Latest News

Thursday, February 23, 2017

ကွန်တိန်နာ ပုံး အတွင်းမှ ကိုကင်း များ တွေ့ရှိမှု အမေရိကန်၊ သြစတြေးလျ တပ်ဖွဲ့များနှင့် ပူးပေါင်းဖော်ထုတ်မည်

ကွန်တိန်နာ ပုံး အတွင်းမှ ကိုကင်း များ တွေ့ရှိမှု အမေရိကန်၊ သြစတြေးလျ တပ်ဖွဲ့များနှင့် ပူးပေါင်းဖော်ထုတ်မည်

   
ကွန်တိန်နာမြန်မာ့စက်မှု ဆိပ်ကမ်း (MIP) ဝင်းမှ ထုတ်ယူသွားသည့် ပေ ၂၀ ရှိ ကွန်တိန်နာ ပုံး အတွင်းမှ အလေးချိန် ကီလိုဂရမ် ၂၅၀ ရှိသော မူးယစ်ဆေးဝါး ကိုကင်း များ တွေ့ရှိမှုနှင့် ပတ်သက်၍ တရားခံများကို ဖော်ထုတ်အရေးယူနိုင်ရန် အမေရိကန်၊ သြစတြေးလျ နိုင်ငံများရှိ မူးယစ်တပ်ဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“လက်ရှိ ဘယ်သူတွေကို အရေးယူထားတယ်၊ ဘယ်သူတွေက မသင်္ကာလို့ လိုက်လံစုံစမ်းနေတယ် ဆိုတာ ပြောလို့ မရသေးဘူး၊ ကွန်တိန်နာပုံးက ကုဒ်နံပါတ်ကို စစ်ဆေးပြီး ဒီပုံးကို ဘယ်ကုမ္ပဏီ ဘယ်နိုင်ငံကနေ ပို့လိုက်တယ် နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေတယ် ဆိုတာကို ကွင်းဆက်မပြတ်အောင် လိုက်လံစုံစမ်းနေလို့ပါ” ဟု မူးယစ် တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ဆိုသည်။

အဆိုပါ ကွန်တိန်နာ ပုံးမှာ စင်ကာပူနိုင်ငံမှ ရန်ကုန်ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး MIP ဆိပ်ကမ်းမှ တာဝန်ရှိသူများက ထိန်းသိမ်းကာ အကောက်ခွန်ဌာနမှ တာဝန်ရှိသူများက မြေပြင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း MIP ဆိပ်ကမ်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သင်္ဘောပေါ်ကချတဲ့ ကွန်တိန်နာ ပုံးတွေကို ဆိပ်ကမ်းက ထိန်းသိမ်းရတယ်၊ ကွန်တိန်နာပုံးထဲက ကုန်ပစ္စည်း မှန်မမှန် စစ်မယ်၊ စာရွက်စာတမ်း စုံမစုံ စစ်ဆေးမယ်၊ X-Ray အပါအဝင် အခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးရင် ကုန်သေတ္တာပိုင်ရှင်ကို ထုတ်ပေးရမယ့် တာဝန်က အကောက်ခွန်ဘက်ကပါ၊ မသင်္ကာရင် ကုန်သေတ္တာကို ဖောက်စစ်ဆေးခွင့်က အကောက်ခွန်မှာပဲ ရှိတယ်လေ၊ အခု ကိုကင်းတွေ ဖမ်းမိတဲ့ ကွန်တိန်နာပုံးက အပြင်ရောက်မှ ဖမ်းမိခဲ့တာ” ဟု ၎င်းက ဆိုသည်။

READ  ဆွေးနွေးပွဲကို အစိုးရဖက်က တဖက်သတ် ရပ်ဆိုင်းတာဖြစ်တယ် – ဒေါက်တာသိန်းလွင်
ယင်းကွန်တိန်နာပုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေး ပြုလုပ်နေသော မြောက်ပိုင်းခရိုင် အတွင်းရှိ ကုမ္ပဏီတစ်ခုက လာရောက်ထုတ်ယူခဲ့ပြီး ကွန်တိန်နာပုံး ဖွင့်စဉ် အထဲမှ ကိုကင်းများကို တွေ့ရှိခဲ့သောကြောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“ကိုကင်းတွေ ပါလာတဲ့ ကွန်တိန်နာပုံးကို မူးယစ်ပြတိုက်ထဲမှာ ထားပြီး လက်ရှိ စစ်ဆေးနေပါတယ်၊ ဒီအမှုကို မူးယစ်တပ်ဖွဲ့စု (၄၀) နဲ့ တပ်ဖွဲ့စုမှူးတို့ ကိုင်တွယ်စစ်ဆေးနေတယ်၊ လိပ်စာမှားပြီး ရောက်လာတာ မဖြစ်နိုင်ဘူး၊ သတင်းတစ်ခုမှာ ဖော်ပြထားတဲ့ တန် ၄၀ ကျော်ဆိုတာ မှားနေပါတယ်၊ တကယ်ဖမ်းမိတာ ကီလို ၂၅၀ ထဲပါ” ဟု မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောကြားသည်။

ကိုကင်းမှာ ကိုလံဘီယာနှင့် ဗင်နီဇွဲလား နိုင်ငံတို့မှ ထွက်ရှိတတ်ပြီး မြန်မာနိုင်ငံတွင် အသုံးပြုမှုနည်းသော မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်ကာ တရုတ်နိုင်ငံတွင် အသုံးပြုမှု များကြောင်း၊ ယင်းမူးယစ်ဆေးဝါးမှာ တန်ကြေးမြင့်မားပြီး တစ်ကီလိုလျှင် သိန်းထောင်ချီ ပေးရကြောင်း မူးယစ်တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ပသင်္ဘောဖြင့် MIP ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကိုကင်းများ သယ်ဆောင်လာသည့် ကွန်တိန်နာပုံး ဖမ်းဆီးမှု မတိုင်ခင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့လယ်တွင် ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်ပြီး ပြည်ပသို့ ပို့ဆောင်မည့် အလေးချိန် ၁၁ တန်ကျော်ရှိသော ICE မူးယစ်ဆေးများကို မူးယစ်ဂိုဏ်းအဖွဲ့ဝင်များ ဖြစ်သည့် နိုင်ငံခြားသား ငါးဦးနှင့်အတူ ဖမ်းမိခဲ့သည်။
VIAVOICE ADMIN

READ  ပြည်ပသို့တင်ပို့မည့် ကွန်တိန်နာနှစ်လုံးအတွင်းမှ တရားမ၀င် ကျွန်းခွဲသားများ ထည့်သွင်းထားကြောင်း MIP ဆိပ်ကမ်းအတွင်း စစ်ဆေးတွေ့ရှိ
Credit: The Voice Myanmar

No comments:

Post a Comment