Latest News

Thursday, February 16, 2017

ဒုက္ခကို အနိုင်ယူလိုက်ပါ

ဒုက္ခကို အနိုင်ယူလိုက်ပါ

ဒုက္ခနဲ့မကြုံဘူးတဲ့သူ မရှိပါဘူး။ လူတိုင်း၊ သတ္တ၀ါတိုင်းလည်း ဒုက္ခဆိုတာကို ကြုံကြရတာပါပဲ။

ဒါပေမဲ့ ကြုံလာတဲ့ ဒီဒုက္ခကို ခံနိုင်ရည် ရှိတဲ့သူနဲ့၊ ဒုက္ခကို ခံနိုင်ရည် မရှိတဲ့သူ၊ ဒုက္ခထဲမှာ နစ်မြှုပ်သွားတဲ့သူနဲ့ ဒုက္ခထဲကနေ လွတ်အောင်ရုန်းလာနိုင်သူ  ဆိုပြီးတော့ကွာခြားတတ်ကြပါတယ်။

ကျွန်မသည်လည်း ဒုက္ခဆိုတာနဲ့ မကြာခဏကြုံတွေ့ရတဲ့သူထဲမှာ ပါဝင်ပါတယ်။ ဘ၀ဟာ ခက်ခဲပင်ပန်းလိုက်တာ သေသွားတာကမှ ကောင်းပါဦးမယ်။ ငါ့မှာ ဒုက္ခရောက်လိုက်တာလို့ ပါးစပ်ကနေ ထုတ်ပြီး ညည်းညူမိတဲ့အထိ ကြုံခဲ့ရပါတယ်။

မကြာခဏ ဒုက္ခရောက်လို့ စိတ်ဓါတ်ကျတယ်။ ဘာမှ မလုပ်ချင်တော့ဘူး။ ဒုက္ခကြောင့်ပိုပြီး ဒုက္ခရောက်တယ်လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့လွယ်လွယ်နဲ့ အရှုံးမပေးချင်တဲ့ စိတ်ကြောင့်လား မသိဘူး။

ကျွန်မကို နှိပ်စက်တဲ့ဒုက္ခကို အရှုံးမပေးချင်ဘူး။ သူ့ကို အနိုင်ယူနိုင်ဖို့ ကျွန်မ
 ကြိုးစားကြည့်တယ်။ ကျွန်မကို ဘယ်လိုအရာတွေက ဒုက္ခဖြစ်စေတာလဲ ဆိုတာကို ဆန်းစစ်မိတယ်။

ကျွန်မအနေနဲ့   အခက်အခဲတစ်ခုတွေ့ပြီဆိုရင် အဲဒါဟာ ဒုက္ခရောက်လာဖို့ ကနဦး အစ ဖြစ်လာတယ်။ ဒါကြောင့်အခက်အခဲတွေ့ရင် အဲဒါကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းလိုက်တဲ့အခါ ဒုက္ခဟာ လျော့သွားပါတယ်။

တကယ်တော့ကိုယ်က နည်းလမ်းမှန်ကန်စွာနဲ့ ဖြေရှင်းလိုက်လို့ ပြေလည်သွားရင် ဒုက္ခက ကိုယ့်ဆီ ရောက်မလာတော့ဘူး။ အဲလိုမှ မဟုတ်ဘူး အခက်ခဲကို ဖြေရှင်းတဲ့အခါ နည်းလမ်းမှားပဲဖြစ်ဖြစ် မရိုးဖြောင့်သော နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းမိတဲ့အခါ အခက်အခဲဟာ ပိုကြီးမားလာပြီး ဒုက္ခအဖြစ် ကိုယ့်ဆီကို ရောက်လာတော့တာပါပဲ။

ဒုက္ခအဆင့်ထိ မရောက်ခင် တွေ့ရတဲ့ အခက်အခဲတွေကို မှန်ကန်သော နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းနိုင်ဖို့က အရေးကြီးပါလားလို့ နားလည်လိုက်မိတပါတယ်။ ဒါ့အပြင် ကြောက်တဲ့စိတ်ကို ထိန်းပြီး ဖြစ်လာတဲ့အခြေအနေကို လက်ခံပြီး ရှင်သန်နေထိုင်ခြင်းကလည်း ဒုက္ခကို အံတုခြင်းတစ်မျိုးပဲ လို့မြင်လာမိတယ်။

 အဲလိုဖြစ်လာတာနဲ့ လာစမ်း ဒုက္ခရယ်၊ မင်းကို သုံးပြီး ကိုယ့်အတွက် အကျိုးရှိအောင်တောင် လုပ်လိုက်ဦးမယ်လို့ စိန်ခေါ်ပါတယ်။ ဒုက္ခကို ဘ၀အတွက် ပြန်သုံးဖို့ကျိုးစားလိုက်တော့…ဒုက္ခဆိုတာ အဆိုးချည်းမဟုတ်တော့ဘူး၊ ကိုယ့်ကို အရည်အသွေးတက်အောင် လုပ်နိုင်တဲ့ အခွင့်အလန်းတစ်ခုလည်း ဖြစ်လာနိုင်ပါသေးတယ်။

တကယ်လို့များ ကိုယ်က အခက်အခဲတစ်ခုကို ဖြေရှင်းလိုက်လို့ပိုဆိုးသွားခဲ့ရင် မှားသွားခဲ့ရင်လည်း သိပ်တော့ ကြောက်စရာ မလိုပါဘူး။  မကြောက်ပါနဲ့၊ စိတ်ဓါတ်မကျပါနဲ့။ ဒုက္ခရဲ့သဘောတရားက စိတ်ကို တိုက်ခိုက်တာပါ။

ဒါကြောင့်ကိုယ်က စိတ်ဓါတ်ကျလေ သူက အနိုင်ရလေပါပဲ။အဲဒါကြောင့်ဒုက္ခကိုနိုင်ဖို့စိတ်အင်အားကောင်းနေဖို့လိုပါတယ်။ စိတ်ခိုင်မာစွာနဲ့ဒုက္ခကို တင်းခံပြီး ကိုယ်လုပ်သင့်တာတွေကို ဆက်လုပ်နေပါ။ ဒါဆိုရင် ဒုက္ခဆိုတာ အဝေးကို ထွက်သွားဦးမှာပါပဲ။

ဒါပေမဲ့သူက  ကိုယ်နဲ့အဝေးကြီးကိုတော့ ရောက်မသွားသေးပါဘူး၊ ကိုယ့်ကို လှည့်လှည့်ကြည့်တယ်။ အဲ…ကိုယ့်အနေနဲ့ စိတ်ဓါတ်အင်အားနည်းလာတဲ့အချိန်မှာပဲဖြစ်ြစဖ်၊ ကုသိုလ်ကံ နိမ့်ပါးနေတဲ့ အချိန်ပဲ ဖြစ်ဖြစ် သူက  ဖြုန်းခနဲ ကပ်လာပြီး တိုက်ခိုက်တတ်ပါတယ်။

အဲလို တိုက်ခိုက်ပြီးဆိုရင် ကိုယ်က သူ့ကို နိုင်မဲ့နည်းလမ်းတွေကို အရင်တုန်းကထက် ပိုပြီး သုံးလာရတယ်။ ပိုသုံးလာတာနဲ့အမျှ ကိုယ့်ကလည်း ခိုင်မာတဲ့စိတ်ဓါတ်၊ ပိုလာတဲ့ အတွေ့အကြုံတွေနဲ့ပြန်ခုခံကြရတာပါ။

ကျွန်မကတော့ အခက်အခဲတွေ့လေ၊ ဒုက္ခနဲ့ရင်ဆိုင်ရလေ ကိုယ့်ကိုယ်ကို အောင်မြင်လေလို့ပဲ မှတ်ယူပါတယ်။ ဘာကြောင့်လဲ ဆိုတော့ကိုယ်က အခက်အခဲတွေ့ချိန်မှာ ပိုပြီး ကြိုးစားအားထုတ်တယ်။ တစ်ဖက်ကလည်း ပိုပြီး ဘာသာရေးကို အာရုံစိုက်ပါတယ်။ သီလကိုလည်း လုံအောင် ထိန်းတယ်။ဒါန ကုသိုလ်ပိုင်းမှာပဲပိုမြင့်လာတယ်။

နောက်ဆုံး သူ ကိုယ့်နားကို မကပ်နို်င်တော့တဲ့ အခြေအနေထိရောက်အောင် အပြုတ်တိုက်ချင်တယ်ဆိုရင်တော့ အဲဒီမှာပဲ ဘာဝနာအလုပ်ကို လုပ်ပါ။

 တစ်ဆက်တည်း ဒုက္ခကို စိန်ခေါ်ပါ။ လာစမ်းပါ။ မင်း ဘယ်လိုပဲ တိုက်တိုက် ကိုယ့်မှာ ဒါန၊သီလ၊ ဘာဝနာ ရှိနေတယ်။ ကျွန်မက ၀ိပဿနာ အလုပ်မလုပ်ခင်မှာ သမထကနေ စတင်ခဲ့တာပါ။ နေ့စဉ် သမထအလုပ်လုပ်ပါတယ်။ စိတ်ညစ်တိုင်း ဘုရားရှစ်ခိုး၊ ပုတီးစိတ်တာပါပဲ။

အဲလိုနဲ့တဖြည်းဖြည်း စိတ်ကြည်လင်လာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေလည်း တိုးပွားလာတယ်။ အဲဒီကနေတဆင့် ၀ိပဿနာကို အားထုတ်ပါတယ်။
ဝိပဿနာကို အားထုတ်ရင်းနဲ့ပဲ အသိအမြင် မှန်လာတယ်။ ဒေါသ၊ လောဘ၊ မောဟ ကို ထိမ်းနိုင်လာတယ်။

အဲဒီမှာ ဒုက္ခက ကျွန်မတို့ကို လှမ်းလှမ်းကြည့်တယ်။ ဒါပေမဲ့သူက သွေးတိုးစမ်းပြီး အခက်အခဲဆိုတဲ့ အဆင့်မှာတင် သူက ကိုယ့်ကို လှမ်းငေးရုံအပြင်ရှေ့မတက်နိုင်တော့ဘူး။
ကျွန်မကတော့ဒုက္ခကို မကြာခဏ စိန်ခေါ်တတ်တယ်။
သူ့ကို အမြဲ စိန်ခေါ်ဖို့လည်း ကြိုးစားနေတာကိုး။

အဲဒါကြောင့်ဒုက္ခကို စိန်ခေါ်ပြီး အနိုင်ယူပါလို့တိုက်တွန်းပါရစေ။

မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment