Latest News

Thursday, February 16, 2017

နေတိုးက ကာကွယ်ရေး အသုံးစရိတ်များ မတိုးမြှင့်လျှင် ထောက်ပံ့မှု လျှော့ချမည်ဟု အမေရိကန် သတိပေး

နေတိုးက ကာကွယ်ရေး အသုံးစရိတ်များ မတိုးမြှင့်လျှင် ထောက်ပံ့မှု လျှော့ချမည်ဟု အမေရိကန် သတိပေး



အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းင်းတို့ ၏ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့် ရန် ကတိက၀တ်များအား မပြည့်မီပါက အ မေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရသည် ထောက်ပံ့မှုများအား လျှော့ချသွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျိမ်းစ်မား တစ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တဲ့တိုး သတိပေးခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းထက်မနည်း သုံးစွဲ သင့်ကြောင်း ၀ါရှင်တန်က နှစ်နှင့်ချီ တိုက် တွန်းလာခဲ့ပြီးနောက် မားတစ်က ယင်းကဲ့သို့ ရှင်းရှင်းလင်းလင်း သတင်းစကား ပေးလိုက်ခြင်းဖြစ်သည်။

အရှေ့ဥရောပတွင် ရုရှား၏ခြိမ်းခြောက်မှုကို စိုးရိမ်နေရပြီးဖြစ်သော နေတိုးအဖွဲ့ဝင် နိုင်ငံများအား အမေရိကန်၏ ကူညီမှုသည် ၎င်းတို့က ကာကွယ်ရေးအတွက် မည်မျှသုံးစွဲ ခဲ့မှုအပေါ် မူတည်နေကြောင်း ထရန့်က ပြောကြားခဲ့ပြီးနောက်ပိုင်း ယင်းကဲ့သို့ ဖိအား ထပ်မံ ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် နေတိုးအကြီးအကဲ ယန်းစတော့တင်ဘာ့ဂ်က မားတစ်၏စကားများသည် ခြိမ်းခြောက်မှု မမြောက်ကြောင်း ငြင်းဆိုခဲ့ပြီး ၀န်ထုတ်ဝန်ပိုးအား မျှတစွာ ဆက်ခံမှု ၏အရေးပါမှုကို ဖော်ပြသည့် ပြတ်သားသော သတင်းစကားတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။ နေတိုး မဟာမိတ်နိုင်ငံများသည် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ထည့်ဝင်ရန် သဘောတူခဲ့ကြောင်းလည်း စတော့တင်ဘာ့ဂ်က ပြောကြားခဲ့သည်။ လတ်တလောတွင် အမေရိကန်၊ ဗြိတိန်၊ အက်စ်တိုးနီးယား၊ ဂရိနှင့် ပိုလန်တို့သည်သာ ဂျီဒီပီ၏နှစ်ရာခိုင်န့န်းထက်မနည်း သုံးစွဲရမည်ဟူသော သတ်မှတ်ချက်ကို ပြည့်မီ သို့မဟုတ် ကျော်လွန်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားအား ရုရှားက သိမ်းယူခဲ့ပြီးနောက် နေတိုးအဖွဲ့သည် စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး အင်အားတိုးချဲ့မှုအဖြစ် ဥရောပအရှေ့ ပိုင်းတစ်လွှားတွင် အင်အားခိုင်မာအောင် လုပ်ဆောင်နေကြစဉ် ယင်းကဲ့သို့ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ထည့်ဝင်ကြရန် အမေရိကန်က သတိပေးခဲ့ခြင်းဖြစ်သည်။

နေတိုး အဖွဲ့ဝင်နိုင်ငံများ၏ ၂၀၁၅ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်စုစုပေါင်းသည် ဒေါ်လာ ၈၉၂ ဘီလျံ (ယူရို ၈၄၂ ဘီလျံ) ရှိခဲ့ပြီး အမေရိကန်၏ ကာကွယ်ရေး အသုံးစ ရိတ်သည် ဒေါ်လာ ၆၄၁ ဘီလျံရှိခဲ့သည်။ ရုရှား၏ ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၆၆ ဘီလျံအထိ တိုးတက်လာခဲ့ကြောင်း စတော့ဟုမ်းရှိ SIPRI အင်စတီကျူ့က ထုတ်ပြန်ခဲ့သည်။

ရုရှားသံအမတ်ကြီးနှင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအကြောင်းကို ရာထူး မထမ်းဆောင်မီ ဆွေးနွေးခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ထရန့်အစိုးရ၏ လုံခြုံရေးအကြံပေး မိုက်ကယ်ဖလင်း ရာထူးမှနုတ်ထွက်ခဲ့ရသည့် ကိစ္စသည် နေတိုးမဟာမိတ်အဖွဲ့အတွက် စိုးရိမ်စရာ တစ်ခုမဟုတ်ကြောင်း မားတစ်နှင့် စတော့တင်ဘာ့ဂ်က အခိုင်အမာပြောကြားခဲ့ သည်။ သို့သော် ထရန့်၏မဲဆွယ်အဖွဲ့မှတာ ၀န်ရှိသူအချို့နှင့် မော်စကိုတို့အကြား ဖြစ်နိုင်ခြေရှိသော ဆက်ဆံရေးများကြောင့် နေတိုးအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်နေကြသည်။

အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား အစိုးရလက်ထက်တွင် နေတိုးသည် ပိုလန်နှင့် ဘော်လ်တစ်နိုင်ငံသုံးနိုင်ငံတို့သို့  နိုင်ငံစုံ တပ်ရင်းလေးရင်း စေလွှတ်သွားရန် သဘောတူထားသည်။ ထို့ပြင် အီရတ်နှင့် ဆီးရီးယားကဲ့သို့ ပဋိပက္ခကြုံတွေ့နေရသည့် နိုင်ငံများမှ ထောက်လှမ်းရေး အချက်အလက်များအတွက် ချိတ်ဆက်လုပ်ဆောင်ရန် အီတလီနိုင်ငံ နေပယ်မြို့တွင် ၀န်ထမ်း ၁၀၀ ရှိမည့် နေတိုး ပူးတွဲ ကွပ်ကဲတပ်ကို မကြာမီ ထူထောင်သွားမည်ဖြစ်ကြောင်း စတော့တင်ဘာ့ဂ်က ပြောကြားခဲ့သည်။


Ref: AFP



Eleven Media Group

No comments:

Post a Comment