Latest News

Thursday, February 2, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် အတွင်း ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူ များအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ထောက်ပံ့ငွေပေး အပ်လှူဒါန်းပွဲ တက်ရောက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် အတွင်း ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူ များအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ထောက်ပံ့ငွေပေး အပ်လှူဒါန်းပွဲ တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေးစခန်း များတွင် ခေတ္တပြောင်းရွှေ့ နေထိုင်သူများ အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လှူဒါန်းသည်။

ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က   မိမိတို့ ယခုလို ထောက်ပံ့ငွေပေးခြင်းမှာ နယ်မြေလုံခြုံရေး အခြေအနေအရ ကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင်သူများအတွက် ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊  ကယ်ဆယ်ရေး စခန်းများတွင် ကျန်းမာရေးကို ဦးစားပေးစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေး သည် အာဟာရပြည့်ဝရေးနှင့်လည်း ဆက်နွယ်နေသည့်အတွက် နိစ္စဓူဝစားသောက်ရေးကိုလည်း အဓိကထားရမည် ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကလေးသူငယ်များလည်း ရှိသည့်အတွက်  ကလေးသူငယ်များ ပညာရေးကို ဆက်လက် သင်ယူနိုင်အောင် ကူညီရမည်ဖြစ် ပါကြောင်း။

ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ်အတွင်း အကျိုးတစ်ခုခုရစေချင် ပါကြောင်း၊ ပညာတစ်ခုခု ရသွားစေချင်ပါကြောင်း၊ ကလေးများသာမက လူကြီးများအတွက်လည်း အသက်မွေးဝမ်းကျောင်း ပညာများကို တတ်နိုင်သမျှ ပံ့ပိုးပေးစေချင် ပါကြောင်း။

ယခုလိုစခန်းမျိုးတွင် နေထိုင်သည်မှာ မည်သို့မျှ မကောင်းဘဲ မည်သူမျှ  ရေရှည်မနေချင် ပါကြောင်း၊ ထို့ကြောင့်  အမြန်ဆုံး ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်အောင် လုပ်ပေးစေချင်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဌာနက ကယ်ဆယ်ရေးစခန်းရှိ  ပြည်သူများအတွက် အကောင်းဆုံးဖြစ်အောင် မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို လွတ်လွတ် လပ်လပ် စဉ်းစားပြီး ဆုံးဖြတ်ရန်ဖြစ်ပါကြောင်း။

အမျိုးသမီးများအား  အိမ်တွင်နေထိုင်ပြီး လုပ်ကိုင်နိုင်သည့် အသက်မွေး ၀မ်းကျောင်း ပညာများ သင်ပေးစေချင်ပါကြောင်း၊ သို့မှသာ  နောင်ပြန်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ပြန်သွားလျှင် အရင်စခန်း၌ နေထိုင်ခဲ့ရသည်မှာ အကျိုးမဲ့မဟုတ်ဘဲ မိမိတို့ ပညာ တစ်ခု တတ်လာပြီ၊  ယင်းပညာနှင့် မိမိတို့ ဘ၀ ပိုပြီး ဖူလုံနိုင်အောင် လုပ်နိုင်သည့် အခွင့်အရေးများရပြီဆိုသည့် စိတ်ဓာတ် ဖြစ်စေချင်ပါကြောင်း၊ ဘယ်လိုအခြေအနေမျိုးမှာ ရောက်နေ ရောက်နေ ပိုမိုတိုးတက် နိုင်ရန်အတွက် နည်းလမ်းရှာပြီး ကူညီရမည်ဖြစ်ပါကြောင်း။

နယ်မြေတည်ငြိမ်သွားပြီ၊ လုံခြုံသွားပြီဆိုလျှင် မိမိတို့ ပြည်သူများက နောင် ယခုလိုစခန်း များတွင်နေရန် မလိုတော့ဘူးဟု မျှော်လင့်ပါကြောင်း၊  ထိုအတွက်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို  ဦးတည်ဆောင်ရွက်နေခြင်းဖြစ် ပါကြောင်း၊ မိမိတို့နိုင်ငံ ငြိမ်းချမ်းမှ ယခုလိုစခန်းများလည်း ပပျောက် သွားမည်ဖြစ်ပါကြောင်း၊ မပပျောက်မချင်း ယခုလိုစခန်းများတွင် နေနေရသည့် ပြည်သူပြည်သားများ၏ အကျိုးကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လှူဒါန်းငွေများကို အသုံးပြုသည့်အခါ  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစိတ်ဓာတ်များ ပွားများ အောင်လည်း လုပ်ပေးစေချင်ပါကြောင်း။
ကယ်ဆယ်ရေးစခန်းများတွင်  တိုင်းရင်းသားလူမျိုးစု အမျိုးမျိုး ရှိနေပါကြောင်း၊  မိမိတို့အား လုံး ပြည်ထောင်စု သားများဖြစ် သည့်အတွက် ယခုလို ဒုက္ခခံရရင်လည်း အတူတူခံမည်၊  အကျိုး အမြတ်ရှိလျှင်လည်း မျှဝေပြီး ခံစားမည် ဆိုသည့် စိတ်ဓာတ်များ  ဖြစ်စေချင်ပါ ကြောင်း။

လူများစုဖြစ်သည့်ဗမာများကသာ  အခွင့်အရေးရနေသည်ဆိုသည့် စိတ်ဓာတ်  မိမိတို့ တိုင်းရင်းသားများ နှလုံးသားထဲတွင်  ရှိသွားပြီဆိုလျှင် ပြည်ထောင်စု စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက် အောင်လုပ်ရန် လွယ်ကူမည်မဟုတ်ပါကြောင်း၊ မိမိတို့ အားလုံးမျှ ဝေပြီး ဤပြည်ထောင်စုကြီးတွင် အေးအတူ ပူအမျှ  နေထိုင်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံရေးအခြေအနေအရ ကယ်ဆယ်ရေး စခန်းများတွင် ခေတ္တပြောင်း ရွှေ့နေထိုင်သူများအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ထောက်ပံ့ငွေကျပ်သိန်း ၃၀၀၀ ကို နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်လှူဒါန်း ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံပြီး ဂုဏ်ပြု မှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင် စကား ပြောကြားသည်။

ယနေ့လှူဒါန်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေ၊ ဒုတိယ၀န်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)


No comments:

Post a Comment