် နိုင်ငံအနှံ့မှ ဘုရားဖူးများ အများအပြား လာရောက်ခဲ့သော်လည်း ယခုနှစ်တွင် ယခင်နှစ်များထက် လျော့ကျခဲ့ကြောင်း သိရသည်။

“လုပ်ငန်းတွေက ပျံကျဈေးသည်လေးတွေကတော့ အတော်လေး ကစဥ့်ကလျား ဖြစ်ကြတယ်လို့ သိရတယ်။ ဖွင့်ပွဲအနေနဲ့က ကျွန်တော်ရွှေစက်တော်ပွဲတော်မှာ ကိုးနှစ်ဆက်တိုက်လောက် ရှိနေပါတယ်။ ဒီနှစ်ကတော့ ဆိုးဆိုးရွားရွားကို ခြောက်တောက်တောက် ဖြစ်နေပါတယ်။ အဲဒီတော့ လူမစည်ဖူးဆိုလို့ရှိရင် ဈေးသည်တွေပဲ ပြန်ထိပြီးတော့ ဈေးသည်တွေ ရင်းနှီးထားရတဲ့ အရင်းအနှီးလေးတွေ တစ်နေ့နေ့မှာ ပြန်ရပါစေလို့ ဆုတောင်းနေရတာပေါ့”ဟု ရွှေစက်တော်ပွဲတော်တွင်းမှ ဈေးသည် ဦးဝင်းချိုက ဆိုသည်။

ယခုနှစ် ပွဲတော်ချိန်တွင် ပွဲတော်တွင်း တဲကျောင်းများကို ရေစပ်တစ်ခန်းလျှင် တစ်နေ့ကျပ် ၃၀၀၀၀ ကုန်းတွင်းတဲကျောင်း တစ်ခန်းလျှင် ကျပ် ၂၀၀၀၀ ထက် လုံးဝဈေးပိုမတောင်းရန် သတ်မှတ်ထားကြောင်း ယင်းဈေးနှုန်းများထက် ပိုမိုတောင်းခံပါက လုပ်ငန်းလုပ်ကိုင်ခွင့်ကို ချက်ချင်းပိတ်ပင်မည် ဖြစ်ကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။

ရွှေစက်တော်ပွဲတော်သို့ နိုင်ငံအနှံ့မှ ဘုရားဖူးများသာမက နိုင်ငံခြားသားအချို့လည်း လာရောက် လည်ပတ်လေ့ရှိကြောင်း၊ တပေါင်းလပြည့်နေ့၊ အစိုးရရုံးပိတ်ရက်များ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီးစ ရက်များနှင့် သင်္ကြန်ကာလများတွင် ဘုရားဖူးများ အစည်ကားဆုံး လာရောက်လေ့ရှိကြောင်း၊ ပွဲတော်အတွင်း တဲကျောင်းပေါင်း ၁၀၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၅၀၀ ခန့် ဆောက်လုပ်ရလေ့ရှိပြီး နှစ်စဉ် ထိုအဆောက်အအုံများအတွက် သစ်ဝါးခုတ်ယူနေရမှုကို ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် လေ့လာသူများက ဝေဖန်မှုများရှိနေကြောင်း သတင်းရရှိသည်။

Writer:
အောင်သူငြိမ်း



Eleven Media Group

No comments:

Post a Comment